အပ်ချုပ်စက်၏ ယန္တရားများလည်ပတ်လာအောင် သူ့၏ ခြေထောက်တစ်ဖက်တည်းကသာ တာဝန်ယူ ထားရသည်။ ကျန်ခြေချောင်းတဖက်အစား အနီးတွင် စတီးချောင်း ဂျိုင်းထောင့်တစ်ချောင်းက အဖေါ်အဖြစ်ရှိနေသည်။
မိုင်းကြောင့် ညာဖက်ခြေချောင်းကို စွန့်လွှတ်လိုက်ရသော်လည်း ကျန်ခြေချောင်းတစ်ချောင်းဖြင့် နှစ်ပေါင်း ၃၀ ကျော် စက်ချုပ်ခြင်းဖြင့် အသက်မွေးနေသူက နန်းအေးမြင့်ဖြစ်သည်။
၁၉၈၈ ခုနှစ် တစ်ခုသော မနက်ခင်းတွင် မယ်စဲ့မြို့သူ နန်းအေးမြင့်၏ ဘဝအချိုးအကွေ့တစ်ခုကို ပြောင်းလဲစေခဲ့ခြင်းကြောင့် ယခုလိုဘဝသို့ ရောက်ခဲ့ရခြင်းဖြစ်သည်။
အစိုးရတပ်နှင့် တိုင်းရင်းသားလက်နတ်ကိုင်တပ်တို့၏ တိုက်ပွဲများအကြား မယ်စဲ့မြို့နေပြည်သူများ ကျီးလန့်စာဖြစ်နေရသော ကာလအကြား ဖြစ်သည်။
မယ်စဲ့မြို့အနီးပတ်ဝန်းကျင်၌ တိုက်ပွဲကြီးငယ်တို့က တစ်လအတွင်း လေးငါးခါထက်မနည်း ဖြစ်ပွားနေသောကြောင့် နန်းအေးမြင့်အပါအဝင် မြို့နှင့် ကျေးလက်ဒေသရှိ လူအများအပြား တဖတ်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။
တစ်ဖတ်ထိုင်းနိုင်ငံရှိ ဆောင်းဟေရွာသို့ သွားရောက်ခိုလှုံမှုအပြီး စစ်မြူသံများ ခဏတာတိတ်ဆိတ်နေချိန် နန်းအေးမြင့်တို့ မိသားစု နေအိမ်ပြန်လာသောအချိန်၌ မြေမြှပ်မိုင်း နင်းမိခဲ့ရာမှ ယခုုလို ခြေတဖက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
“နင်းမိလိုက်တဲ့အချိန်မှာ ဘာမှမသိတော့ဘူးလေ။ သိတဲ့အချိန် ခြေထောက်က မရှိတော့ဘူး။”နန်းအေးမြင့်က လေသံဖျော့ဖျော့ဖြင့် ဆိုသည်။
ထို့နောက် ရရှိသော ဒဏ်ရာကို ကုသရန် မြို့နယ်၌ ဆရာဝန်မရှိခြင်းကြောင့် လွိုင်ကော်သို့ သယ်ယူသွားရသည်။ လမ်းခရီးများကောင်းမွန်မှုမရှိခြင်းနှင့် စစ်သားတွေ မတွေ့အောင် ရှောင်ပြီးသွားနေရတာလည်း အချိန်ကို ပိုမိုကြာမြင့်စေခဲ့သည်။ တောလမ်းအတိုင်းသာ လူအားဖြင့် ထမ်းပိုးသွားရသဖြင့် နှစ်ရက်အထိ ကြာမြှင့်သွားသည်။
