တက်သုတ်ရိုက် သျှမ်း- ဒေသဆွေးနွေးပွဲ ၊ ပန်ဆန်းအခြေပြု နိုင်ငံရေး နဲ့ မှေးမှိန်လာတဲ့ ဒီမိုကရေစီ တပွင့်

တက်သုတ်ရိုက် သျှမ်း- ဒေသဆွေးနွေးပွဲ ၊ ပန်ဆန်းအခြေပြု နိုင်ငံရေး နဲ့ မှေးမှိန်လာတဲ့ ဒီမိုကရေစီ တပွင့်
by -
စိုင်းထွန်းအောင်လွင် / သျှမ်းသံတောဆင့်
ငြိမ်းချမ်းရေး ဆွေးနွေးတည်ဆောက်မှုကို တပွဲထိုးအဖြေရှာ သဘောတူလက်မှတ်ရေးထိုးဆိုတဲ့ အခမ်းအနားမျိုး အမြင်ထက် ရန်စောင်အမုန်းပွားနေတဲ့ ဘက်နှစ်ဘက်အကြား ရေရှည်တည်တံ့တဲ့ ယုံကြည်မှုကို အချိန်နဲ့အမျှ တည်ဆောက်ပေးရတဲ့ ဖြစ်စဉ်တစ်ရပ်အဖြစ် ရှုမြင်သဘောထားရ မှာဖြစ်တယ် -လို့ ဆိုလာသူကတော့ ဂျိုနသန်ပါဝဲလ်ပဲဖြစ်ပါတယ်။

သူဟာ မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဗြိတိသျှအစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးမှု ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူပါ။တစ်ချိန်တည်းမှာလည်း သူဟာ ဝန်ကြီးချုပ် တိုနီဘလဲရဲ့ ဝန်ကြီးချုပ်ရုံးအဖွဲ့မှူးရာထူးကို ထမ်းဆောင်ခဲ့သူဖြစ်ပါတယ် ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရလက်ထက် ကျင်းပခဲ့တဲ့ ၂၁ ပင်လုံ ပထမအကြိမ်ကိုလည်း ဂျိုနသန်ပါဝဲလ်ဟာ တက်ရောက်ခဲ့ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

စေ့စပ်ဆွေးနွေးမှု ညှိနှိုင်းဖြစ်စဉ်တစ်ခုကို အစပြုလိုက်တာနဲ့ အဲဒီဖြစ်စဉ်ကို ရေရှည်တည်တံ့ဖို့အတွက် ဦးတည်လုပ်ဆောင်ရပါတယ်။ ၄င်းအနေနဲ့တော့ စက်ဘီး သီအိုရီလို့ သတ်မှတ်ပြီး အဆက်မပြတ် စီးနင်းနေရမည်ဖြစ်ကာရပ်လိုက်တာနဲ့ လဲကျသွားမှာဖြစ်တယ်။ ရပ်ပြီး ပြန်နင်းရင်လည်း အားစိုက် ရတယ်။ ဆွေးနွေးပွဲက ဘယ်လောက်ပဲ ပင်ပန်းပါစေ ရပ်တန့်မသွားအောင်လုပ်ဆောင် သွားရမှာဖြစ် သလို ချဉ်းကပ်မှု ပုံစံအဟောင်းတွေနဲ့ အဆင်မပြေရင်လည်း ပုံစံအသစ်အသစ် ချဉ်းကပ်မှုအသစ်နဲ့ အဆက်မပြတ် စဉ်းစားဆွေးနွေးနေရမှာဖြစ်တယ် လို့ ဆိုပါတယ်။

လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့အခါမှာလည်း သံတမန်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေး မှုတွေ လိုပဲ စနစ်တကျတည်ဆောက်ထားတဲ့ ပုံစံတစ်ခုတော့ ရှိဖို့လိုအပ်တယ် လို့လည်း ဟောင် ကောင် ကို တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံရေး ၊ ၁၉၈၀ ခုနှစ်အလယ်ပိုင်းနှစ်များက ဆိုဗီယက် ယူနီယံနဲ့ ပြုလုပ်တဲ့ လက်နက်ထိန်းချုပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲများနဲ့ ဂျာမန်နိုင်ငံ ပြန်လည်ပေါင်း စည်းခြင်း ဆိုင်ရာ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့သူ ဂျိုနသန်ပါဝဲလ်က သူ့ ရဲ့ How to End Armed Conflict စာအုပ်မှာ ရေးသားထားပါတယ်။

