ရေးတော့ရေးချင်ပေမဲ့ မရေးရဲဘူး

ရေးတော့ရေးချင်ပေမဲ့ မရေးရဲဘူး
by -
ခိုနူမ်းထုန်
ဆလိုင်းအွခ်လားဘိခ်(မတူပီ) - ပြောတော့ပြောချင်ပေမဲ့ မပြောရဲတာတွေ၊ ရေးတော့ရေးချင်ပေမဲ့ မရေးရဲတာတွေဖုံးကွယ်ထားတာရက်လနှင့်ချီ၍ နှစ်သို့တိုင်ရှည်ကြာနေပါပြီ။ ကျွန်တော်သည် စာဖတ်စာရေးဝါသနာထုံသည်။ ခရီးထွက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပုဂ္ဂိုလ်ထူးများအား တွေ့ဆုံဆွေးနွေးခြင်း၊ အခမ်းအနားတက်ရောက်ခြင်း၊ လူမှုဝန်ထမ်းများပါ၀င်ကူညီခြင်း၊ သာရေးနာရေး၌ ပါ၀င်လှုပ်ရှားခြင်း၊ တေးသီချင်းနားထောင်ခြင်းတို့လည်း ထမင်းဟင်းမေ့ပစ်သည်အထိ ၀ါသနာပါလေသည်။

အထုံဝါသနာအရ တွေ့ရသမျှစာအုပ်စာပေများဖတ်ရှုသည်။ စာအုပ်ဆိုင်၊ စာကြည့်တိုက်များသို့လည်းဝင်ကာ ပညာရှာမှီးခဲ့ သည်။ သတင်းစာ၊ ဂျာနယ်စာစောင်များဝယ်ယူဖတ်ရှုသည်။ လောကီလောကုတ်စာပေသာမက သုတရသစာပေများပါ ဖတ်ရှုလေ့လာသည်။ အဓိကအားဖြင့် သမိုင်းဆိုင်ရာ၊ အတ္ထုပတ္တိဆိုင်ရာနှင့် မျိူးဆင်းသက်ပျံ့နှံ့လာပုံများ ဦးစားပေးဖတ်ရှု လေ့လာခဲ့သည်။

ထို့အပြင် သမိုင်းပညာရှင်များ၊ စာရေးဆရာနှင့် ကဗျာဆရာများနှင့်လည်း တွေ့ဆုံကာ အမြင်ချင်းဖလှယ်ခဲ့သည်။ လူကြီး လူကောင်းများထံ ချဉ်းကပ်ကာ ဘဝဖြစ်ရပ်များ၊ ထိုသူတို့လုပ်ဆောင်ချက်များမေးမြန်းမှတ်သားခဲ့သည်။ ဤသည် အထုံဝါသနာကြောင့် စာရေးဆရာ တက္ကသိုလ်စိန်တင်၊ ဒေါက်တာသက်လွင်၊ သန်းဝင်းလှိုင်တို့အား ၀မ်းသာအားရစွာဖြင့် လက်ဆွဲနှုတ်ဆက်ခဲ့ဘူး၏။ နိုင်ငံကျော်စာရေးဆရကြီးများကလည်း တန်ဖိုးဖြတ်၍မရသည့် စာအုပ်များ အမှတ်တရအဖြစ် ပေးကမ်းခဲ့၏။

တစ်ဖန်၂၀၁၇ ခုနှစ်မတ်လ (၁၇)ရက် ဗုဒ္ဓဟူးနေ့တွင် မတူပီမြို့၊ ဘုံတလာခန်းမဆောင်ဝင်း၌ချင်းဂျာနယ်(Khonumthung) အယ်ဒီတာ ဆလိုင်းရောဘတ်နှင့် အမှတ်မထင်တွေ့ဆုံပြီး ချင်းဂျာနယ်နှင့် ဆလိုင်းဗန်ကျူံးလျန်(ယူကေ) ရေးသားတဲ့ သူရဲကောင်း ဗိုလ်ကြွန်ဘိခ်အတ္ထုပတ္တိစာအုပ်ကို မေတ္တာလက်ဆောင်အဖြစ်ပေးအပ်ရင်း စာမူတောင်းခံခြင်းကိုလည်း တရိုတသေဖြင့် ဤသည် ချင်းသမိုင်းကြောင်းထဲက ဖြစ်ရပ်လေးများကို ပင်ပန်းနစ်နာခံကာ ကလောင်သွေးနေရခြင်း ဖြစ်သည်။

