ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားတစ်ဦး နယ်စပ်တွင် မိုင်းထိ၍ စစ်တွေဆေးရုံတွင် ကုသနေရ

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားတစ်ဦး နယ်စပ်တွင် မိုင်းထိ၍ စစ်တွေဆေးရုံတွင် ကုသနေရ
by -
နိရဥ္စရာ
ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ရဲဘော်တစ်ဦးသည်  ဘင်္ဂလာ-မြန်မာ နယ်စပ်အမှတ် ၂ မိုင်တိုင် အနီးတွင် အောက်တိုဘာ ၂၆ ရက်နေ့က မိုင်းနင်းမိပြီး ခြေထောက် နှစ်ဘက်လုံးတွင် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဒဏ်ရာရသူ ရဲဘော် ခိုင်ပိုင်သိန်းကို နယ်စပ်မှတစ်ဆင့် စစ်တွေမြို့ ဆေးရုံသို့ယူဆောင်လာပြီး ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

“ဘင်္ဂလားနယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာကို ဝင်ရှင်းပြီး ပြန်အဆုတ်မှာ မိုင်းနင်း မိပါတယ်။ မိုင်းက တအား ပြင်းထန်ပါတယ်။ ခြေထောက်တစ်ဘက် ဒူးခေါင်းအထက်ကနေ ဖြတ်ပစ်ခဲ့ရပြီး၊ နောက်တစ်ဘက်လည်း ဒဏ်ရာ ရခဲ့ပါတယ်”ဟု ALA တပ်မှူး ခိုင်စိုးမြက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်လွှတ်မြောက်ရေး တပ်မတော်နှင့် ဘင်္ဂလာဒေ့ရှ် စစ်တပ်အကြား နယ်စပ်တွင် တိုက်ပွဲ ဖြစ်ပွားသည်မှာ သုံးကြိမ်ရှိပြီ ဖြစ်ကြောင်း ကျောက်တော်ပြန်ကြားရေး ရုံးတာဝန်ခံ ခိုင်ရဲလင်းက ပြောသည်။

“အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ ဆုံရာအနီး အမှတ် ၂ မိုင်တိုင်အနီးမှာ ကျွန်တော်တို့ နေရာယူထား တာကို လာတိုက်တာပါ။ တိုက်ပွဲဖြစ်တော့ စစ်ကူသွားပေးတဲ့အခါ ကျွန်တော်တို့ဘက်က ဆေးမှူး ခိုင်စိုးပိုင် ကျသွားပါတယ်။ ယခု တစ်ကြိမ်နဲ့ဆိုရင် တိုက်ပွဲဖြစ်ပွားတာ သုံးကြိမ်ရှိပြီ၊ မိမိတို့ဘက်က တစ်ဦးကျ၊ ၄ ဦး ဒဏ်ရာ ရထားပါတယ်။ ၂ ဦးက မိမိတို့ ဗဟိုဌာနချုပ်မှာ ဆေးကုသမှု ခံယူနေပါတယ်” ဟု သူက ဆိုသည်။

ALA မှ ရဲဘော်များသည် ယခင်တိုက်ပွဲဖြစ်ပွားခဲ့သော နေရာမှ ဆုတ်ခွာလာကြပြီဟု သိရသည်။

ယခင် ဒဏ်ရာရရှိခဲ့သူ ခိုင်နီမင်းသည်လည်း စစ်တွေဆေးရုံတွင် ဆေးကုသ ခံယူနေရဆဲ ဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...