လွိုင်ကော်ပြည်သူ့ဆေးရုံအရောက်တွင် မိုင်းထိဒဏ်ရာများမှာ ပုပ်ပွသွားပြီဖြစ်သည်။ ပုပ်နေသော အသားများကို ဖယ်ထုတ်ရန် ပေါင်ရင်းအထိ ဖြတ်ပစ်လိုက်ရသည်။ ဆေးရုံတွင် လေးလအကြာ ဆေးကုသမှု ခံယူလိုက်ရသည်။ ထို့နောက် သူ မယ်စဲ့ကို ပြန်လာခဲ့သည်။
“ဘာလုပ်စားရမှန်းမသိတော့ဘူး။ ရှက်လည်းရှက်တယ်။ အိမ်ပြင်တောင် မထွက်ရဲဘူး။” အတိတ်၏ အဖြစ်အပျက်ကို လွမ်းဆွတ်သံနှောလျှက်ပြောသည်။
မြန်မာနိုင်ငံကြက်ခြေအသင်း၏ ကိန်းဂဏန်းက ကယားပြည်နယ်အတွင်း မြေမြှပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော သူဦးရေ ၈၀ ကျော်အထိ ရှိနေသည်။ ယင်းသည် လက်ရှိ ကောက်ခံရရှိသော မြေပြင်စာရင်းဖြစ်ပြီး ယင်းထက်မက များပြားနိုင်အုန်းမည်ဟု ခြေအင်္ဂါထိခိုက်သူများကို ခြေတုများ လိုက်လံတပ်ဆင်ပေးနေသော ရွေ့လျားမသန်စွမ်း အရင်းအမြစ်စင်တာ၏ တာဝန်ခံ နော်ဇင်မာဝင်းက ပြောသည်။
စစ်တမ်းအရ ယခင်က ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ဖူးသော နေရာများ၊ တပ်စခန်းနေရာများနှင့် လျှပ်စစ်ဓါတ်အားလိုင်းတိုင်များအနီးတွင် ထိခိုက်မှုအများဆုံး ဖြစ်ပွားခဲ့သည်။
ကိုယ်အင်္ဂါများ ဆုံးရုံးသွားသော သူအတွက် ပြန်လည်ထူထောင်ရေးအစီအစဉ်သည်လည်း ထိခိုက်နစ်နာခဲ့ရသူများအတွက် စိတ်ပျက်စရာဖြစ်စေခဲ့သည်။
ကျမ ဒီလိုဖြစ်တော့ နောက်နောင် ဘာလုပ်စားရမလဲ ဆိုတာ ဗျာများစေခဲ့တာပေါ့။ အမေကတော့ လူအကြားမှာ မျက်နှာမငယ်ရအောင် အပ်ချုပ်စက်နဲ့ အပ်ချုပ်သင်ပေးခဲ့တယ်။” ဟု နန်းအေးမြင့်က ပြောသည်။
မိမိတို့၏ မိသားစုမှ ကိုယ်ထူကိုယ်ထရုန်းထပြီး ဝမ်းရေးလမ်းကြောင်း တစ်ခုအတွင်း နန်းအေးမြင့် ကိုယ်တိုင် လျှောက်လမ်းခဲ့ရသည်။
“ကျမ ချွေတာရတယ်။ ဖိနပ်တောင် ဝယ်ရင် တစ်ဖက်ပဲ စီးရတယ်။ ကျန်တစ်ဖက်က သုံးမရဘူး။ ဖြစ်နိုင်ရင် ဖိနပ်တောင် မဝယ်စီးချင်ဘူး။”
ရှားတောမြို့နေ ဦးဖရေရယ်သည် ဟင်းချက်စရာအသီးအရွက်သွားခူးဆွတ်ရာမှာ မြေမြှပ်မိုင်း ထိခဲ့သူတစ်ဦးဖြစ်သည်။ သံလွင်ဘေးရှိ တာတမော့နေရာတွင် တိုင်းရင်းသားလက်နတ်ကိုင်အဖွဲ့မှ ထောင်ထားသော မိုင်းကို ထိမှန်ခဲ့ကာ ဒူဆစ်အထိ ဖြတ်တောက် ပစ်လိုက်ရသည်။