လက်နက်ကိုင်အုပ်စုတွေနဲ့ ဆွေးနွေးညှိနှိုင်းရခြင်း ဆိုတာဟာ အစည်းအဝေးတွေ မကြာခဏကျင်းပပြီး လူသိရှင်ကြား လက်မှတ်ရေးထိုးမှု အခမ်းအနားတွေနဲ့ အပစ်အခတ်ရပ်စဲရေးကိုလုပ်လိုက်တာ ထက် စိတ်ရှည်သည်းခံမှုတွေ ၊ ကြီးမားတဲ့ ဉာဏ်ပညာရှိမှုတွေ ၊ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်မှုတွေနဲ့အတူ ရေရှည်အကျိုးမျှော်ကိုးပြီး စီမံထားတဲ့ ဖြစ်စဉ်တွေနဲ့ ချဉ်းကပ်ဖြေရှင်းခြင်းကသာ အကောင်းဆုံးပါပဲလို့ လည်း သူက ဆိုပါတယ်။ ပဋိပက္ခ ဖြေရှင်းမှုနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်မှုအတွက် သူအကြံပြုထားတဲ့ အချက် ၂၀ လောက်ထဲမှာ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စနစ်ကျတဲ့ ဖွဲ့စည်းတည်ဆောက်မှုဖြစ်ဖို့ ၊ စေ့စပ်ညှိနှိုင်းမှုဆိုတာ ဆွေးနွေးငြင်းခုန်မှု Debate နဲ့ တရားဟောဆုံးမ သြဝါဒပေးတာ Preaching မဟုတ်တာကို သတိပြုဖို့ လိုပါတယ်။

ငြိမ်းချမ်း process အတွက် အရှိန်ကို ထိန်းထားဖို့ စကားလုံးတွေရဲ့ အရေးပါမှု ၊ဆွေးနွေးပွဲတွေ ကျင်းပမဲ့ နေရာကို မှန်ကန်စွာရွေးချယ်သတ်မှတ်နိုင်ဖို့က ယုံကြည်မှု တည်ဆော က်ရာမှာ အရေးပါတယ်လို့လည်းဆိုသလို စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်အတွက် စီမံချက် ၁ နဲ့ မအောင်မြင်ရင် အရံသင့် (၂) ဆိုတာ ရှိရန် လိုအပ်မှု ၊ စေ့စပ်ဆွေးနွေးမှုများမှာ အသွင်သ ဏ္ဍဍာန်နဲ့ အမှတ်သရုပ်လက္ခဏာတွေရဲ့ အရေးပါမှုကို အလေးထားမှုကလည်း အရေးကြီးတယ်လို့ မစ္စတာပါဝဲလ်က ဆိုထားပါတယ်။

အရေးကြီးတဲ့အချက်ကတော့ စေ့စပ်ညှိနှိုင်းဆွေးနွေးရေးကိုမဟာဗျူဟာတကျလုပ်ဖို့လိုသလို အခြေအနေ ၊ အချိန်အခါ အလိုက်ပြုလွယ်ပြင်လွယ်ရှိစေရန် စီမံထားဖို့ကလည်း အရေးအကြီးဆုံးဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုဖြစ်နဲ့ပတ်သက်တဲ့ အန္တိမရည်မှန်းချက်ကိုမူ ခိုင်ခိုင်မာမာ အမျှော်အမြင်ရှိရှိထားဖို့ လိုတယ်လို့ သူ့စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

အရေးကြီးတဲ့အချက်ကတော့ ကမ္ဘာတစ်လွှားမှာရှိတဲ့ အမျိုးမျိုးသော စေ့စပ်ညှိနှိုင်းမှုဖြစ်စဉ်တွေဟာ အာဏာခွဲဝေခြင်း ၊ ရင်းမြစ်ခွဲဝေခြင်း စတဲ့ တူညီတဲ့ ကိစ္စရပ်တွေအပေါ်မှာသာ ထပ်ခါတလဲလဲဖြေရှင်းနေကြခြင်းဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုများအတွက် ဆွေးနွေးဘက်တွေအကြား အကောင်းဆုံး ကိုယ်စားပြုမှုကို ဖြစ်ပေါ်စေမဲ့ ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်ကိုလည်း ကြိုတင်စဉ်းစားဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

