မွေးမြူရေးနှင့် ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးတို့၏ ဆွေးနွေးညှိုနှိုင်းချက်အရ JAFA Comfeed Myanmar Pte Ltd မှ ကုမ္ပဏီ ပညာရှင်များ လာရောက် လေ့လာခဲ့ကြောင်း သိရသည်။
“ဒေသနွားတွေကိုဝယ်ယူပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို တင်သွင်းမယ်။ အင်ဒိုနီးရှားနိုင်ငံမှာ စားသုံးသူကို ဖြန့်ပြီး အောင်မြင်မယ်ဆိုရင် ဒေသနွားတွေကို အသားတိုးမျိုးကောင်းမျိုးသန့်နဲ့ မျိုးမြှင့်တင်ရေးလုပ်ငန်းကို လုပ်ဆောင်သွားမယ်” ဟု ကုမ္ပဏီက ပြောဆိုဆွေးနွေးသွားကြောင်း ကျောက်ဖြူခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါက်တာ ဟာထန်းဘွေက ပြောသည်။
၎င်းလေ့လာစူးစမ်းမှုအား နိုင်ဝင်ဘာလ(၂)ရက်နေ့မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး အားတင်ပြ၍ ညွန်ကြားချက်အပေါ်မူတည်ပြီး ဆက်လက် အကောင်အထည်ဖော် သွားမည်ဟု ဒေါက်တာ ဟာထန်းဘွေက ပြောသည်။
မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရဲ့ အကူအညီကို ရယူပြီး လုပ်ငန်းအကောင်အထည်ဖော်သွားမည်ဟု သိရသည်။
“ကျနော်တို့ဘက်က လုပ်ပေးရမှာက နွားအကောင် ဘယ်လောက်ရှိသလဲဆိုတဲ့ စာရင်းကို ကူညီ လိုက်တယ်။ တောင်သူတွေဘက်က လိုချင်တဲ့အနေအထားက ဘာလဲဆိုတာကို တိုက်ရိုက်ချိတ်ဆက် ပြီးပြီး ဆွေနွေးခိုင်းတယ်။ နွားများကို ကျန်းမာရေး စစ်ဆေးပေးရမယ်။ ရမ်းဗြဲမြို့နယ်မှာလည်း ဒီလိုကူညီပေးလိုက်တယ်” ဟု ဒေါက်တာ ဟာထန်းဘွေ ကပြောသည်။
နွားခြံကို ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအနီးတွင် မြေငှားရမ်း၍ နွားခြံဆောက်လုပ်သွား မည်ဖြစ်ပြီး နွားတင်ပို့ရန် ဓညဝတီရေတပ်စခန်းဌာနချုပ်ရဲ့ ဆိပ်ကမ်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
JAFA Comfeed Myanmar Pte Ltd မှ အင်ဒိုနီးရှားနိုင်ငံသို့ နွားတင်ပို့ရန် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း တို့မှ နွားများကိုဝယ်ယူရန် လေ့လာစူးစမ်းမှုပြုလုပ်နေကြောင်း သိရသည်။







