ဘာလဲဟဲ့ “သယံဇာတ ခွဲဝေရေး”

ဘာလဲဟဲ့ “သယံဇာတ ခွဲဝေရေး”
by -
မောင်ကျော်စွာ/ကေအိုင်စီ
ဘာလဲဟဲ့  “သယံဇာတ ခွဲဝေရေး” ယခုအခါ “ဖွံ့ဖြိုးရေးအကြောင်း” ပြောဆိုကြတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်သဟဇာတဖြစ်ပါ့မလား ဆိုတဲ့အချက်ကို အလေးထား ပြောဆိုလာကြတာ၊ အလေးထားထည့်သွင်းစဉ်းစားလာကြတာဟာ အင်မတန်ကောင်းမွန်တဲ့အချက်ဖြစ်ပါတယ်။ သဘာဝကို လူသားလိုအပ်ချက်အတွက် လိုအပ်သလို ထုတ်ယူသုံးစွဲတဲ့အခါ/ အသုံးပြုတဲ့နေရာမှာ သဘာဝကို ထင်သလို ဗရမ်း ပတာ အသုံးမပြုသင့်ဘူးဆိုတဲ့ အသိတရား လူသားတို့၌ ယခုအခါ ရရှိလာကြလေပြီ။ အချို့နိုင်ငံကြီးတွေကတော့ သူတို့နိုင်ငံရဲ့  ပထဝီနဲ့ သဘာဝပတ်ဝန်းကျင်ကို နည်းနည်းမှ မတို့မထိဘဲ ထားပြီး သူများတိုင်းပြည်ရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ပထဝီဒေသကို တော့ မိုက်မိုက်ကန်းကန်း ထင်သလိုပြုမူနေကြပါတယ်။

သဘာဝပတ်ဝန်းကျင်ကို အရှည်တည်တံ့အောင် ထိန်းသိမ်းလိုကြတဲ့ အစုအဖွဲ့မျိုးစုံကလည်း သဘာဝကိုထင်သလို ဗရမ်းပတာ ပြုလုပ်နေမှုတွေကို ကန့်ကွက်ဆန့်ကျင်ခြင်းမှ ပညာပေးဟောပြော စည်းရုံးခြင်းများကို ပုံစံမျိုးစုံဖြင့် ဆောင်ရွက်နေကြပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ မတူညီတဲ့ ဘက်နှစ်ဘက်ကို တွေ့ရမှာ ဖြစ်ပါတယ်။

ပထမဘက်ကသဘာဝကို နဂိုမူလအတိုင်းထားရရှိမယ်၊ လုံးဝ မထိခိုက်စေရ ဆိုတဲ့ အလွန်အကျွံ စည်းရုံးဟောပြောနေသူများ ဘက်ဖြစ်ပါတယ်။

ဒုတိယဘက်က သဘာဝကို လူ့လိုအပ်ချက်အတွက် လိုအပ်သလို ထုတ်ဖော်အသုံးပြုရမယ်။ လူ့လိုအပ်ချက်ပြည့်မီရေးသာ ပထမနဲ့ ပဓာနဆိုတဲ့ဘက် ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ထိုဘက်နှစ်ဖက်စလုံးကို ဆန့်ကျင်ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ ဒီမှာလည်း အချက်နှစ်ချက် ရှိနေပြန်ပါ တယ်။

ပထမအချက်က ကျနော်တို့ဟာ သဘာဝကို အသုံးမပြုဘဲ၊ သဘာဝရဲ့အကြောင်းအချက်တွေ မပါရှိဘဲ၊ လူသားဟာ လူ့အဖွဲ့အ စည်းဟာ ရှင်သန်ရပ်တည်နိုင်ဖို့၊ အရှည်တည်တ့ံစည်ပင်နိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်လို့ပါပဲ။