အောင်မြင်ခဲ့တဲ့ တောင်အာဖရိက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆွေးနွေးပွဲကျင်းပမှု ပုံသဏ္ဍဍာန်အခင်းအကျင်း ကျင်းပမဲ့ နေ့ရက်တွေနဲ့ ပတ်သက်လို့ လူဖြူအစိုးရကကြီးကြီး သီးသန့်ဆုံးဖြတ်တာ မဟုတ်ပဲ အားလုံးပါဝင်တဲ့ ကော်မတီကသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာမှာလည်း နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဆက်စပ်မဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်မှာ ဆွေးနွေးမှု ပုံသဏ္ဍဍာန်အခင်းအကျင်းတွေကို အားလုံးပါဝင်တဲ့ အစုအဖွဲ့ ကော်မတီတွေက ဆုံးဖြတ်ဖို့ NCA နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြဌာန်းခဲ့ကြတာဖြစ်ပါတယ်။ အဓိကအားဖြင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ ပူးတွဲကော်မတီဟာ အဆင့်အလိုက် နိုင်ငံရေးဆွေးနွေးမှုတွေ ၊အစည်းအဝေး ဘယ်နေ့ကျင်းပမယ်ဆိုတာက အစ ဆုံးဖြတ်ရမဲ့ နေရာဖြစ်ပါတယ်။ အဲဒီကော်မတီမှာ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အစိုးရ တာဝန်ရှိသူတွေ ပါဝင်တာပါ။ NCA စာချုပ်ဟာ လွှတ်တော်မှာ အတည်ပြုပြီးပြီဖြစ်တဲ့အတွက် စာချုပ်ပါ အချက်တွေကို လေးစားလိုက်နာ အကောင်ထည်ဖော်ဖို့ ဟာ အားလုံးမှာ တာဝန်ရှိပါတယ်။

ဆွေးနွေးပွဲ အဆင့်ဆင့် ကျင်းပမှုတွေက အစ UPDJC မှာ ဆုံးဖြတ်ရမှာဖြစ်သလို NCAနဲ့ ပတ်သက်လို့ အကြပ်အတည်းမှန်သမျှဟာ JICM လို့ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ပူးတွဲညှိနှိုင်းမှု အစည်းအဝေး ( ထိပ်သီးခေါင်းဆောင်တွေပါဝင်တဲ့ ) မှာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ယုတ်စွအဆုံး ဖြစ်စဉ် ရပ်တန့်နေတာတွေကအစ ဆွေးနွေးမှု ဖြစ်စဉ် ဆက်မသွားနိုင်တာ ၊ အလုပ်ဖြစ်နိုင်ဖွယ်ရှိတဲ့ အခင်းအကျင်း မပေါ်ပေါက်တာက အစ NCAအရ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ JICM မှာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒိုင်ယာလော့ခ်နည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာမှုဖြစ်စဉ်တွေမှာ အားလုံးရဲ့ ပါဝင်ပတ်သက်မှုဟာ အဓိပ္ပာယ်ရှိတဲ့ ပါဝင်ပတ်သက်မှုဆိုတဲ့ စိတ်ခံစားမှုဖြစ်ပေါ်စေခြင်းဟာ ယုံကြည်မှု တည်ဆောက်ရေးမှာ အရေးပါလှသလို ဖြစ်စဉ်ကို နိုင်ငံရေးအဖွဲ့အစည်းတစ်ခုတည်းက ပိုင်တာမဟုတ်ဘူးလို့လည်း ပြသရာရောက်ပါတယ်။

