ရန်ကုန်မှ စစ်တွေသို့ ထွက်ခွာလာသော ခရီးသည်ကားတစ်စီးပေါ်သို့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်တွေ မြို့အဝင် ပါဒလိတ်ဂိတ် အရောက်တွင် တပ်မတော်မှ တပ်သားတစ်ဦးက အနံ့ခံခွေးဖြင့် ကားပေါ် တက်ရောက်ရှာဖွေခဲ့သည်ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသည့် ခရီးသည်တစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
“ဒီလိုမျိုး ကားတွေပေါ်ထိ တက်ပြီး အနံ့ခံခွေးတွေကို အသုံးပြုပြီး တက်ရောက်ရှာဖွေမှုတွေကို အရင်က လုံးဝ မတွေ့ဖူးဘူး။ အခုတော့ တော်တော့ကို ထူးဆန်းတယ်။ လုံခြံုရေးအရ အရေးကြီးတဲ့ သဘောမျိုး ဖြစ်တယ်။ ခွေးနဲ့ လိုက်စစ်ဆေးတာက ထူးခြားတယ်” ဟု သူက ဆိုသည်။
ယခုကဲ့သို့ အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးမှုများကို စစ်တွေမြို့ အဝင် ပါဒလိတ်ဂိတ်တွင် သာမက ရိုးအဆင်း အမ်းဂိတ်တွင်လည်း ရဲနှင့် တပ်မတော်တို့ ပူးတွဲဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
“လုံခြံုရေးအရ လိုအပ်လို့ရှာတာပါ။ လိုအပ်တဲ့နေရာတွေမှာ တပ်နဲ့ရဲက လုံခြံုရေးအတွက် ပူးတွဲပြီး လုပ်နေတာတွေရှိပါတယ်။ အမ်းတို့မှာလည်း တပ်နဲ့ရပ်နဲ့ ပေါင်းလုပ်တာတွေရှိတာပဲလေ”ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက နိရဥ္စရာသတင်းဌာသို့ ပြောသည်။
ယခင်က အနံ့ခံခွေးများကို အသုံးပြုပြီး စစ်ဆေးမှုများ မရှိခဲ့သဖြင့် ယခုလို စစ်ဆေးခြင်းအပေါ် အများက စိုးရိမ်မှုများ ရှိနေသည်။
ယခု စစ်ဆေးမှုသည် ရှမ်းပြည်နယ် နေရာအချို့တွင် ဗုံးကွဲမှုများ ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသဖြင့် လက်နက်ခဲယမ်းမီးကျောက်နှင့် ဗုံးများကို အဓိက ရှာဖွေခြင်း ဖြစ်နိုင်ကြောင်းအများက သုံးသပ် ပြောဆိုသည်။
ရွေးကောက်ပွဲနီးလာသဖြင့် ရခိုင်ပြည်နယ်တွင် ယခုအခါ လုံခြံုရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။