ဒုတိယအချက်က သဘာဝပတ်ဝန်းကျင်ကို ထင်သလို ဗရမ်းပတာအသုံးပြုမယ်၊ သုံးစွဲပစ်မယ်ဆိုရင်လည်း လူသားဟာ သူ့ကိုယ် သူ ဖျက်သိမ်းပစ်တာမျိုး၊ သူ့ကိုသူ သေကြောင်းကြံစည်တာမျိုး ဖြစ်နေလို့ပါပဲ။ လူသား အပါအဝင် သက်ရှိတိုင်းဟာ သန့်ရှင်းတဲ့ “လေနဲ့ ရေ” မရရှိဘဲ ဘယ်လိုမှ အသက်ရှင်သန် မရပ်တည်နိုင်ပါဘူး။ မပွားများနိုင်ပါဘူး။ ဒါဟာ အင်မတန် လွယ်ကူရိုးစင်းတဲ့ ရှုဒေါင့်ကနေ ကြည့်တာပါ။ နည်းနည်းထပ်ပြီး တိုးချဲ့ကြည့်မယ်ဆိုရင် “လေနဲ့ရေ”နှစ်ခုထဲရှိရုံနဲ့လည်း လူသားနဲ့သက်ရှိတွေ ရှင်သန်တည်ရှိနိုင်ဖို့ မလွယ်ကူပါဘူး။ စားစရာ၊ နေရာတွေနဲ့ အခြားလိုအပ်ချက်တွေ အများကြီး လိုအပ်နေပါသေးတယ်။ အဲဒီလို အပ်ချက်တွေအားလုံးကို ထုတ်လုပ်ယူငင်ရာမှာ သဘာဝတရားနဲ့ ကင်းလွတ်ပြီး ဘယ်လိုမရှိနိုင်ပြန်ပါဘူး။

နောက်ထပ်အရေးကြီးတဲ့အကြောင်းအချက် နှစ်ခုရှိပါသေးတယ်။

ပထမအချက်က  သဘာဝတရားထဲကနေ လိုအပ်တာတွေကို အလုံးအရင်းနဲ့ထုတ်ယူနိုင်တဲ့ အတတ်ပညာ/ နည်းပညာနဲ့ ငွေ ကြေးကို နိုင်ငံကြီးတွေနဲ့  ကုမ္ပဏီကြီးတွေက လက်ဝါးကြီးအုပ် ပိုင်ဆိုင်ထားပြီး ထုတ်ယူရရှိလာသမျှ အဆီအနှစ်တွေမှန်သမျှကို လည်း ပြည်ပနိုင်ငံကြီးတွေ၊ ပြည်ပကုမ္ပဏီကြီးတွေနဲ့ သက်ဆိုင်ရာနိုင်ငံက အုပ်စိုးသူအစိုးရတွေနဲ့ ခရိုနီတွေကပဲ သိမ်းပိုက်ယူ ဆောင်သွားကြတယ်ဆိုတဲ့ အချက််ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ သက်ဆိုင်ရာ တိုင်းပြည်နဲ့ ပြည်သူလူထုကတော့ အဲဒီလိုထုတ်ယူရာမှာ အသုံးပြုတဲ့ နည်းပညာ/နည်း စနစ်တွေကြောင့် ဖြစ်ပေါ်လာရတဲ့ ရောဂါဘယပေါင်းစုံနဲ့ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ စိုက်ပျိုးမရအောင် လယ်ယာမြေပျက်စီးခြင်း၊ မြစ်ရေချောင်းရေများ ပျက်စီးခြင်း၊ တိမ်ကောခြင်း၊ ဓာတုအဆိပ်သင့်ခြင်း၊ သားငါးနဲ့ ကျေးငှက်တိရိစ္ဆာန်တွေ မျိုးသုဉ်းကုန်ခြင်း စတဲ့ မျိုးဆက်နဲ့ချီတဲ့ ကပ်ဘေးဒုက္ခပေါင်းစုံကို ရင်ဆိုင်ကြရတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

သဘာဝတရားကိုပြောတဲ့အခါ တချို့က လူသားကို ခြွင်းချန်ထားပြီး ပြောကြပါတယ်။ တကယ်တော့ ‘ရေကိုသားလို့ အကြား မထင်’ ဆိုသလို သက်ရှိလူသားနဲ့ သဘာဝတရားကို ဘယ်လိုကွဲပြားအောင် ခွဲခြားနိုင်မှာမို့လဲ။

ဒါ့အပြင် သက်ရှိတွေအနက် သဘာဝတရားကို ထိခိုက်ပျက်ပြားအောင် လုပ်နိုင်စွမ်းအရှိဆုံးဟာ သက်ရှိလူသားတွေပဲဖြစ်တယ် ဆိုတဲ့အချက်ကိုလည်း အထင်အရှား တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

မီး၊ ကျောက်ဓား၊ ကျောက်လှံနဲ့ အမဲလိုက်တတ်၊ စိုက်ပျိုးတတ်လာရာကနေ ယနေ့ အနုမြူနည်းပညာနဲ့ အာကာသထိ ခြေဆန့် နိုင်ချိန်အထိ လူသားဟာ သဘာဝတရားကို လိုအပ်သလို သုံးစွဲခဲ့ကြတာဖြစ်ပါတယ်။