ဖော်ပြခဲ့တဲ့ UPDJC ကော JICM ကော အစိုးရသစ် လက်ထက်မှာ အသက်မဝင် ဖြစ်လာတာက တော့ စိတ်မကောင်းစရာပဲဖြစ်ပါတယ်။ ဧပြီလ ၂၀ ရက်နေ့ မနက်နိုးနိုးခြင်းမှာပဲ ဖေ့ဘုပ်ဖွင့်ကြည့်လိုက်တော့ သတင်း တပုဒ်ကို တွေ့ရပါတယ်။ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခွင့်မရတဲ့ တောင်ကြီးမြို့မှာ ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အစိုးရက ဦးဆောင်လို့ ရက်ပွဲအတွင်း တက်သုတ်ရိုက်ကျင်းပမဲ့ သတင်းပါ။ ဒီသတင်းကို ဆက်ဖတ်ကြည့်တော့ ဒေသတွင်း အပစ်ရပ်ထားတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ RCSS/SSA သျှမ်းပြည်တပ်မတော်တောင် တက်ရောက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ သူတို့လည်း ကြိုတောင် မသိဘူးလို့ ပြောထားပါတယ်။ သူတို့ ပြောတာကလူထု ဆန္ဒအရ အမျိုးသားအဆင့် ဆွေးနွေးပွဲကျင်းပမှု မလုပ်နိုင်သေးပဲ ဒေသအလိုက်ကို တက်သုတ်ရိုက်အဆင့်ကျော်ပြီး သွားလုပ်ရင် ၂၁ ပင်လုံမှာတောင်သွားပြီး အခက်တွေ့ဦးမယ်လို့ ဆိုထားပါတယ်။ ပိုဆိုးတာက ဒီအစည်းအဝေးကျင်းပမှုကို UPDJC ကနေ ဆုံးဖြတ်တာ မဟုတ်ပဲ အစိုးရ အစီစဉ်နဲ့ သီးခြား တက်သုတ်ရိုက်လုပ်လာတာဖြစ်ပါတယ်။ သီအိုရီတွေအရ ဆွေးနွေးပွဲ အဆတ်မပြတ်ရှိခြင်းဟာကောင်းပေမဲ့ အလုပ်ဖြစ်နိုင်ဖွယ် ကြိုတင်ပြင်ဆင်မှု ရှိမရှိ ဆိုတာ အရေးပါတဲ့ အချက်ဖြစ်ပါတယ်။

ဒါ့အပြင် NCA စာချုပ်အကြောင်းပြောနေပြီး NCA နိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး စာချုပ်ပါ အချက်တွေကို အကောင်ထည်ဖော်မှု အားနည်းတာ ၊ ဆွေးနွေးဘက်တွေရဲ့ အခွင့်အရေးတွေကို မလေးစားပဲ မိမိသဘောနဲ့ ဆုံးဖြတ်မှု ဆိုတဲ့ အနေထားပါ တွေ့မြင်လာရတာပဲဖြစ်ပါတယ်။ တောင်ကြီးမှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဒီအစည်းအဝေးမှာ ဒေသတွင်း အပစ်မရပ်ထားတဲ့ အဖွဲ့တွေလည်း ပါဝင်ခွင့်ရမရ ၊ အရပ်ဘက် အဖွဲ့အစည်းကဏ္ဍဍ စတာတွေလည်း ရေရာမှု မရှိလှပါဘူး။ ခြံုငုံသုံးသပ်ရမယ်ဆိုရင်တော့ မေလအတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ၂၁ ပင်လုံမတိုင်မှီ အပြကောင်းရုံသက်သက်လောက်ပဲဖြစ်ပါလိမ့်မယ်။ သျှမ်းပြည်နယ်အတွင်းမှာ အဓိက တိုင်းရင်းသား အင်အားစုဖြစ်တဲ့ သျှမ်းအမျိုးသားအဆင့်ဆွေးနွေးပွဲ မလုပ်ရသေးပဲ ကျန်တဲ့ ပအိုဝ်းလို တိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲတွေသာ ကျင်းပနိုင်သေးပြီး ဒေသအလိုက် ဆွေးနွေးပွဲကို အစိုးရ သဘောနဲ့ ကျင်းပတာဟာ တိုင်းရင်းသားတွေ ပူးပေါင်းပါဝင်ဆုံးဖြတ်ခွင့်ကို အများစု မဂျော်ရတီနဲ့ လိုသလို ပုံစံသွင်းတဲ့ သဘောပါ ဆောင်သလို သွေးခွဲအုပ်ချုပ်တဲ့ သဘောဆောင်ပါတယ်။ အခုမှ ဒီလိုဖြစ်နေတာတော့မဟုတ်ပါဘူး။ ၂၁ ပင်လုံကျင်းပမယ်လို့ ဒေါ်အောင်ဆန်းစုကြည် စပြောလိုက်ကတည်းက ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပါတီတွေ တရားဝင် ကော်မတီတွေနဲ့ ဆွေးနွေးမှု မပြုပဲ ကြိုတင်ကြေငြာခဲ့တာ သတိထားမိပါတယ်။ NCA မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို မေးငေါ့နေတဲ့ အစိုးရအနေနဲ့ မိမိကိုယ်တိုင်လည်း NCAနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကျေညှက်နားလည်ဖို့လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ UPDJC ဥက္ကဌ ဖြစ်လို့ ဒီလို ဆုံးဖြတ်တယ်ဆိုရင်တောင် မူအရ ကော်မတီအဖွဲ့ဝင်တွေနဲ့ အတွင်းရေးမှူးလို နေရာရာထူးတွေမှာ တိုင်းရင်းသားအင်အားစုတွေ ပါဝင်တဲ့အတွက် သူတို့နဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ဖို့ လိုပါတယ်။ ဒါမှ မဟုတ်ရင် ဗဟို ဦးစီးစနစ်နဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်သာဖြစ်နေပါလိမ့်မယ်။ လတ်တစ်လောမှာပဲ NCA ထိုးပြီးသား အဖွဲ့တွေမှာတောင် NCA စာချုပ်ပါ အချက်တွေကို အကောင်ထည်ဖော်ပေးမှု အားနည်းတဲ့အတွက် စိတ်ပျက်မှုတွေ ရှိလာတာက ငြင်းမရ နိုင်တဲ့ ကိစ္စပါ။