သာစေနာစေ မနောဆိုးသဘောပုပ်ဖြင့် သူတစ်ပါး၏ အပြစ်အနာအဆာနှင့် အားနည်းချက်တို့ကို ထိုးနှက်ပြသခြင်း၊ ဝေဖန်ပုပ်ခတ်ခြင်းလုံးဝမဟုတ်၊ အရှိကိုအရှိအတိုင်း ၀န်ခံကာ အမှန်တရားကို ချစ်မြတ်နိုးရန်ဆန္ဒဖြင့် ချင်းသမိုင်းဖြစ်ရပ်မှန် ပေါ်ထွက်ရန်၊ မျိူးချစ်နိုင်ငံရေးသမားများပေါ်ထွန်းရန်၊ မျိူးဆက်သစ်တက်လူငယ်များက ချင်းသမိုင်းကြောင်းလေ့လာသိရှိ နိုင်ရန်နှင့် သမိုင်းကြောင်းဖြစ်ရပ်ထဲက အားနည်းချက်များအပေါ် ဘဝသင်ခန်းစာရယူနိုင်ပါရန်အဓိကရည်ရွယ်လျက် ဤသည် ဆောင်းပါးကို စာအုပ်စာတမ်းများဖတ်ရှုလေ့လာပြီး ရေးသားပြုစုနေရခြင်းဖြစ်ပါသည်။

ချင်းဆိုတာ ဘယ်လိုပါလိမ့်

၂၀၁၂ ခုနှစ်ဧပြီလ (၂၀) ရက်နေ့တွင် ဖလမ်းမြို့ရောက်ရှိခဲ့ပြီး ဆရာကြီး ဦးဗန်ကြီးအိမ်၌ တစ်ညတည်းခိုအိပ်ခဲ့၏ လိုင်လွန်ဂူသို့လည်းသွားရောက်လေ့လာခဲ့၏ လိုင်ဇိုးရွာသို့လည်း သွားရောက်ကာ သူရဲကောင်း ကာနယ်ဟရန်ထီယိုအုတ်ဂူ သို့လည်း ဆိုင်ကယ်ဖြင့်သွားရောက်ကာဦးညွတ်ဂါရဝပြုခဲ့၏။

ထိုမှအပြန် အဲဖ်ဘီစီ(FBC) လက်ဖက်ဆိုင်၌ ခဏနားခဲ့စဉ် ကြားသိခဲ့သည်ကား “ ချင်းအစား ဇိုမီး အမည်နာမကို သုံးစွဲနေရမှာ၊ ချင်းဆိုသည့် စကားလုံး တို့ဘာသာစကား၌မရှိဘူး “ အဓိပ္ပါယ်လည်းမရှိဘူး” ဇိုမီးဆိုတာ အမည်ရင်းဖြစ်လို့ဘဲ ဇိုမီးဘပ်တစ်ကွန်ဗင်းရှင်း(Zomi Baptist Convention) အဖြစ်ဖွဲ့စည်းရပ်တည်နေကြတယ်။ ချင်းဆိုတာ နယ်ချဲ့အင်္ဂလိပ် တွေက သိမ်းသွင်းအုပ်ချူပ်ခဲ့ပြီးနောက် မှည့်ခေါ်တာပဲဖြစ်တယ်။ ဗမာတွေက မှည်ခေါ်တဲ့ အမည်နာမပဲဖြစ်တယ် ဆိုပြီး အမည်မသိသည့်လူကြီးတစ်ဦးကပြောဆိုခဲ့ဘူး၏

လေ့လာ သုံးသပ်ချက်

            ကိုလိုနီခေတ်ဦး တော်လှန်ရေးသမိုင်းဝင် အာဇာနည်များစာအုပ်တွင်ရေးသားဖော်ပြချက်အရ ၁၈၈၇ ခုနှစ်မတ်လ တွင် အထက်ချင်းတွင်းခရိုင်၊ ကလေးမြို့သို့ အရေးပိုင်ဗိုလ်ကြီးရိုက်သည်ရောက်ရှိလာပြီး ဘုန်းကြီးကျောင်း၌ စီယင်းချင်း အမျိူးသားခေါင်းဆောင်များဖြစ်သော ထွန်းစံ၊ ဟောက်စံ၊ ဒေါစံ၊ ထင်းစံတို့နှင့်အတူ တွေ့ဆုံဆွေးနွေးသည်။ တာရွှန်းချင်း ခေါင်းဆောင် ဗိုလ်ကြွန်ဘိခ်နှင့်တွေ့ဆုံရန် ဆက်သားစေလွှတ်ခဲ့ရာ၊ ဗိုလ်ကြွန်ဘိခ်က မိမိသည် အင်းဒင်သို့မလာနိုင်၊ မိမိိကို တွေ့လိုက ချင်းတောင်ခြေရှိ စီဟောင်ရွာသို့လာရောက်တွေ့ဆုံရန်အကြောင်းပြန်လိုက်သည်။ ၁၈၈၇ ခုနှစ် မေလ ၄-၅ ရက်နေ့တွင် ဗိုလ်ကြွန်ဘိခ်၊ ရွှေဂျိူးဖြူမင်းသား၊ ဗိုလ်သာဒွန်း၊ ဗိုလ်တုတ်စံတို့နှင့်ပူးပေါင်း၍ ရရာလေးမြှားကိုင်ဆောင်ကာ နယ်ချဲ့အင်္ဂလိပ်တို့အား တော်လှန်ခဲ့ကြသည်။

