ပေါက်တော တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တံဆိပ် မဲပြားတွင် ပါမလာ

ပေါက်တော တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တံဆိပ် မဲပြားတွင် ပါမလာ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ရွေးကောက်ပွဲ တံဆိပ်မှာ မဲပြားပေါ်တွင် ပါမလာဘဲ တံဆိပ်အစား သူ၏ ဓာတ်ပုံသာ ပါလာသည်ဟု သိရသည်။

ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် နေရာမှ တသီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးစောထွန်းစိန်က “ကျွန်တော် အမှတ်တံဆိပ်က လင်းယုန်ငှက် ဖြစ်ပါတယ်။ အခု လင်းယုန်ငှက် နေရာမှာ ကျွန်တော် ဓာတ်ပုံသာ ပါလာတာကို တွေ့ရပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။

ယခုကဲ့သို့ သူ၏ တံဆိပ် ပါမလာသဖြင့် မဲထည့်ရာတွင် သူ့အတွက် ထိခိုက်နိုင်ကြောင်း ဦးစောထွန်းစိန်က ပြောဆိုသည်။

“မဲဆန္ဒရှင်တွေကို လင်းယုန်ငှက်ကို မဲထည့်ဖို့ သေသေချာချာ သင်ပြပြောဆိုထားပြီး ဖြစ်တဲ့အတွက် အခု လင်းယုန်ငှက် နေရာမှာ ကျွန်တော်ဓာတ်ပုံ ပါလာတဲ့အတွက် မဲဆန္ဒရှင် ပြည်သူတွေ ဇဝေဇဝါ ဖြစ်သွားနိုင်တယ်။ ဒီအတွက် ကျွန်တော်အတွက် ထိခိုက်နိုင်ပါတယ်”ဟု ပြောသည်။

ယခုကဲ့သို့ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အရာရှိ ဦးသူရိန်ထွဋ်က “ရခိုင်ပြည်နယ်က သွားလာရေးခက်ခဲတဲ့အတွက် မဲပြားတွေကို အရင်ဆုံး ရိုက်နှိပ်ပါတယ်။ သူ့ဆီက တံဆိပ်ကို ပို့တဲ့ အချိန်မှာ ဒီမှာက မဲပြားတွေကို ရိုက်ဖို့ Press ကို အပ်ထားပြီးပြီ။ ဒါကြောင့် ပြန်မပြင်နိုင်ဘဲ သူရဲ့ ဓာတ်ပုံနဲ့ ပါသွားတာ ဖြစ်ပါတယ်။ တံဆိပ်အစား ဓာတ်ပုံပါသွားပေမယ့် တရားဝင် ထုတ်ထားတဲ့ မဲပြားတွေ ဖြစ်တဲ့အတွက် အသုံးပြုလို့ ရသလို တစ်စုံတစ်ရာ ပြဿနာ မရှိပါဘူး”ဟု ပြောသည်။

ယခုကဲ့သို့ လုပ်ရပ်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း၊ သို့အတွက် ကန့်ကွက်ရန်ထက် ရွေးကောက်ပွဲကော်မရှင်ကိုသာအပြစ်ပြောကြားလိုကြောင်း၊ ကန့်ကွက်ရန်မှာလည်း အချိန်လည်း မရှိတော့သလို ထူးခြားမှုလည်း ရှိမည် မဟုတ်သဖြင့် မကန့်ကွက်တော့ပါကြောင်း ပြောကြားသည်။

ဦးစောထွန်းစိန်သည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပေါက်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...