ဒီလို ဆွေးနွေးပွဲတွေကို အလုပ်ဖြစ်ဖြစ် မဖြစ်ဖြစ် ဗဟို အစိုးရ သဘောအတိုင်း လုပ်နေတာက အမျိုးသားအမှတ်သညာ ရုပ်လက္ခဏာအရလည်း မေးခွန်းထုတ်စရာ ရှိပါတယ်။ စိတ်ဝမ်းကွဲမှု များပြားတဲ့ လူ့အဖွဲ့အစည်းတွေမှာ တိုင်းရင်းသားမျိုးနွယ်စု ဆိုင်ရာ လက်နက်ကိုင် ပဋိပက္ခတွေရှိတာ သဘာဝဖြစ်ပြီး အဲဒီ ပဋိပက္ခတွေကို စီမံခန့်ခွဲရာမှာ ဒီမိုကရေစီ အလေ့အထတွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာပြီး စည်းရုံးရစမြဲဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အထ မဟုတ်တဲ့ အကျင့်တွေ ၊ လက်အောက်ခံ ဘဝ ကျရောက်မှု အပါဝင် ဗဟိုချုပ်ကိုင်မှုများလွန်းတာ ၊တွေကို ဖြေရှင်းရတာဟာ တိုင်းရင်းသားမျိုးနွယ်စု ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ကြံုတွေ့ရမြဲဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အထအားနည်းတဲ့ လူ့အဖွဲ့အစည်းမှာ ဒီမိုကရေစီအရ အသွင်ကူးပြောင်းမယ်ဆိုရင် ဦးဆောင်သူတွေကိုယ်တိုင် ဒီမိုကရေစီအလေ့အထတွေဖြစ်တဲ့ ညှိနှိုင်းတိုင်ပင်စေ့စပ်ဆွေးနွေးတဲ့ အလေ့အထတွေကို အသုံးပြုမှုကသာ မျိုးနွယ်စု လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဒီမိုကရေစီ အလေ့အထ မရှိသူတွေအတွက် ဦးဆောင်လမ်းပြအနေနဲ့ အထောက်အကူ ပြုသလို ဖြစ်ပါစေလိမ့်မယ်လို့ တီမိုသီဆစ့်ရဲ့ Power sharing and International Mediation In Ethnic Conflict ဆိုတဲ့ စာအုပ်မှာ ဖော်ပြထားပါတယ်။ မဂျော်ရတီသာ အနိုင်ရတဲ့ ဒီမိုကရေစီစနစ် မြန်မာလို စနစ် ( တိုင်းရင်းသားမျိုးနွယ်စု တစ်မဲ ဗမာတစ်မဲ မဖြစ်နိုင် ဥပမာ သျှမ်းလူဦးရေနဲ့ ဗမာလူဦးရေ ကွာခြားမှုအရ ဗမာသာ မဲအများစု အမြဲရနိုင် )တွေမှာ လူဦးရေနည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ ရွေးကောက်ပွဲစနစ်ကို ကြောက်ကြတာ သဘာဝပဲဖြစ်ပါတယ်။ ( ဥပမာ မြောက်အိုင်ယာလန် ပြည်တွင်းစစ် ရွေးကောက်ပွဲတွင် လူဦးရေများသော ပရိုတက်စတင့်တွေသာ အမြဲအနိုင်ရပြီး သူတို့သဘောအတိုင်းသာ အမြဲဆုံးဖြတ်တဲ့အတွက် ရိုမန်ကက်သလစ်တွေက လက်နက်ကိုင် ဆန့်ကျင်၊ ဒါကြောင့် အာရင်းလိပတ်ချ်လို ပုဂ္ဂိုလ်တွေကတော့ မဂျော်ရတီမဲများတိုင်း၊ လူဦးရေများတိုင်း အနိုင်ရတဲ့ စနစ်ကို ဒီမိုကရေစီလို့ မသတ်မှတ်ဟု ဆိုခဲ့တာဖြစ်နိုင်ပါတယ်။ )