နယ်ချဲ့အင်္ဂလိပ်တို့သည် ချင်းတောင်တန်းဒေသကို ၁၈၈၇-၈၈ ခုနှစ်နောက်ပိုင်း၌သာ ရောက်ရှိခဲ့ကြသည်။ ၁၈၇၆ ခုနှစ်တွင် ကုလားတန်မြစ်ကမ်း ပလက်ဝမြို့ကို စတင်တည်ထောင်ခဲ့သည်။ ၁၈၈၆ ခုနှစ်ဖေဖော်ဝါရီလတွင် နယ်ချဲ့တို့သည် မင်းတပ်သို့ စတင်ရောက်ရှိခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဂျီအိပ်ချ်လုစ်က သုတေသနပြုပြီး ရေးသားဖော် ပြထားသည်မှာ “ ပုဂံမင်းများလက်ထက်တွင် ချင်းလူမျိူးများသည် ချင်းတွင်းပတ်ဝန်းကျင်တွင် နေထိုင်ကြသည်။ ချင်းတွင်းဟူသောစကားလုံးသည် ချင်းလူမျိူးများ၏ နေထိုင်ရာတွင်းဟု အဓိပ္ပါယ်ရှိသည်။ (၁၃) ရာစု ပုဂံ ကျောက်စာတွင် ချင်းနှင့်ချင်းတွင်းများကို ဖော်ပြထားသည်’’ ဟု ရေးသားခဲ့သည်။

စာရေးဆရာ မင်းသုဝဏ်၏ မြန်မာနိုင်ငံရှေးခေတ်ဘာသာပြန်သမိုင်းအချူပ်စာတမ်းတွင် ခိုင်မာသော အထောက် အထားများအရ မြန်မာတို့အကြောင်းကို စတင်တွေ့ရှိရသောအခါတွင် မြန်မာတို့သည် မိမိတို့ချည်း သက်သက်နေထိုင်ကြ သည်မဟုတ်။ အခြားလူများနှင့် ထွေးရောယှက်တင်ဆက်ဆံပေါင်းသင်းနေထိုင်ကြပေပြီဟု ရေးသားထားပြီး အမှတ်စဉ်(၆) ချင်းအမည်နာမကိုလည်း ရေးထိုးသည်။ အချိူ့သမိုင်းပညာရှင်များကမူ ချင်းတို့သည် တရုတ်ပြည်နှင့် တိဗက်ကုန်းပြင်မြင့် အကြားတွင် နေထိုင်လာခဲ့စဉ်ကပင် ‘ချိယန်’ အမည်ဖြင့်ရှိနေနှင့်ပြီးဖြစ်သည်ဟု ယူဆကြသည်။

ဆာအာသာဖယ်ရာက မြန်မာပြည်အနောက်မြောက်ဖက်ရှိ ချင်းလူမျိူးတို့အကြောင်းသိရှိလိုကြောင်း ၁၈၆၉ ခုနှစ် တွင် မင်းတုန်းမင်းထံစာရေးအကြောင်းကြားခဲ့၏ ထို့ကြောင့် ချင်းဆိုသည့် အမည်နာမသည် နယ်ချဲ့အင်္ဂလိပ်တို့ရောက်ရှိ သိမ်းသွင်းခဲ့ပြီး မှ ပေါ်လာသော အမည်နာမမဟုတ်ချေ။ အင်္ဂလိပ်တို့က မှည့်ခေါ်သော အမည်နာမမဟုတ်ချေ၊ ဗမာတို့က ခေါ်ဆိုသော အမည်နာမလည်း မဟုတ်ချေ။ ရှေးမဆွကတည်းကပင် လူမျိူးတစ်ရပ်အမည်နာမအဖြစ်တည်ရှိနေခဲ့ပြီးဖြစ်  ပေသည်။

