တာဝန်ကျေသော ရခိုင်သားများဖြစ်ရန် ရခိုင်အမျိုးသားပါတီကို မဲပေးကြဟု ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် ပြော

တာဝန်ကျေသော ရခိုင်သားများဖြစ်ရန် ရခိုင်အမျိုးသားပါတီကို မဲပေးကြဟု ရခိုင်ဝန်ကြီး ဦးဇော်အေးမောင် ပြော
by -
နိရဥ္စရာ
တာဝန်ကျေသော ရခိုင်သားများဖြစ်ရန် ရခိုင်သားတိုင်း ရခိုင်အမျိုးသားပါတီကို မဲပေးကြပါဟု ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က စက်တင်ဘာလ ၂၇ရက်နေ့က လှိုင်သာယာမြို့နယ်တွင်  ပြုလုပ်သည့် လူထုမဲဆွယ်စည်ရုံး ဟောပြောပွဲ တွင် ပြောကြားသည်။

“တာဝန်ကျေတဲ့ ရခိုင်သားတွေဖြစ်အောင် ရခိုင်သားတိုင်း ရခိုင်အမျိုးသား ပါတီကိုမဲပေးကြပါ။ ရခိုင်အမျိုးသားပါတီက များများနိုင်ရင် ရခိုင်လူမျိုး အကျိုးကိုများများ ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်” ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် ဒေါ်သန်းနုမှလည်း “ဒီမှာနေတာကြာပါပြီ။ ၂၀၁၀တုန်းကတော့ မဲပေးခွင့် မရခဲ့ပါဘူး။ ခုတော့ မဲပေးခွင့်ရတဲ့အတွက် ရခိုင်ပါတီကိုပဲ မဲပေးမှာပါ။ ရခိုင်လူမျိုးအကျိုးကို ဆောင်ရွက်ပေးမယ့် ရခိုင်ရေးရာဝန်ကြီး နေရာပါတဲ့အတွက် ပိုပြီးပေးချင်ပါတယ်”ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်အမျိုးသား ပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှက “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်စီမံ အုပ်ချုပ်ခွင့်ရရှိမှသာ ကိုယ့်လူမျိုး အကျိုးစီးပွားကို ဆောင်ရွက်နိုင်မှာပါ။ ဒါကြောင့် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး အကျိုးစီးပွားအတွက် ရခိုင်အမျိုးသားပါတီကို မဲပေးကြပါ”ဟု  အခမ်းအနားတွင် ပြောကြားသည်။

ရခိုင်အမျိုးသားတေးသံရှင် ကိုဒိုးလ်ရီမှလည်း “ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့တစ်ခုတည်းသော ရခိုင် အမျိုးသားပါတီကို အားပေးဂုဏ်ယူပါတယ်။ ဒါကြောင့် ဒီပွဲကို ကိုယ်တိုင်လာရောက် သီဆိုဖြေဖျော် ပေးတာပါ။ ရခိုင်လူမျိုးတိုင်း မိမိတို့ ရခိုင်အမျိုးသား ပါတီကိုပဲ အားပေးကြပါ”ဟု ပြောသည်။

“ရခိုင်လူမျိုးဖြစ်တဲ့အတွက် ရခိုင်အမျိုးသားပါတီကိုဘဲ မဲပေးချင်ပါတယ်။ဒါပေမယ့် မဲစာရင်းမှာ မပါတော့ မဲပေးရ။ မပေးရဆိုတာ မသေချာသေးပါဘူး။ ပုံစံ(၃)နဲ့တော့ လျှောက်ထားပါတယ်။ စက်ရုံတွေမှာ အလုပ်လုပ် နေကြတဲ့ ရခိုင်လူမျိုးအများစု ကတော့ မဲစာရင်းမှာ မပါဘူး။ ဧည့်စာရင်းနဲ့ နေတဲ့ သူတွေ၊ ဧည့်စာရင်း မရှိတဲ့သူတွေ အများစုမို့ လို့ ခုလို မဲစာရင်းထဲမှာ မပါဘူးလို့ ထင်ပါတယ်” ဟု လှိုင်သာယာ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေသည့် မခိုင်ခိုင်ဇံက နိရဥ္စရာသို့ ပြောသည်။

လှိုင်သာယာမြို့နယ်တွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေါ်ခင်လှမြိုင် မှလည်း “လှိုင်သာယာမှာ ရခိုင်လူမျိုး တစ်သိန်းကျော်ရှိပေမယ့် မဲစာရင်းမှာတော့ ကိုးသောင်းကျော် လောက်ပဲ ပါတယ်။ မဲပေးခွင့်ရှိတဲ့ ရခိုင်သားတိုင်း မဲပေးခွင့်ရရှိအောင် ဧည့်စာရင်းနဲ့ နေသူတွေ၊ အမည်စာရင်း မပါသူတွေကို မဲပေးခွင့် ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်”ဟု နိရဥ္စရာသို့  ပြောဆိုသည်။

အဆိုပါ လူထုမဲဆွယ်စည်းရုံး ဟောပြောပွဲသို့ ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ဦးသာထွန်းလှ၊ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း များ၊ ပါတီအောင် နိုင်ရေးဆောင်ရွက်နေသူများ၊ ပါတီဝင်များ၊ ရခိုင်သူ၊ရခိုင်သား လူဦးရေ သုံးထောင်ကျော်ခန့် တက်ရောက်သည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်အမျိုးသားပါတီ၏ နောက်ထပ် လူထုဟောပြောပွဲတစ်ခုကို အောက်တိုဘာ ၄ ရက်၊ တနင်္ဂနွေနေ့ နေ့လည်တွင် ရွှေပြည်သာမြို့နယ်၌ ပြုလုပ်မည်။

ထိုပွဲသို့ အမျိုးသားသီချင်းများသီဆိုရန် အတွက် ရခိုင်အမျိုးသားအဆိုတော် ဝင်ကိုခိုင် နှင့် ကိုဒိုးလ်ရီတို့အား ဖိတ်ကြားထားကြောင်း ပါတီအောင်နိုင်ရေးခေါင်ဆောင် ဦးဘဆွေက နိရဥ္စရာသို့  ပြောသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...