ရိုးစင်းတဲ့ လေးမြှားလှံတံနဲ့ အမဲလိုက်တဲ့အခါ သားကောင်ကို အကန့်အသတ်နဲ့သာ ဖမ်းဆီးနိုင်ပေမယ့် သေနတ်နဲ့ယမ်းကို တီထွင်သုံးစွဲတတ်လာတဲ့အခါမှာတော့ သားကောင်တွေကို ပိုပြီး သတ်နိုင်ဖြတ်နိုင်စွမ်း ပိုပြီးကြီးမားလာပါတယ်။ ငါးမျှားချိတ်နဲ့ ငါးမျှားနိုင်တာဟာ အကန့်အသတ်ရှိပေမယ့် ယခုအခါ ခေတ်မီငါးဖမ်းစက်လှေ ငါးဖမ်းပိုက်တွေနဲ့ ငါးအမြောက်အများကို ဖမ်းဆီး နိုင်လာကြပြီ ဖြစ်ပါတယ်။ အချို့ဆိုရင်ရေအောက်မှာ မိုင်းခွဲခြင်း၊ သို့မဟုတ် လျှပ်စစ်ရှော့ရိုက် ငါးဖမ်းတဲ့အထိ ပက်ပက်စက်စက်၊  မိုက်မိုက်မဲမဲလုပ်နေကြတယ် မဟုတ်ပါလား။ နည်းပညာတွေ တိုးတက်ကောင်းမွန်လာတဲ့အခါ ထိရောက်မှုဟာ ပိုပြီး ကျယ်ပြန့် လာပါတယ်။

သစ်ပင်တစ်ပင်ကို ဓားနဲ့ ပုဆိန်နဲ့ ခုတ်လှဲတာထက် ချိန်းစော (chain saw)နဲ့ ခုတ်လှဲတာက သစ်တောတွေကို ပိုပြီးပျက်စီး ပြုန်း တီးစေပါတယ်။ ဒါပေမယ့် ကျနော်တို့တိုင်းပြည်မှာတော့ ထင်းခုတ်တဲ့လူက ထောင်ခြောက်လ အချခံရပြီး သစ်တောကြီးတွေကို အပြောင်ခုတ်ပြီး ပြည်ပတင်ပို့နေသူတွေကတော့ ဘေးရန်ကင်းကွာပြီး ချမ်းသာကြွယ်ဝနေကြပါတယ်။ နိုင်ငံတော်ကို အခွန်ပေး သူ၊ နိုင်ငံခြားဝင်ငွေရှာပေးသူအဖြစ် ချီးကျူးဂုဏ်ပြုတာ ခံရပါတယ်။ ရေမဆေးကျောက်ကလေး ရှာဖွေသူတွေကတော့ မြေစာပုံ ပိလို့ သေပွဲဝင်နေကြရပြီး ဧရာမစက်ယန္တရားကြီးတွေ၊ ကားဘီလူးကြီးတွေနဲ့သုံးပြီး တူးဖော်သယ်ပို့နေသူတွေကတော့ ကမ္ဘာ့အ ကြီးဆုံးကျောက်စိမ်းတုံး တွေ့ရှိသူတွေအဖြစ် မျက်နှာပန်းပွင့်နေပါတယ်။

သဘာဝသယံဇာတကို မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် အင်မတန် ကြီးမားတဲ့ အလုံးအရင်းနဲ့ တူးယူ၊ ခုတ်ယူ၊ ထုတ်ယူ နိုင်တဲ့ နည်းပညာနဲ့ နည်းပညာကို ပိုင်ဆိုင်ထားသူတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေနဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးတွေ၊ ကုမ္ပဏီ ကြီးတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ကျက်စားတဲ့ နိုင်ငံကနေ သူတို့လိုချင်တဲ့ ပစ္စည်းကို တူးယူ၊ ခုတ်ယူ၊ ထုတ်ယူသွားပါ တယ်။ အကျိုးအမြတ်၊ အဆီအနှစ်ကို သက်ဆိုင်ရာ ကုမ္ပဏီကြီးတွေနဲ့ သက်ဆိုင်ရာ နိုင်ငံက အစိုးရထိပ်သီးတွေနဲ့  ခရိုနီထိပ် သီးတွေကသာ လက်ဝါးကြီးအုပ် ရယူပိုင်ဆိုင်ကြပါတယ်။

အထက်မှာတင်ပြခဲ့သလို ပြည်သူတွေကတော့ ဘေးဒုက္ခမျိုးစုံကို မျိုးဆက်နဲ့ချီပြီး ခံစားရတာပါ။