တိုင်းရင်းသားမျိုးနွယ်စုတွေကို အာဏာခွဲဝေမှု ပြုလုပ်တဲ့ အလေ့အကျင့်နဲ့ Consociational ပုံသဏ္ဍဍာန်း တနည်းအားဖြင့် အသွင်မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအကြား နိုင်ငံရေးအရနဲ့ ကိုယ်စားပြုမှု ရှိသူတွေကို အာဏာခွဲဝေပေးတဲ့ ပုံစံမျိုးက အသင့်တော်ဆုံးဖြစ်တယ်လို့ သီမိုတီဆစ့်က ဆိုပါတယ်။ တောင်အာဖရိကမှာ မင်ဒဲလား သမ္မတဖြစ်စေခဲ့တဲ့ ကြားဖြတ်ဖွဲ့စည်းပုံမှာ အင်အားစု အားလုံးပါဝင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခဲ့မှုဟာ ငြိမ်းချမ်းရေးအရကော အသွင်ကူးပြောင်းရေးအတွက် အထောက်အကူပြုစေခဲ့ပါတယ်။ မြန်မာမှာတော့ NLDအနေနဲ့ တိုင်းရင်းသားအချိုှု့ကို ရာထူးနေရာပေးခဲ့တာ ရှိပေမဲ့ နိုင်ငံရေးအရ သဘောတူညီချက်တွေနဲ့ ပေးတာ မဟုတ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးအစိုးရလို့ အပြည့်အဝ မဆိုနိုင်ခဲ့တဲ့အတွက် အသွင်သဏ္ဍဍာန်သာရှိတဲ့ Cohabiting တနည်းအားဖြင့် ပဋိဉာဉ်မပါတဲ့ အစိုးရလို့ သာ ဆိုနိုင်ပါတယ်။ NLDနဲ့ တိုင်းရင်းသားတွေအကြား ယုံကြည်မှု ယိုယွင်းလာမှုကို ကြည့်မယ်ဆိုရင် အစိုးရဖွဲ့စည်းမှု ကာလကတည်းက စတယ်လို့ ဆိုနိုင်ပါတယ်။ အကွဲအကြီးနဲ့ အကွဲအသေးအကြား အကြီးကို ကိုင်တိုင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ ရေရှည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တော့ ကောင်းလှတဲ့ လက္ခဏာ မဟုတ်ပါ။ ချောင်းဆုံမြို့နယ်က ဗိုလ်ချုပ်အောင်ဆန်းတံတားကိစ္စဟာ ဒီမိုကရေစီအရ အနိုင်ကျင့်မှုဖြစ်သလို မျိုးနွယ်စု တိုင်းရင်းသားတွေဘက်က အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးအတွက်လည်း မေးငေါ့စဉ်းစားစရာ ကိစ္စဖြစ်ပါတယ်။ တိုင်းရင်းသားမျိုးနွယ်စု ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အစိုးရဘက်တွေနဲ့ ပညာရှင်တွေအကြား အမြင်မတူတတ်မှုတွေမှာ အဓိက ကျတာက တစ်ခါတစ်ခါအစိုးရတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ် မြန်မြန်ပြီးမြောက်လိုဇော ( သို့မဟုတ် ) ၄င်းတို့ အစိုးရသက်တမ်းအတွင်း အမြန်ပြီးပြတ်လိုစိတ်နဲ့ ကြံုသလို လုပ်တတ်တာဟာ အကြီးမားဆုံးအမှားဖြစ်တယ်လို့ တီမိုသီဆစ့်က ထောက်ပြပါတယ်။ ပညာရှင်တွေ စကော်လာတွေရဲ့ ချဉ်းကပ်မှုမှာတော့ တက်သုတ်ရိုက်ကြံုသလို လုပ်တာ မဟုတ်ပဲ ရေရှည်ခိုင်မာမှုကို အခြေခံပြီး စနစ်တကျချဉ်းကပ်မှုမျိုးကို အားပေးကြပါတယ်။ အဲလို အခြေခံတဲ့အတွက်လည်း မမျှော်လင့်ပဲ အချိန်တိုတိုအတွင်း အောင်မြင်သွားတာတွေလည်း ရှိပါတယ်လို့ တီမိုသီဆစ့်က ထောက်ပြပါတယ်။