“မိုင်းထိတဲ့ လူကဆေးရုံးရောက်နေတယ်။ လက်နတ်ကိုင်က သူ့ရဲ့ မိုင်းကွဲသွားလို့တဲ့ အဲ့ဒါ မိုင်းဖိုး ပြန်အလျှော်တောင်းသေးတယ်။”ဟု ရှားတောမြို့ တောင်ပိုင်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ထို့အပြင် မြန်မာတပ်မတော်မှ ထောင်ထားသော မိုင်းများကို မိမိတို့၏ ကျွဲ၊ နွား တိရိစ္ဆာန်များ ယခင်က မကြာခဏဆိုသလို နင်းမိပြီး သေဆုံးခဲ့သော်လည်း လျှော်ကြေးများ မတောင်းဆိုရဲကြပေ။ ထိုသို့တောင်းဆိုပါက လျှော်ကြေးမရှိသည့်အပြင် မိုင်းများကို တက်နင်းမိသောကြောင့် တိရိစ္ဆာန်ပိုင်ရှင်ထံမှပင် လျှော်ကြေးများ ထပ်မံတောင်းဆိုလာနိုင်ခြင်းကြောင့် ဖြစ်သည်။
နှစ်ဖက်၏ အငြိုးအာဃာတများ၏ အသုံးချခံ မြေမြှပ်မိုင်းများနှင့် စစ်ပွဲများသည် နန်းအေးမြင့်အတွက် နတ်ဆိုး၏ ပစ်မှတ်ဖြစ်ခဲ့ရသည်။ ရလဒ်နှင့် ကုစားမှုများသည်လည်း ၎င်းတို့အတွက် အိပ်မက်ဆိုးသဖွယ် ဖြစ်ရပြန်သည်။
ယနေ့အချိန်အထိ မိုင်းကြောင့် သမိုင်း၌ ထိခိုက်နစ်နာစေမှုများခဲ့သော်လည်း မိုင်းရှင်းမည့် အစီအစဉ်သည် ဝေးဝါးနေဆဲဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်နှင့် အကဲဖြတ်ပြီး မိုင်းရှင်းလင်းရေးသည် အလှမ်းဝေးနေခဲ့သည်။
“ငယ်ငယ်တုန်းက အေးချမ်းတဲ့ မိသားစုနဲ့ ကိုယ်ပိုင်မိသားစုတစ်ခုကို တည်ထောင်ချင်ခဲ့တာ။ အခုတော့ ကြိုက်မယ့်သူမရှိဘူးလေ။”
နန်းအေးမြင့်၏ ငယ်အိပ်မက်သည်လည်း ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ယခုသူ ပြန်လည်ထူထောင်နေသည်။ နေအိမ်၌ အပ်ချုပ်ရင်း ကုန်စုံဆိုင်တည်ထားသည်။ သူ့၏ ဝင်ငွေသည် နန်းအေးမြင့်၏ အမေအိုတစ်ဦးနှင့် သူ့၏ စား၊ ဝတ်၊ နေရေးကို ပြေလည်စေသည်။
သို့သော် ယခင်လို သေနတ်သံနှင့် မြေမြှပ်မိုင်းကြောင့် ဘဝတွင် ထိခိုက်နစ်နာစေမည့် အဖြစ်မျိုး နောင်လာနောက်သားတွင် မခံစားစေလိုကြောင်း နန်းအေးမြင့်က ပြောသည်။
“တချို့နေရာမှာ စစ်ဖြစ်နေတယ်။ တိုင်းပြည်ရဲ့ နေရာတချို့မှာ ပြေးကြလွှာနေရတယ်။ ဖြစ်နိုင်ရင် ကျမတို့လိုမျိုး မဖြစ်စေချင်တော့ပါဘူ။” နန်းအေးမြင့်က ဆိုလိုက်သည်။