မီဇိုဆိုတာ ဘာလဲ

၁၉၉၁ စက်တင်ဘာ (၂၇) ရက်နေ့တွင် မီဇိုရမ်မြို့တော် အိုင်းယောလ်မြို့၊ မီဇိုအမျိူးသားခေါင်းဆောင် ပူးလာလ်ဒိန်းငါအုတ်ဂူသို့သွားရောက်ခဲ့၏ ထိုမှအပြန် ဟွာလ်ငိုးစာအုပ်တိုက်ရောက်ရှိပြီး ဖတ်ရှုလိုသည့် စာအုပ်များ ၀ယ်ယူခဲ့၏ အမည်မသိတစ်ဦးက လက်ဖက်ရည်နှင့်ဧည့်ခံသည်။ ဤသို့ လက်ဖက်ရည်သုံးဆောင်ရင်း မိတ်ဖွဲ့ခဲ့၏ စကားပြောရင်းပြောရင်းနှင့်ကြားသိခဲ့သည်မှာ “ ငါတို့လူမျိူးရဲ့အမည်ရင်းကတော့ လူရှေပါပဲ။ မီဇိုဆိုတာ ဆူပူသောင်းကျန်းမှုရှိခဲ့ပြီး ပူးလာလ်ဒိန်းငါ(Pu Laldenga) ကနေ အသစ်တစ်ဖန်အမည်နာမပြောင်းလဲခေါ်ဝေါ်တာဖြစ် တယ်။ ကဘော်ခမ်းပတ်တစ်ဝိုက်နေထိုင်ခဲ့စဉ်က လူမျိူးနာမည်ကတော့ လူရှေပါပဲ။ ဒုလျန်ဘာသာစကားကို ပြောဆိုနေကြ ပါတယ်ဟု လာပြောခဲ့၏

လေ့လာသုံးသပ်ချက်

            မီဇိုရမ်တွင် ဆူပူသောင်းကျန်းမှုစတင်ခဲ့သည်မှာ ၁၉၆၆ ခုနှစ်ဖေဖော်ဝါရီလ (၂၈) ရက်နေ့ဖြစ်သည်။ ထိုနှစ်မတ်လ တစ်ရက်နေ့တွင် ခေါဇောလ်၊ ချမ်ဖိုင်း၊ လုံးလေနှင့် မတ်လ(၂) ရက်နေ့တွင် အိုင်းယောလ်ခေါပွီးတို့အား ၀င်တိုက်ခဲ့သည်။ ထိုနှစ်တွင် မီဇိုအမျိူးသားတပ်ဦးစတင်ဖွဲ့စည်းခဲ့သည်။ လူရှေတောင်တန်း နိုင်ငံရေးအရာရှိ မစ္စတာကယ်ဘီသည် အာသံကော်မ ရှင်နာချူပ်ထံ ၁၈၉၂ ဇူလိုင်(၂၃) ရက်နေ့တွင် ပေးပို့သော အစီရင်ခံစာတွင် လူရှေ(Lushai) လို့ခေါ်တဲ့ သူတို့က ကိုယ်တိုင်က မီဇို(Mizo) မီဇောက်(mizau) လို့ခေါ်ဆိုနေကြကြောင်းရေးသားခဲ့သည်။ ဤသည်ကို ထောက်ရှူခြင်းအားဖြင့် ၁၉၆၆ ခုနှစ်နောက်ပိုင်းမှသာ မီဇိုအမည်နာမပေါ်ထွက်လာခြင်းမဟုတ်ဘဲ၊ ထိုထက်မကသောရှေးရာစုနှစ်ပေါင်းများစွာကပင် ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။

မတူပီမြို့ စတင်တည်ထောင်သူ

၁၉၉၈ ခုနှစ် မေလ (၉) ရက်နေ့တွင် မြို့မိမြို့ဖ ဦးယုံနေဦးဆောင်စည်းရုံးမှုဖြင့် မတူပီမြို့၊ တစညရုံး၌ မြို့ရွှေရတုကျင်းပရေး ကိစ္စအစည်းအဝေးကျင်းပခဲ့၏။ ထိုအစည်းအဝေးအပြီး ရှစ်လမ်းဆုံလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သုံးဆောင်ခဲ့ကြ စဉ် လူကြီးတစ်ဦးက “ နာမည်ရင်းကတော့ မတူပီမဟုတ်ဘူး’’ ဘတူး သို့မဟုတ် ငလားပါပဲ၊ အဘဦးဆန်နိမ်းက မြို့အဖြစ် စတင်တည်ထောင်ခဲ့ပြီးနောက် မတူပီအဖြစ် အမည်နာမပြောင်းလဲပေးလို့ဖြစ်တယ်’’ ဟု ပြောဆိုခဲ့ဘူး၏။