လက်ရှိ အချိန်ကို ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပထမအကြိမ် ၂၁ ပင်လုံပြီးကတည်းက အကြပ်အတည်းကာလထဲကို ရောက်နေခဲ့ပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း NCAကို လက်မခံပဲ ဆွေးနွေးမဲ့ အုပ်စုတွေ ပထဝီနိုင်ငံရေးလို ကိစ္စတွေကလည်း အားကောင်းလာခဲ့ပါပြီ။ အဲဒီလို အခြေနေမှာ ထွက်ပေါက်က အနည်းငယ်သာ ရှိပါတယ်။ လက်မှတ်ထိုးပြီးသားအဖွဲ့အစည်းတွေ ၊ သက်ဆိုင်ရာ မျိုးနွယ်စု အလိုက် ကိုယ်စားပြုတဲ့ ပါတီ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိမှု ၊ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း ဒီအချိန်မှာ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာလည်း လက်မှတ်ထိုးပြီးသားအဖွဲ့တွေမှာကော မထိုးသေးတဲ့ အဖွဲ့တွေမှာပါအစိုးရကိုကျော်လို့ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးဆိုတဲ့ အယူအဆအားကောင်းလာတာလည်း ငြင်းမရနိုင်တဲ့ ကိစ္စပါပဲ။ ‘ အစိုးရ တက်တာ တစ်နှစ်ကျော်ရှိပြီဘာမှ တိုးတက်မှု မရှိဘူး။ တာဝန်ယူမှု တာဝန်ခံမှုကလည်း မရှိဘူး။ တရားဟောတာ ဟန်ပြလုပ်တာနဲ့ပဲ အချိန်ကုန်နေတယ်လေ။ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးရေးအယူအဆ အားကောင်းလာတာလည်း အဆိုးဆိုလို့မရဘူး။ ‘ လို့ NCA အပစ်ရပ်စာချုပ်ထိုးထားတဲ့ အဖွဲ့တစ်ဖွဲ့မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ သျှမ်းပြည်တပ်မတော် RCSS/SSA ဆိုရင် NCA အပါအဝင် အပစ်ရပ်စာချုပ် စုစုပေါင်း ၃ ခု လက်မှတ်ရေးထိုးထားပေမဲ့ အကောင်ထည်ဖော်မှု အားနည်းတဲ့အတွက် တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်နေတာတွေ့ရပါတယ်။

ဝ တပ်ဖွဲ့တာဝန်ရှိသူ တစ်ဦးကတော့ ‘ တပ်နဲ့ တိုက်ရိုက်ဆွေးနွေးတာဟာ အခုလက်ရှိအနေထား ထက်စာရင် ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်ဗျာ။ ‘ လို့ စာရေးသူအားပြောဆိုဖူးပါတယ်။