လက်တွေ့မှာ ပြည်သူတွေ ရရှိတာကတော့ အဲဒီလိုထုတ်ယူရာမှာ အလုပ်သမားအဖြစ် လုပ်ကြရတဲ့အတွက် မဖြစ်စလောက် လုပ်ခနဲ့ အဲဒီလိုထုတ်ယူမှုကြောင့် အကျိုးဆက်အဖြစ်ရရှိလာတဲ့ သဘာဝဘေးအန္တရာယ်မျိုးစုံ၊ ရောဂါဘယမျိုးစုံနဲ့ အစားထိုး မရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု တွေပဲဖြစ်ပါတယ်။ တချို့နေရာတွေမှာဆိုရင် ယဉ်ကျေးမှုနဲ့ ဘာသာဓလေ့ဆိုင်ရာ အဆောက်အအုံနဲ့ အထိမ်းအမှတ် အမွေအနှစ်တွေ ထိခိုက်ပျက်စီးတဲ့ ဘေးအန္တရာယ်ကိုပါကြံုတွေ့ရင်ဆိုင်ရတာပါ။ ဒါ့အပြင် လတ်တလောမှာလည်း သက်ဆိုင်ရာဒေသခံပြည်သူတွေက တစ်ဖက်၊ အုပ်စိုးသူအစိုးရနဲ့ အမြီးစားဖက်ခေါင်းစားဖက် ပြည်တွင်း ပြည်ပ ခရိုနီကုမ္ပဏီတွေကတဖက် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်လာရပြီး နောက်ဆုံးမှာ ဒေသခံပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို အုပ်စိုးသူအစိုးရက သူတို့အကျိုးစီးပွားအတွက် အကြမ်းဖက် ဖိနှိပ်ဖြိုခွဲတာပဲ မဟုတ်ပါလား။

ဒီတော့ သယံဇာတကို ထုတ်ယူသုံးစွဲတာမှာ ရေရှည်မြော်မြင်မှုနဲ့ အချိန်အဆလိုပါတယ်။ ပြည်ပနိုင်ငံကြီးတွေ၊ ပြည်ပကုမ္ပဏီ ကြီးတွေနဲ့ အုပ်စိုးသူအစိုးရတွေ၊ ခရိုနီတွေ လက်ဝါးခြင်းရိုက်ပြီး ထင်သလို ဗရမ်းပတာ ထုတ်လုပ်ဖို့ဆိုတာ (လုံးဝ) မဖြစ်သင့်ပါ ဘူး။ ဒါအပြင် တစ်ဖက်မှာလည်း သဘာဝကို လုံးဝ မတို့ရ၊ မထိရဆိုတာမျိုးလည်း လုံးဝ မဖြစ်သင့်ပါဘူး။

ဒီတော့ တိုင်းပြည်နဲ့ လူထုလိုအပ်ချက်ကို ရှေ့ရှုပြီး သဘာဝတရားကို စနစ်တကျ ထုတ်ယူသုံးစွဲဖို့ လိုအပ်ပါတယ်။ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝတရား၊ သဘာဝပတ်ဝန်းကျင် သဟဇာတဖြစ်ရေး ဆိုတဲ့ ရှုဒေါင့်ကနေကြည့်ပြီး အကောင်အ ထည်ဖော်ဖို့ လိုပါတယ်။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးမှာ လျှပ်စစ်မီးနဲ့လမ်းပမ်းဆက်သွယ်ရေးကို ပြောကြပါတယ်။ ဒီနှစ်ခုကို အကောင်အထည်ဖော်တဲ့အ ခါ ဘယ်စနစ်ကိုသုံးမလဲ။ ဥပမာ - လျှပ်စစ်ကို ဘယ်ကနေ ထုတ်ယူမလဲ။ ရေအားကနေ ထုတ်ယူမယ့်စနစ်ကို သုံးမလား။ ကျောက်မီးသွေးနဲ့ လည်ပတ်ခုတ်မောင်းပြီး ထုတ်ယူတဲ့စနစ် သုံးမလား။ အခြားဘယ်စနစ်ကို သုံးမလဲ။(ငါ့ကိုကော်မရှင်ပေးမယ့်ကုမ္ပဏီကိုပဲ တင်ဒါချပေးမယ်ဆိုတာမျိုးလည်း မဖြစ်သင့်ဘူး)