        လေ့လာသုံးသပ်ချက်

နာမည်ရင်းမှာ ဘတူး၊ ငလားဖြစ်သည်ကို အကြွင်းမဲ့ထောက်ခံပါသည်။ သို့သော် အဘဦးဆန်နိမ်းက ဘတူးကနေ မတူပီအဖြစ် အမည်နာမစတင်ပြောင်းလဲသတ်မှတ်ပေးခဲ့သည်ဆိုသည်ကို လုံးဝမယုံချေ။ ယခင် ကိုလိုနီခေတ် မူလတန်း ကျောင်းသုံးချင်းဖတ်စာ၊ ဟားခါးမြို့နယ်အကြောင်းတွင် “ matu antimi ramthar ah mi antam tuk lo nan khua an ngan ngai ngai. Matupi antimi khua pakhat ah inn 600 tluk an umi lai tlang ah angan bikmi khua a si’’ အဆိုပါ ချင်းဖတ်စာအုပ်ကို သာသနာပြုဆရာကြီး ဟားဘတ်ခုပ်က ၁၉၂၇-၃၀ ကြားကာလတွင် ရန်ကုန်မြို့၊ ဘဲပ်တစ်မီရှင်ပုံနှိပ် တိုက်မှ ထုတ်ဝေခဲ့သည်။ ဦးဆန်နိမ်းသည် ၁၉၁၇ ခုနှစ်အောက်တိုဘာလ (၂၇) ရက်နေ့တွင် မတူပီမြို့နယ် ငလိုင်ကျေးရွာ တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၃၃ ခုနှစ်တွင် မတူပီ၌ဖွင့်လှစ်ခဲ့သော ချင်းစာမူလတန်းကျောင်းတွင် ဆရာကြီး လျန်ကာရ်နှင့် ဆရာ ဆာခေါင်းတို့ထံ ပညာသင်ယူခဲ့သည်။ သူကျောင်းစမတက်ခင် ၁၉၂၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေသော ချင်းဖတ်စာအုပ်တွင် မတူပီဆိုသည့် အမည်နာမပါရှိခဲ့ပြီးဖြစ်သည်။

ဦးကီယိုမန်းသည် ဒို့ဗမာအစည်းအရုံးဝင်ဟုတ်သလော

တိုင်းရင်းသားလူမျိူးအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ၊ ပထမတွဲ စာမျက်နှာ (၁၈၉) တွင် **** ထို့နောက် ဒို့ဗမာအစည်းအ ရုံးခေတ်ရောက်လာသောအခါ ဦးဝမ်းသူးမောင်း၊ သခင်အောင်မင်း(ဦးဖေလိန်း)၊ သခင်အောင်ညွန့်(ဦးအွမ်နိန်း) ဦးကီယိုမန်း တို့သည် ဒို့ဗမာအစည်းအရုံးနှင့်ဆက်သွယ်ကာ ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးအတွက် ဆက်လက်စည်းရုံး ၍ လှုပ်ရှားခဲ့ကြ၏။***** ဟု ဖော်ပြခဲ့၏။

လေ့လာသုံးသပ်ချက်

ဦးကီယိုမန်းသည် ဒို့ဗမာအစည်းအရုံးဝင်လုံးဝမဟုတ်ချေ။ သူသည် ဟားခါး၊ ဖလမ်းမြို့တွင်(၇)တန်းအထိပညာသင်ယူခဲ့ သည်။ ထို့နောက် ဟားခါးနယ်ပိုင်ရုံးတွင် စာရေးအဖြစ် ထမ်းဆောင်ခဲ့၏။ ၁၉၃၁ – ၁၉၄၈ ခုနှစ်အထိ ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့ပြီး တိုက်အုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့၏။ ၁၉၄၇ ခုနှစ် နိူဝင်ဘာလတွင် ဦးငွန်တိုးအစား ဟားခါးမြို့နယ်မှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ မဒေါ့စွန်း၊ မင်းတပ်ဘူနိန်း၊ မြင့်သူရတို့၏ ရေးသားတင်ပြချက်အရ ဦးကီယိုမန်းမဟုတ်၊ မသုံနူးရွာမှ ဦးကီးမန်သာဖြစ်သည်။

နတ်မတောင် အမည်နာမ

“ ကိုလိုနီခေတ်တွင် ဗြိတိသျှအစိုးရက ၀ိတိုရိယတောင်ဟု အမည်မှည့်ခေါ်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ခေါ်နူးကို နတ်မဟု မှားယွင်းစွာ ဘာသာပြန်ခဲ့ရာမှ ယနေ့အထိ နတ်မတောင်ဟု ခေါ်ဆိုလာကြကြောင်းသိရသည်။ ( Zomi Theological College, Falam, Chin State, VTEC.II, March, 31- April 21, 2005, page 69)

လေ့လာသုံးသပ်ချက်

နတ်မတောင်အမည်နာမသည် ၁၉၆၇ ခုနှစ်ခန့်က စတင်ခဲ့သည့် အမည်မဟုတ်ချေ။ ရန်ကုန်မြို့၊ တောင်ပေါ်ချင်း ကျောင်းသားများသမဂ္ဂ၊ မဂ္ဂဇင်း(၁၉၅၄) စာမျက်နှာ(၅)တွင် မောင်ကီးလိန်း၏ ချင်းတောင်၏ မနူသဗေဒဆောင်းပါးတွင် “ နတ်မတောင်သည် အမြင့်ဆုံးတောင်ထိပ်ဖြစ်၍ ပေပေါင်း ၁၀၀၁၈ ရှိရာ မြန်မာပြည်တွင် ဒုတိယအမြင့်ဆုံးတောင်ထိပ်ဖြစ် မည်’’ ဟု ရေးသားသည်ကို ထောက်ရှုလေ့လာခြင်းအားဖြင့် ၁၉၆၇ ခုနှစ်မတိုင်မီကတည်းကပင် နတ်မတောင်အမည်နာမသည် ပေါ်ထွက်ရှိခဲ့လေပြီဖြစ်သည်။

