RCSS/SSA ၏ နမ့်ခမ်းမြို့နယ် အခြေစိုက် အမှတ် ရဝ၁ စစ်ဒေသ တပ်ဖွဲ့ဝင်များ ဗဟိုဋ္ဌဌာနချုပ်မှ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်း ဆိုင်ရာ သင်တန်းတက် ရောက်အပြီး အပြန် မုံးဝီးဒေသတွင် TNLA က ခြံုခို တိုက်ခိုက် သဖြင့် တိုက်ပွဲ ဖြစ်ပွားရကြောင်း RCSS /SSA က ကြေငြာချက် ထုတ်ပြန်သည် ။
TNLA ကလည်း RCSS/SSA နှင့် အစိုးရတပ်မတော် ပူးပေါင်းကာ ၄င်းတို့နယ်မြေအတွင်း ကျူးကျော်ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်လာ၍ တိုက်ပွဲဖြစ်ပွားသည်ဟု ကြေငြာချက်ထုတ် တုန့်ပြန်သည် ။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အစပျိုးနေချိန် အသွင်ကူးပြောင်းရေး ကာလတွင် တစ်မြေတည်းနေ သျှမ်းနှင့်ပလောင်တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့အကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားခြင်း ဖြစ်သည် ။
လက်နက်ကိုင်နှစ်ဖွဲ့၏ တိုက်ခိုက်နေမှု အပေါ် ခြေရာခံကြည့်ပါက သာမန်တိုက်ပွဲဖြစ်စဉ် ဆိုခြင်းထက် နယ်မြေအငြင်းပွားမှု အသွင်ဆောင်နေသည်ကို တွေ့မြင်ရသည် ။
နိုင်ငံရေးအသွင်ကူးပြောင်းမှု ကာလ နှစ်ဘက်နိုင်ငံရေးအရ တောင်းဆိုမှုများနှင့် ရည် မှန်းချက်များကလည်း အဆိုပါ စစ်ရေးအပေါ် လွှမ်းမိုးမှုရှိပုံပေါ်ပြီး နယ်မြေ ထိန်းချုပ် ထားနိုင်ရေးသည် အရေးကြီးသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ပုံရသည် ။
လက်နက်ကိုင်တိုက်ခိုက်နေသည့် TNLA နှင့် RCSS/SSA နှစ်ဖွဲ့၏ နောက်ခံသမိုင်းနှင့် အသွင်သဏ္ဍန် ကွဲပြားမှုကလည်း တစ်ချက်အပါအဝင် ဖြစ်သည် ။
၂၀ဝ၆ ခုနှစ်အတွင်းက RCSS/SSA တပ်မဟာ ၂၄၁ မှ စဝ်ခွန်ကျော်ဦးဆောင်သည့် တပ်ဖွဲ့များ ( အများအားဖြင့် မြောက်ပိုင်း ABSDF ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင်ဟောင်းများဖြစ် ) သည် လွယ်တိုင်းလျဲန်းဌာနချုပ်မှ သျှမ်းပြည် (မြောက်ပိုင်း) သို့ ပြန်လည်စတင်လှုပ်ရှားသည် ။
ထိုစဉ်က သျှမ်းပြည် ( မြောက်ပိုင်း ) တရုတ်နယ်စပ် အခြေစိုက်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ အားလုံးသည် အစိုးရနှင့်အပစ်အခတ်ရပ်စဲထားပြီး RCSS/SSA မှာ အပစ်အခတ်ရပ်စဲထားခြင်းမရှိဘဲ အစိုးရစစ်တပ်နှင့် နှစ်ဘက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေချိန် ဖြစ်သည် ။
အဆိုပါ စဝ်ခွန်ကျော်ဦးစီးသည့် တပ်များ သျှမ်းပြည် ( မြောက်ပိုင်း ) မှတဆင့် ကချင်ပြည်နယ်အတွင်း ထိုးဖေါက်ဝင်ရောက်ရန် ကြိုးပမ်းနေစဉ် နမ့်ခမ်းမြို့အနီး အစိုးရတပ်များ၏ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးခြင်းခံခဲ့ရသည်။
၄င်းအချိန်ကစ၍ RCSS/SSA အမြုတေတပ်ဖွဲ့များက သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်း မြို့နယ်အတွင်း စတင်လှုပ်ရှားလာကာ အမှတ် ရဝ၁ စစ်ဒေသကို စတင်ဖွဲ့စည်းခဲ့သည် ။
ထိုစဉ် က မိုင်အိုက်မုန့် ဦးဆောင်သည့် PSLA ပလောင်လွတ်မြောက်ရေးတပ်သည် စစ်အစိုးရထံ လက်နက်ချက်ကာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားပြီးဖြစ်သည် ။ လက် ရှိ TNLA တပ်ဖွဲ့ခေါင်းဆောင် မိုင်အိုက်ဖုန်းသည်လည်း ထိုင်းနယ်စပ်ဘက် ခိုလုံနေသည့် PSLA ၏ လက်ကျန်တပ်ဖွဲ့ဝင်တဦး ဖြစ်သည် ။
