၎င်းခေါင်းဆောင် သုံးဦးမှာ ပါတီ ၏ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ ALP စစ်ဦးစီးချုပ် ခိုင်ထွန်းဝင်းနှင့် ဒေါ်စောမြရာဇာလင်တို့မှ တက်ရောက် လက်မှတ်ရေးထိုးခဲ့သည်။
တခြား လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိ်မ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) (RCSS/SSA-S)တို့ ဖြစ်ကြသည်။
လက်မှတ်ရေးထိုးပွဲသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အသိသက်သေအဖြစ် တက်ရောက်ခဲ့ပြီး အစိုးရဘက်မှ ဒုတိယ သမ္မတ စိုင်းမောက်ခမ်းနှင့် ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် ဦးသိန်းဇော်၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးရာတွင် ပါဝင်သူ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်မြရာဇာလင်းအား လက်မှတ်မထိုးမီ နှစ်ရက်အလိုက NCA လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်သူများအတွက် ဘာများ အကျိုးထူးမှာပါလဲဟု သတင်းထောက် ကောင်းမြတ်နိုင် (မောင်းတော) မေးမြန်းရာ သူမက ယခုလို ဖြေကြားခဲ့သည်။
“ကျွန်မတို့ကတော့ ရခိုင်ပြည်ရဲ့အနာဂတ်လှပသာယာမှုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီအနေနဲ့ ဆောင်ကျဉ်းနိုင်ဖို့ အတွက် လက်မှတ်ရေးထိုးပြီးနောက်မှာ ပြည်တွင်းမှာ လုပ်နိုင်တာတွေ အကုန်လုံးကို လုပ်ဆောင်သွားမှာပါ။ ရခိုင်လူမျိုးတွေအတွက် သယံဇာတ ခွဲဝေမှုကိုလည်း NCA အချုပ်မှာ ရေးထားတဲ့ အတိုင်း ဆောင်ရွက်သွားမှာပါ။ သဘာဝအရင်းအမြစ်၊ ပွင့်လင်းမြင်သာမှု၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး စတာတွေပေါ့။ နောက်ပြီး တိုင်းရင်းသားတွေတောင်းဆိုနေတာက ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု၊ အဲဒါဟာ အနိမ့်ဆုံးအဆင့်ပါ။ အဲဒီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက် နိုင်တယ် ဆိုလို့ရှိရင် ကျွန်မတို့ရခိုင်ပြည်ကို ကျွန်မတို့ကိုယ်တိုင် အုပ်ချုပ်နိုင်လာပါလိမ့်မယ်။ ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို ဖန်တီးခွင့်ရအောင်လည်း ကျွန်မတို့ အားလုံး ကြိုးစားကြရမှာဖြစ်ပါတယ်”ဟု ပြောသည်။
NCA လက်မှတ်ရေးထိုးရာတွင် ရက္ခိုင်တပ်မတော် (AA) မပါ၀င်မှုအပေါ် မည်သို့ မြင်ပါသလဲဟု မေးမြန်းရာ သူမက ယခုလို ပြောသည်။
“အမှန်ကတော့ အကုန်လုံးကို ဖိတ်ခေါ်နိုင်တာက ကောင်းဆုံးလို့ ကျွန်မအနေနဲ့မြင်ပါတယ်။ ဒါပေမယ့် အစိုးရဖက်ကတော့ သူတို့သတ်မှတ်ထားတဲ့ မူအတိုင်းသွားနေတဲ့အချိန်မှာ အခက်အခဲရှိတယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ယခု လက်မှတ်ရေးထိုးရာတွင် မပါ၀င်ဘဲ ငြင်းဆိုထားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများမှာ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ ( SSPP/SSA)၊ မွန်ပြည်သစ်ပါတီ ( NMSP)၊ ကရင်နီ အမျိုးသားပါတီ ( KNPP)၊ နာဂ အမျိုးသားဆိုရှယ်လစ် ကောင်စီ ကပ်ပလန် (NSCN-K)တို့ ဖြစ်ကြသည်။
တခြားလက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည့် ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ (MNDAA)၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ကို NCA လက်မှတ်ရေးထိုးရာတွင် အစိုးရဘက်က လက်ခံခြင်း မရှိသေးကြောင်း သိရသည်။
ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ကမူ “အဲဒါက ဘယ်လိုလုပ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကိုယ်စားပြုနိုင်မှာလဲ။ အဖွဲ့အစည်း ရှစ်ဖွဲ့မှာ တကယ်တန်းတိုက်ပွဲ ဝင်နေတဲ့ အဖွဲ့အစည်းက ဘယ်နှစ်ဖွဲ့ ပါသလဲပေါ့။ အခု မြန်မာနိုင်ငံမှာ ဒီ သုံးလေးနှစ် အတောအတွင်းမှာ တကယ်တန်း တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းနဲ့ ချုပ်တဲ့ စာချုပ် မဟုတ်ဘူးပဲ”ဟု ပြောဆိုသည်။
(မှတ်ချက်- ရက္ခိုင့်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီမှ ဗဟိုကော်မတီဝင် စောမြရာဇာလင်း အင်တာဗျူးများကို ယခုအပတ်တွင် ထုတ်ဝေမည့် နိရဥ္စရာ ရခိုင်သတင်း ဂျာနယ်တွင် အသေးစိတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။)







