၂၀၁၅ ရွေးကောက်ပွဲ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည်သူများကို ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော

၂၀၁၅ ရွေးကောက်ပွဲ ပြည်တွင်းနှင့် နိုင်ငံတကာ စောင့်ကြည်သူများကို ခွင့်ပြုမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ပြော
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ ဒေါက်တာ မောင်မောင်ကြည်မှ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က  စီစဉ်နေပြီး ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေကိုလည်း ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မင်းသူရိယ ခန်းမတွင် ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊ မြို့နယ်၊ ကျေးလက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် ထိုသို့ ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

 “၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေကြောင့် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။ အခု ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲ လိုမျိုးမဖြစ်ရအောင်၊ ပွင့်လင်း မြင်သာတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲကော်မရှင်က စီစဉ်နေပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုတွေကိုလည်း ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဆိုရင် ဘယ်သူကိုမှ စောင့်ကြည့်ခွင့် မပြုခဲ့ကြဘူး”ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ ဒေါက်တာမောင်မောင်ကြည် က ပြောကြားသည်။

ရွေးကောက်ပွဲကို စောင့်ကြည့်သူများအတွက်လည်း ပြည်ပ၊ ပြည်တွင်း နှင့် မီဒီများအတွက် လိုက်နာရမည့် ကျင့်ဝတ်များကို ချမှတ်ထားပြီး၊ စောင့်ကြည့်ရာ၌လည်း ရွေးကောက်ပွဲမကျင်းပမီ ကာလကတည်းက ရေရှည်စောင့်ကြည့်သူနှင့် ရွေးကောက်ပွဲ ကျမှ ရေတိုစောင့်ကြည့်သူဟူ၍ နှစ်ပိုင်းခွဲခြားထားသေးသည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်
တာဝန်ခံက ဆက်လက် ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲကို နိုင်ငံတကာက အထူးစိတ်ဝင်စားမှု ရှိနေပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ နေ့စဉ်ဆိုသလို လာရောက်မေးမြန်းစုံစမ်းမှုများရှိနေကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးဦးရေ နည်းနေသည်ကို နိုင်ငံတကာ က ထောက်ပြကြောင်း၊ ယင်းကို ရွေးကောက်ပွဲကော်မရှင်က အဆိုပါကိစ္စသည် ရွေးကောက်ပွဲကော်မရှင်နှင့် မသက်ဆိုင်ကြောင်း၊ နိုင်ငံရေးပါတီများနှင့်သာ ဆိုင်ကြောင်း ရှင်းပြနေရသည်ဟု သူက ပြောသည်။

“၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တွေက ရွေးကောက်တင် မြှောက်ထားတဲ့ သူတွေမဟုတ်တဲ့အတွက် ဘက်လိုက်မှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန်သံတွေ ကြားနေရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်တွေကို ဘယ်နိုင်ငံမှာမှ ရွေးကောက်တင်မြှောက်တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကော်မရှင်မှာ ပါဝင်ချင်တဲ့ အစိုးရဝန်ထမ်းတွေက အမည်စာရင်းပေးပို့ ရပါတယ်။ အဲ့ဒီအထဲကပဲ သင့်တော်တဲ့ သူတွေကို ရွေးချယ်ရခြင်းဖြစ်ပါတယ်”ဟု ရွေးကောက်ပွဲကော်မရှင် ရွေးချယ်မှုနှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည်။

ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ပါဝင်သည့် အဖွဲ့ဝင်များသည် မည်သည့် ပါတီဝင်မှ မဖြစ်စေရဟု စည်းကမ်းချက် သတ်မှတ်ထားပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များထဲတွင် ပါတီဝင်များကို တွေ့ရှိပါက ဖယ်ရှားသွားမည်ဟု သူက ပြောကြားသည်။

အစည်းအဝေးတက်ရောက်လာသူ တစည ပါတီမှ စစ်တွေခရိုင် အတွင်းရေးမှူးက စစ်တွေခရိုင် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကော်မရှင်၌ ပါတီတစ်ခုမှ ပါတီဝင်များလည်း ပါ၀င်နေသည်ကို တွေ့ရှိရသဖြင့် စိစစ်ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့သည်။

မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ ပြောကြားရာတွင် အခြေခံမဲဆန္ဒရှင် စာရင်းများ ကြေညာသည့် ကာလက အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့် မီဒီယာများ၏ ပူးပေါင်းပါ၀င်မှုများကို မရရှိခဲ့ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ခံ ဒေါက်တာမောင်မောင်ကြည်က ပြောသည်။

“အခြေခံမဲစာရင်း ကြေငြာတုန်းက အရပ်ဘက်အဖွဲ့အစည်းနဲ့ မီဒီယာတွေကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ် ခဲ့ပေမယ့် ပူးပေါင်းပါ၀င်မှု အားနည်းခဲ့တယ်။ မဲစာရင်းအားနည်းချက်တွေကိုပဲ မီဒီယာကတဆင့် ထိုးနှက်တိုက်ခိုက်တာတွေကို ခံခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးပြည့်စုံသော မဲစာရင်းကို စက်တင်ဘာလတွင် ထုတ်ပြန်နိုင်အောင် စီစဉ်နေကြောင်းလည်း သိရှိရသည်။

ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းရာတွင် ဌာနဆိုင်ရာမှ ၉ ဦး၊ အများကြည်ညို လေးစားခံရသူ ၆ ဦး စုစုပေါင်း ၁၅ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်ကော်မရှင် အနေဖြင့် ပါတီများနှင့် တစ်လတစ်ကြိမ်တွေ့ဆုံနေရမည်ဟု ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် တာဝန်ခံ ဒေါက်တာမောင်မောင်ကြည်က ပြောကြားသွားသည်။

ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိစစ်ခြင်း၊ ရွေးကောက်ပွဲ ကာလအတွင် မဲမသာမှုများကို စိစစ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တိုင်းတန်းချက်များကို စိစစ်အရေးယူခြင်း၊ ရွေးကောက်ပွဲ ရလာဒ်ကြေညာခြင်းတို့အတွက် တာဝန်ရှိသည်ဟု ဆိုသည်။

အခမ်းအနားသို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ခံ၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ၊ ပြည်နယ်၊ စစ်တွေခရိုင်၊ မြို့နယ်နှင့် ရပ်ကျေး ကော်မရှင်များ၊ ပါတီအသီသီးမှ ခေါင်းဆောင်များ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် စတင်ပြီး ညနေ ၄ နာရီ ခွဲခန့်တွင် ပြီးဆုံးခဲ့သည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...