၀န်ကြီးချူပ်် ဦးနု ကိုယ်တိုင် ဖလမ်းမြို့ရောက်ရှိသည့်ခုနှစ်

“ ၁၉၅၀ ခု၊ မတ်လ (၂၂) ရက်နေ့တွင် ၀န်ကြီးချူပ် ဦးနုနှင့်အဖွဲ့သည် ကလေးမြို့မှ မော်တော်ယဉ်များဖြင့် လုမ်းဘန်သို့ ရောက်ရှိ၍ညအိပ်ကြသည်။ နောက်နေ့တွင် မြင်းများစီး၍ ဖလမ်းမြို့သို့ အသွားအပြန်ခရီးသွားကြသည်။’’ (စာမျက်နှာ ၈၈၊ လုမ်းဘန်ရွာ၊ အထက စိ်န်ရတုသတင်အထိမ်းအမှတ်မဂ္ဂဇင်း (၁၉၂၅-၂၀၀၀)။

လေ့လာသုံးသပ်ချက်

၀န်ကြီးချူပ်ဦးနုသည် ဖလမ်းမြို့ရောက်ရှိခဲ့သည်မှာ မှန်ပါသည်။ သို့သော် ရောက်ရှိခဲ့သည့် ခုနှစ်သက္ကရာဇ်ကိုသာလေ့လာ ဝေဖန်လိုသည်။ ဦးပုကလေး(သတင်းစာဆရာ) ရေးသားသည့် ၀န်ကြီးချူပ် ဦးနုဘာတွေလုပ်ခဲ့သလဲ(၂၀၁၁ အောက်တိုဘာလ စာမျက်နှာ ၁၁၀)တွင် “ ၀န်ကြီးချူပ် သခင်နုသည် ကျိူင်းတုံမှပြန်၍ရန်ကုန်တွင်နှစ်ရက်မျှနားပြီးနောက် ၁၉၄၉ ခု ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ချင်းဝိသေသတိုင်း ဖိုဒ်ဝှိုက်၊ လုံဘမ်း၊ တာရွှန်းနှင့် ဖလမ်းတောင်တန်းမြို့များသို့ ခရီးထွက်ပြန်၏’’ ဟု ရေးသားဖော်ပြချက်အရ ၁၉၅၀ ပြည့်နှစ် မတ်လ မဟုတ်ချေ။ ၁၉၄၉ ခုနှစ် ဇန်နဝါရီလသာမှန်ပေသည်။

အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်း၏ မွေးရပ်မြေ

၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် မတူပီမြို့နယ် ရဲန်ခဲန်းရွာတွင် ဗိုလ်ကြီးတိုက်ချွန်းကျောက်စာတိုင်ဖွင့်ပွဲ အခမ်းအနား၌ ကျွန်တော်ကိုယ်တိုင်တက်ရောက်ကာ ဂုဏ်ပြုကဗျာရှည်ဖတ်ကြားခဲ့၏။ အဆိုပါကျောက်စာတိုင်တွင် ဤရဲန်ခဲန်းရွာ၌ ဗိုလ်ကြီးတိုက်ချွန်းမွေးဖွားခဲ့ကြောင်း ရေးထိုးထားသည်ကို ဖတ်ရှုခဲ့ရာ စာဖတ်သူကျွန်တော့အနေဖြင့် စိတ်မကောင်းဖြစ်မိသည်။ တစ်ဖန် တအောဆွေမျိူးသားချင်းများဆက်သွယ်ရေးအစည်းအရုံး၊ သလင်းရတုသဘင် အထိမ်းအမှတ်မဂ္ဂဇင်း (၂၀၁၆) စာမျက်နှာ-၄၆ “ မတူပီနယ် ရွာငယ် လွီဗန်း၊ ဟော်ဖွန်း၊ နိူင်ဟိုက် သားထိုက်ရင်နှစ်၊ ချစ်သွေးသက်လယ် မျက်သွယ်ရှုမငြီး၊ ဗိုလ်ကြီးတိုက်ချွန်း ဇာတိရင်းသာ၊ ဟုတ်သော်မှန်ရာဖြစ်ခဲ့ပါ၏’’