ဒီအခါမှာ ဘယ်နည်းစနစ်ဟာ ရေရှည်မှာ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်မလဲ။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်လောက်အထောက်အကူဖြစ်မလဲဆိုတဲ့ ရှုဒေါင့်တွေကနေ စိစစ်ကြည့်ရှုကြရပါလိမ့်မယ်။ လက် တွေ့ ကိုယ်ကျိုးစီးပွားဖြစ်ရေး ကွက်ကွက်လောက်သာ ရေတိုကြည့်မယ်ဆိုတာမျိုးတော့ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။

ငါတို့ပါတီအာဏာရတုန်းက ငါတို့ပါတီ နိုင်ငံရေးအကျိုးစီးပွား၊ ငါတို့နဲ့မိတ်ဖက်ဖြစ်နေတဲ့ ခရိုနီတွေ အကျိုးစီးပွားဖြစ်ရေး၊ နောင် ရွေးကောက်ပွဲမှာ ငါတို့ပါတီမဲရရေးဆိုတဲ့ ရေတိုအကျိုးစီးပွားလောက်သာ တိုတိုကျဉ်းကျဉ်း မကြည့်သင့်ပါဘူး။ နောင်မျိုးဆက် များအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက် အနည်းဆုံး နှစ် ၅၀၊ နှစ် ၁၀၀ထိ စဉ်းစားသင့်တာမျိုးပါ။ နောင်ခါလာ နောင်ခါစျေး ဆိုတဲ့ တနပ်စား စဉ်းစားနည်းမျိုး မဖြစ်သင့်ပါဘူး။

“သယံဇာတခွဲဝေရေး”ဆိုပြီး တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ခုလုံး အကျိုးစီးပွားကို မျက်ကွယ်ပြုကြပြီး အာဏာပိုင်ကြီးတွေနဲ့ ဒေသခံ အာဏာပိုင်ကလေးတွေအကြား တိုင်းပြည်ပိုင်ပစ္စည်းတွေ ပေါင်းစားဖို့ကြံတဲ့ ခွဲဝေရေးမျိုးလည်း လုံးဝမဖြစ်သင့်ပါဘူး။

“၂၀၀၈ အခြေခံဥပဒေဘောင်”ထဲက “သယံဇာတခွဲဝေရေး” ဆိုတာဟာ ဒေသခံအာဏာပိုင်ကလေးတွေကို အာဏာပိုင်ကြီးတွေ က မက်လုံးပေး ချော့မြှူနေတာဖြစ်တယ်။ သူတို့နဲ့အတူ တိုင်းပြည်ပိုင်ဥစ္စာပစ္စည်းတွေကို ထင်သလို ထုခွဲရောင်းချဖို့ ဆွယ်နေ တာ ဖြစ်ပါတယ်။ ခပ်ရင့်ရင့်ဥပမာပေးရရင် သူခိုးသေဖော်ညှိနေတာပါ။

ဒါကြောင့် တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသားအကျိုး ဆောင်ရွက်နေသူများအနေနဲ့ မိမိဆောင်ရွက်နေတာဟာ အနိမ့်ဆုံး အားဖြင့် မိမိကိုယ်စားပြုတဲ့ တိုင်းရင်းသားလူမျိုးနဲ့ ဒေသပတ်ဝန်းကျင်ကို ဘယ်လောက်အတိုင်းအတာထိ အကျိုးပြုနိုင်သလဲ (သို့ တည်းမဟုတ်) အကျိုးပျက်ပြားစေနိုင်သလဲ ဆိုတဲ့အချက်နဲ့ မပြတ် စစ်ဆေးကြည့်ရှုဖို့ လိုပါတယ်။ ဒီလို မပြတ်စစ်ဆေး စောင့် ကြည့်တဲ့တာဝန်ကို တိုင်းရင်းသားပြည်သူများအရေး ဆောင်ရွက်နေတယ်ဆိုတဲ့ မည်သည့်အဖွဲ့အစည်းမဆို ဆောင်ရွက်သင့်တာ ဖြစ်ပါတယ်။

သယံဇာတခွဲဝေရေးဟာ နိုင်ငံရေးအာဏာခွဲဝေရေးရဲ့ လက်အောက်ခံပြဿနာဆိုတာကိုလည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။ နိင်ငံရေးအာဏာ ခွဲဝေရေး မပြီးမပြတ်ဘဲနဲ့ သယံဇာတခွဲဝေရေး ပြောနေတာဟာ လက်တွေ့မကျပါဘူး။ ဒီခြေလှမ်းဟာ အကြံ ပက်စက်တဲ့ သွေးခွဲနည်းတမျိုးလည်း ဖြစ်နိုင်တာပဲမဟုတ်လား။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...