အောက်တိုဘာ ၁၁ ရက်နေ့က ကျောက်ဖြူ သာသနာ့ဗိမာန်တွင် မြို့ခံ လူထုများ ပြုလုပ်သော အစည်းအဝေးက သက်ဆိုင်ရာအား ထိုသို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“ကျောက်ဖြူမြို့မှာ ဂတ်စ်တွေထွက်ရှိပြီး တာဘိုင်တွေရှိနေပေမယ့်လည်း မဟာဓာတ်အားလိုင်းက ပျက်ရင် ကျောက်ဖြူမှာပါ လျှပ်စစ်မီး မရရှိတာကြောင့် လျှပ်စစ်မီးပုံမှန်ရရှိရန် ကျောက်ဖြူမြို့ ဓာတ်ငွေ့ လျှပ်စစ် ဓာတ်အားပေးစက်ရုံက အစားထိုးဖြန့်ဖြူးပေးဖို့ တောင်းဆို ရတာဖြစ်တယ်” ဟု ကျောက်ဖြူမြို့ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့မှ ဦးလှမျိုးကျော်က ပြောသည်။
အစည်းအဝေးသို့ ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်တွင် မြို့ခံလူထုများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ စသည့် လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။
“ကျောက်ဖြူက ဂတ်စ်တာဘိုင်က လည်တဲ့ဓာတ်အားတွေကို မဟာဓာတ်အားလိုင်းကို သွင်းလိုက်ရ တယ်။ ကျနော်တို့ဒေသမှာ ဂတ်စ်ထွက်တယ်။ တာဘိုင်တွေလည်းရှိနေတယ်။ ဒါပေမယ့် မဟာ ဓာတ်အားလိုင်းက ပျက်နေတော့ ကျောက်ဖြူက လူတွေ မီးမရကြဘူး။ မဟာဓာတ်အားလိုင်းက မီးပျက်သွားပေမယ့် ကျောက်ဖြူက လူတွေက အစားထိုးမီးရချင်ကြတယ်”ဟု ဦးလှမျိုးကျော်က ပြောသည်။
ကျောက်ဖြူမြို့မှ ဂတ်စ်တာဘိုင်နဲ့လည်ပတ်သော လျှပ်စစ်ဓာတ်အားကို မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်လိုက်ရပြီး ဥသျှစ်ပင် လျှပ်စစ်ဓာတ်အားခွဲစက်ရုံမှ ပြန်လည်ဖြန့်ဖြူးပေးကြောင်း သိရသည်။
မိုးဦးကျရာသီတွေဆိုရင် လေတိုက်တာ မိုးကြီးတာနဲ့ ရခိုင်ရိုးမပေါ်မှာ သစ်ပင်တွေပြိုလဲပြီး ကျောက်ဖြူတွင် မကြာခဏ လျှပ်စစ်မီးပျက်နေမှုနှင့် ကြံုတွေ့နေရသည်ဟု သိရသည်။
ကျောက်ဖြူတွင် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် မြို့မိမြို့ဖအဖွဲ့၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုအဖွဲ့၊ စည်ပင်သာယာရေးကော်မတီနှင့် မြို့ခံလူထုတွေက လက်မှတ်ရေးထိုးပြီး မြို့နယ်၊ ခရိုင်၊ လျှှပ်စစ်စွမ်းအား ဝန်ကြီးဌာနကို အဆင့်ဆင့်စာတင်ပြီး တောင်းဆိုသွားမည်ဟု စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းလွင်က ပြောသည်။
ကျောက်ဖြူ၌ ပထမအဆင့်တွင် ရွှေသဘာဝ ဓါတ်ငွေ့ပိုက်လိုင်းမှ ဓါတ်ငွေ့စတင်သုံး စွဲနိုင်သည်နှင့် ဓါတ်အား အမြန်ထုတ် လုပ်နိုင်ရန် (၄.၄) မဂ္ဂါဝပ် ဓါတ်ငွေ့ အင်ဂျင်စက်များ ငှားရမ်းပေးပြီး၊ ကျောက်ဖြူမြို့နှင့် ပတ်ဝန်းကျင်ဒေသများကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က စတင်ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလက ကျောက်ဖြူမြို့ ဂတ်စ်အင်ဂျင်များမှ နိုင်ငံတော် ဓါတ်အားစနစ် မဟာ ဓာတ်အားလိုင်းသို့ လျှပ်စစ်ဓါတ်အားပို့လွှတ်ခြင်းကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥသျှစ်ပင် ဓါတ်အားခွဲရုံမှတဆင့် တောင်ကုတ်- မအီ- ကျောက်ဖြူတို့ကို မဟာဓါတ်အားလိုင်းများ သွယ်တန်းတည်ဆောက်ပြီး ဓါတ်အားစနစ်နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။ ၂၃၀ ကေဗွီ ဓါတ်အားလိုင်း စုစုပေါင်း (၄၀၈.၂၅) မိုင် ရခိုင်ရိုးမကို ဖြတ်ကျော်တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ်တွင် ကျေးရွာပေါင်း ၂၆၁ ရွာ ရှိသည့်အနက် ကျေးရွာ ၂၄ရွာသာ လျှပ်စစ်မီး ရရှိကြောင်း သိရသည်။