             လ့လာသုံးသပ်ချက်

လူတစ်ဦးစီး၌ ဇာတိချက်ကြွေမွေးရပ်မြေတစ်ခုသာရှိသည်။ မည်သူမျှနှစ်ခုမရှိခဲ့ဘူးချေ။ ဗိုလ်ကြီးတိုက်ချွန်းသည် ရဲန်ခဲန်းရွာ တွင် မွေးဖွားခဲ့သည်မဟုတ်၊ ဘိုးဘွားတို့၏ နေရပ်ကားမှန်ပေသည်။ တစ်ဖန် သူကိုယ်တိုင်ရေးဖြည့်သော ကိုယ်ရေးအကျဉ်း၌ မိဘအမည်ကို ထန်ရေး၊ နိူင်ဟိုက်ဟုသာရေးသားမှတ်တမ်းတင်ခဲ့၏။ ဤကဗျာကို ရေးဖွဲ့သူ ကျွန်တော့ အနေဖြင့် ဤသို့ရေးဖွဲ့စီကုံးသည်မဟုတ်၊ အယ်ဒီတာကသာ သူ့ဆန္ဒသဘောအရ ရေးသားပြင်ဆင်ပေး၏။ စာရေးဆရာ တက္ကသိုလ်စိန်တင်၊ ဆရာကြီး ဗန်ကြီး၊ ဆရာကြီးဘွေဟူး၊ မင်းနေသွေး၊ ဆလိုင်းဗန်ကျူံးလျန်တို့ရေးသားသည့် ဆောင်းပါး တွင် ဇာတိလွီဗန်းဟုသာရေးခဲ့၏။ ၁၉၈၆ ခုနှစ်ဇွန်လ(၃)ရက်နေ့တွင် သူနောက်ဆုံးနေထိုင်ရာ ဘွေလီရွာသို့သွားရောက်ခဲ့ ပြီး တွေ့ဆုံဆွေးနွေးခဲ့ရာ “ အဘရဲ့ မှတ်ပုံတင်ထဲအရပေါ့နော် မွေးဇာတိကတော့ လွီဗန်းရွာ ဆာအုန်းအရပ်မှာပေါ့လေ၊ မိဘ ကတော့ ဦးထန်ရေးနှင့် ဒေါ်နိူင်ဟိုက်ဖြစ်ပါတယ်’’ ဟု သူကိုယ်တိုင်ထွက်ဆိုခဲ့သည်။ အမှန်တရား၊ သမ္မတရားတော့ ကျွန်တော်မသိရှိပါ။ ကာယကံရှင်ကိုယ်တိုင်ထွက်ဆိုချက်အရသာ ရေးသားတင်ပြရခြင်းကိုကား မငြင်းသာချေ။ စာရေးသူ တိုင်းက လက်ခံရမည်မဟုတ်လေ။

တော်ဝင်တောင်ဇလပ်ပန်းကဗျာကိစ္စ

“ သူ၏ အရောင် သတင်းဆောင်သော်၊ ပျူတို့၏တေး သတ္တိသွေးကို အလေးထားဆဲ ရည်ညွှန်းမြဲမို့၊ ဗိုလ်ချူပ်လမ်းစဉ် သမိုင်းငင်၍ တိုင်းပြည်ရန်အေး စည်းလုံးရေးသို့ သမိုင်းပေးတာဝန်ကျေကြောင်းညွှန်၏။ အလှတင့်တယ် ပျူတို့နယ်ကို ထယ်ဝါစေကြောင်း ၀တ်ရည်လောင်း၏။’’ (မင်းတပ်ခရိုင်မဂ္ဂဇင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ စာမျက်နှာ ၄၆)

        လေ့လာသုံးသပ်ချက်

ဤကဗျာကို ကျွန်တော်ကိုယ်တိုင်က ပင်ပန်းအနစ်နာခံပြီးရေးဖွဲ့ခဲ့သည်ကား အမှန်ပင်ဖြစ်သည်။ သို့သော် ကျွန်တော်၏ မူရင်း လက်ရေးမူရင်း၊ ရေးဖွဲ့စီကုံးမှုကား ဤသို့မဟုတ်ချေ။ ဤသို့ဖြင့် နောက်နောင်ဆက်လက်ဖော်ပြနေပါက ကျွန်တော် ရေးဖွဲ့သည့် ကဗျာပါပဲဟု ၀န်ခံရန်ဝန်လေးပါသည်။ ကျွန်တော်၏ မူရင်းအရေးအသားမှာ “ သူ၏ အရောင် သတင်းဆောင်သော်၊ ချင်းတို့၏တေး သတ္တိသွေးကို၊ အလေးထားဆဲ ရည်ညွှန်းမြဲမို့၊ ဗိုလ်ချူပ်လမ်းစဉ် သမိုင်းငင်၍တိုင်းပြည်ရန်အေး စည်းလုံးရေးသို့၊ သမိုင်းပေးတာဝန် ကျေကြောင်းညွှန်း၏။ အလှတင့်တယ် ချင်းတို့နယ်ကို၊ ထယ်ဝါစေ ကြောင်း ၀တ်ရည်လောင်း၏***စသည်ဖြင့် အစချီကာရေးဖွဲ့ခဲ့သည်။