လတ်တလော နိုင်ငံရေးအရ အသွင်ကွဲပြားမှုမှာ အစိုးရနှင့်ချုပ်ဆိုသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA တွင် TNLA က ပါဝင်လက်မှတ်ရေး ထိုးခြင်း မရှိဘဲ RCSS/ SSA က လက်မှတ်ရေးထိုးထားသည် ။
TNLA အပါအဝင် သျှမ်းပြည် (မြောက်ပိုင်း) တရုတ်နယ်စပ် လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIA , MNDAA, NDAA , SSPP/SSA နှင့် UWSA, အဖွဲ့များကလည်း NCA တွင် ပါဝင် လက်မှတ်ရေးထိုးခြင်း မရှိကြပေ ။
အဆိုပါ အဖွဲ့များမှာ နယ်မြေချင်း ဆက်စပ်နေသည့် အပြင် KIA , MNDAA , SSPP/SSA , TNLA တို့မှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များလည်း ဖြစ်သည် ။
NCA တွင် ပါဝင်လက်မှတ်မထိုးရသည့် အကြောင်းမှာ တစ်ဖွဲ့ချင်းအလိုက် ကွဲပြားမှု အမျိုးမျိုးရှိသည့် အနက် တရုတ်နိုင်ငံ၏ သဘောထားမှာလည်း အရေးပါသည် ။
၄င်း NCA အပေါ် လက်နက်ကိုင်အင်အား အတောင့်တင်းဆုံး ဖြစ်သည့် ဝပြည်သွေး စည်းညီညွတ်ရေးပါတီ UWSP/ UWSA က ၄င်း၏ အမြင် သဘောထားကို လွန်ခဲ့သည့် နှစ် စက်တင်ဘာလက ကြေငြာချက်ထုတ်ပြန်ရာတွင် တရုတ်နိုင်ငံ၏ သဘောထားကိုပါ ထင်ဟပ်စေခဲ့သည် ။
တရုတ်နယ်စပ် အခြေစိုက် လက်နက်ကိုင်အုပ်စုများက အနောက်အုပ်စုနိုင်ငံများ ပါဝင် ပတ်သက်နေသည့် NCA စာချုပ်တွင် လက်မှတ်ထိုးခြင်းအားဖြင့် တရုတ်နယ်စပ်ဒေသ ပဋိပက္ခအတွင်း အနောက်အုပ်စုနိုင်ငံများ ပါဝင်လာမည်ကို တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ခြင်းဖြစ်သည် ။
တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများအကြား NCA လက်မှတ်ထိုးသည့်အဖွဲ့နှင့် လက်မှတ် မထိုးထားသော အဖွဲ့နှစ်ဖွဲ့အကြား စည်းခြားလာခြင်းလည်း ဖြစ်သည် ။
ယခုနှစ် ဇန်နဝါရီလပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ရာ NCA လက်မှတ် ထိုးရာတွင် မပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ တက်ရောက် ခြင်း မရှိခဲ့ပေ ။
၄င်းညီလာခံတွင် သျှမ်းနှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ်များက လာမည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် ပြည်နယ်သစ်များ ဖွဲ့စည်းရန် တောင်းဆို တင်ပြခဲ့ကြသည် ။
ပြည်နယ်သစ်ဖွဲ့စည်းရေး တောင်းဆိုရာတွင် UWSAက ၄င်းထိန်းချုပ်ထားသည့် ဒေသအပြင် သျှမ်းပြည်အရှေ့ပိုင်းမြို့တော် ကျိုင်းတုံအပါအဝင် ထိုင်းနယ်စပ်အထိ သံလွင်မြစ်အရှေ့ခြမ်း ဒေသအား ဝပြည်နယ်အဖြစ် ဖွဲ့စည်းရန် ပိုမိုတောင်းဆိုလာသည် ။
အလားတူ KIO/KIAကလည်း သျှမ်းပြည် (မြောက်ပိုင်း) တွင် ကချင်ပြည်နယ်ခွဲ ရရှိရေး ရည်မှန်းချက်ရှိနေပြီး သျှမ်းပြည်နယ်အတွင်းရှိ ပလောင် နှင့်ပအိုဝ့်တို့ကလည်း ကိုယ်ပိုင် ပြည်နယ် ဖွဲ့စည်းရေး တောင်းဆိုနေကြသည်။
မကြာသေးခင် လပိုင်းအတွင်းက NCA လက်မှတ်ထိုးရေးတွင် မပါဝင်သည့် အဆိုပါ လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်သည့် တပ်ပေါင်းစု ဖွဲ့စည်းရန်ရှိသည်ဟု သတင်းများပေါ်ထွက်ခဲ့ရာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အသွင် ကွဲပြားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းကြရန် လိုအပ်ပါကြောင်း သုံးသပ်တင်ပြလိုက်သည် ။