ဝ ဒေသ ပန်ဆန်းအစည်းအဝေး ထုတ်ပြန်ချက်ဟာ NCA လိုင်းကို ကျော်လို့ သီးသန့် ဆွေးနွေးမဲ့ အစီစဉ်ဖြစ်ပြီး တောင်းဆိုမှုကော နိုင်ငံရေးအရ တင်းမာတဲ့ သဘောရှိပါတယ်။ NCA ထိုးပြီးသားအဖွဲ့တွေတောင် အကြပ်ရိုက်နေမှုမှာ မထိုးသေးတဲ့အဖွဲ့တွေကလည်း သူတို့တောင် ဘာမှ မရေရာသေးဆိုတာမျိုး NCA မထိုးသေးတဲ့ အဖွဲ့တွေက ထောက်ပြနိုင်သလို အခန့်မသင့်ရင် ထိုးပြီးသားအဖွဲ့တွေတောင် အမာလိုင်းဘက် ကူးသွားနိုင်မလား ဆိုတာ မပြောနိုင်တဲ့ ကိစ္စပါ။

တပ်နဲ့ လက်နက်ကိုင် အချင်းချင်း ဆွေးနွေးမယ်ဆိုတဲ့ အနေထားမှာ လက်နက်ကိုင်ထားတဲ့ စစ်ဘုရင်အချင်းချင်း ပြေလည်ကောင်း ပြေလည်သွားနိုင်ပေမဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ အရပ်သား အခန်းကဏ္ဍဍအတွက် တော်တော်လေးကို ပြဿနာ ရှိလာပါတယ်။ အရပ်သားအခန်းကဏ္ဍဍ ဘေးရောက်လာရင်ဒီမိုကရေစီ အလေ့အထ ဆုတ်ယုတ်လာမှာ ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေမှာပါ အများကြီး ပြဿနာ ရှိလာနိုင်ပါတယ်။ ဒီမိုကရေစီ အစိုးရရဲ့ မဟာဗျူဟာကင်းမဲ့မှုကြောင့် ဒီမိုကရေစီ အခန်းကဏ္ဍဍနဲ့ အရပ်သားအခန်းကဏ္ဍဍ မှေးမိန်လာမဲ့ အလားအလာမြင်တွေ့နေရတာဟာ စိုးရိမ်စရာ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံ ၊ တာဝန်ယူမှု မရှိတာတွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ယုံကြည်မှု လျော့နည်းပြီး အမာလိုင်းအားကောင်းလာနိုင်တာကို ထည့်သွင်းတွက်ချက်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း အင်အားစုတွေအားလုံး ကိုင်စွဲလာခဲ့တဲ့ တပ်မတော် ၊ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများဆိုတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးမူမှာ ဒီမိုကရေစီ တပွင့်က ဒီမိုကရေစီ အစိုးရလက်ထက်မှာ မှေးမိန်လာတော့မလားဆိုတာလည်း တွေးဆစရာပါ။ အရပ်ဘက်အဖွဲ့အစည်းကဏ္ဍဍ NLDမဟုတ်တဲ့ အခြားဒီမိုကရေစီ အင်အားစုတွေ ဘေးရောက်နေမှု ရွေးကောက်ပွဲအနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေတောင် နေရာမရမှုတွေက လက်နက်ကိုင် နိုင်ငံရေးအတွက် အားကောင်းစေနိုင်တဲ့ အခင်းအကျင်းပဲဖြစ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုရင် မတ်လ ၂၇ တပ်မတော်နေ့မှာ ၂၁ ပင်လုံအကြောင်းတောင် မပြောတော့သလို ၊ ပတ်ဝန်းကျင် အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်က မြင်သာတဲ့ ကာလအတွင်းမှာ ပြေလည်သွားဖို့ အလားအလာနည်းတယ်လို့ တရုတ်ဘက်က ယူဆထားကြောင်း တရုတ်- မြန်မာအရေး လေ့လာသူ ဒေါက်တာယွန်ဆင်ရဲ့ မကြာသေးခင်က သူမရဲ့ ဆောင်းပါးဖြစ်တဲ့ China and Myanmar’s Peace Process ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ယွန်ဆင်ရဲ့ ဆောင်းပါး အနှစ်ချုပ်ကတော့ သဘောကတော့ စိတ်ရင်းစေတနာမှန်နဲ့ စနစ်တကျ မဖြေရှင်းနိုင်လေလေ မြန်မာနိုင်ငံ မြောက်ပိုင်းက ပဋိပက္ခက ကြာလေလေဆိုတဲ့ သဘောပါ။

Ref; Talking to Terrorists- How To End Armed Conflicts – Jonathan Powell
Power Sharing and International Mediation in Ethnic Conflicts- Timothy D. Sisk
China and Myanmar’s Peace Process- Yun Sun

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...