ကျွန်တော်၏ လေ့လာတွေ့ရှိချက်အရ သစ္စာရှင် အောက်ချင်းငှက်၊ နှလုံးသဏ္ဍာန်သဘာဝ ရိကန်၊ တော်ဝင်တောင်ဇလပ်ပန်းတို့သည် တို့ချင်းတိုင်းရင်းသားတို့၏ သင်္ကေတအမှတ်အသားများပင်ဖြစ်သည်။ ပျူလူမျိူးနှင့် တောင်ဇလပ်ပန်းသည်ကား ပတ်သက်မည်မဟုတ်ချေ။ သမိုင်းပညာရှင် ဦးဘသန်း၏ ကျောင်းသုံးရာဇဝင်စာအုပ်အရ ပျူလူမျိူးတို့၏ အချက်အခြာဒေသများမှာ ပြည်မြို့၊ ဟန်လင်းမြို့၊ မုံရွာရှိ ဖိုးဝင်းတောင်အရပ်ဒေသ၊ ရမည်းသင်းနယ်ရှိ ညောင်လွန်၊ မကွေးနယ်ရှိ ဗိသာနိုးအရပ်များတို့ဖြစ်သည်။ ပါမောက္ခ ဂျီအိပ်ချ်လုစ်၊ ဒေါက်တာသန်းထွန်း၊ ဗိုလ်မှူးဘရှင်၊ ဒေါက်တာ ချစ်စံဝင်း၊ မောင်သာ၊ ဒေါက်တာအောင်သန်းဝင်း၊ တင်လှိုင်(မိတ္ထီလာ)၊ ဆလိုင်းရိုဆန်း တို့၏ သမိုင်းဆိုင်ရာ စပေလက်ရာများ ဖတ်ရှုလေ့လာသောအခါ ပျူလူမျိူးတို့၏ အချက်အခြာအရပ်များတွင် တောင်ဇလပ်ပန်းများ ဖူးပွင့်နေကြောင်းစာသားမတွေ့ရှိရသဖြင့် ပျူလူမျိူးနှင့်တောင်ဇလပ်ပန်းသည် ပတ်သက်မှု ဆက်စပ်မှုရှိမည်မဟုတ်ချေ။ အနောက်ရိုးမ တို့ချင်းဌာနေ၊ တို့ချင်းပြည်နယ်ကို ပျူတို့အရပ်ဟု ကျွန်တော်လုံးဝမရေး၊ အယ်ဒီတာကသာ ပြင်ဆင်ရေးသား ပေသည်။ အများသဘောတူညီချက်နှင့် သက်ဆိုင်ရာမှ အမိန့်အမှတ်ဖြင့် ပြန်တမ်းထုတ်နေပါက ကျွန်တော်တစ်ဦးတစ်ယောက်အနေဖြင့် ငြင်းဆန်မည်မဟုတ်၊ အများဆန္ဒကို မလွန်ဆန်နိုင်ချေ။ ၂၀၁၄ ခုနှစ် ဇွန်လ (၆) ရက်နေ့တွင် စာပေမိတ်ဆွေ ဆလိုင်းအဲလ်ရိန်ယိုင်(ပညာရေး) နှင့် မတူပီ အထက(၁) လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့စဉ် “ အစ်ကိုကြီး ဘယ်လိုလဲ၊ နင်ကတော့ ပျူလူမျိူးဖြစ်သွားပါပြီ၊ နင်ကိုယ်တိုင်ရေးဖွဲ့တဲ့ တော်ဝင်တောင်ဇလပ်ပန်းက သက်သေထူနေပြီ။ ချင်းလူမျိူးမဟုတ်တော့ဘူးနော်တဲ့’’ ကျွန်တော်ကလည်း မင်းတပ်ခရိုင်မဂ္ဂဇင်းထဲမှာပါရှိတာတော့ အမှန်ပါပဲ။ ဒါမဲ့ မူရင်းလက်ရေးလက်သားကိုကြည့်၊ နိုင်ငံသားစီစစ်ရေးကဒ်ပြားကိုကြည့် ကျနော်က ချင်း၊ ခရစ်ယာန်ပါပဲ ဟု စိတ်ထဲရင်ထဲရှိသမျှ ထုတ်ဖော်ပြောပြပေးခဲ့ဘူး၏။

(ဤဆောင်းပါးရေးသားရာတွင် အကြံညဏ်ကောင်းများပေးကြသော ဆရာကြီး ဗန်ကြီး၊ ဆရာကြီး ဒေါက်တာဘွေဟူး၊ ပါမောက္ခဦးအဲလ်ဘွေကော၊ ရဲအုပ်ဦးလာခဲ၊ ဆရာဦးပါယော၊ ဆလိုင်း အဲလ်ရိန်ယို်င်၊ ဆရာကြီး ဦးနိူင်းဟိုင်ကွန်းတို့အပေါ် အထူးကျေးဇူးတင်ရှိပါသည်။)

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...