သစ်မှောင်ခိုကို ဘယ်လိုတားဆီးကြမလဲ

သစ်မှောင်ခိုကို ဘယ်လိုတားဆီးကြမလဲ
by -
ကန္တာရဝတီတိုင်း(မ်)
ဘယ်လိုအရောင်းအဝယ် လုပ်ငန်းတိုင်းမှာပဲ ဖြစ်ပါစေ ဥပဒေတိတိကျကျ အသက်ဝင်နိုင်ဖို့ လိုတာ အမှန်ပါပဲ။ ဒါမှပဲ ဘယ်လို လက်နက်ကိုင် အဖွဲ့အစည်းများမဆို ၊ အာဏာရှိပုဂ္ဂိုလ်မဆို ၊ စီးပွားရေးလုပ်ငန်းရှင်မဆို သူတို့ရဲ့ လုပ်ငန်းတွေကို တရားဝင် ဆောင်ရွက်လာနိုင်မှာပဲဖြစ်ပါတယ်။

ကယားပြည်နယ်အတွက် ဥပဒေ တိတိကျကျ အသက်ဝင်ဖို့လိုနေတဲ့ စီးပွားရေးလုပ်ငန်းကိုပြပါဆိုရင် သစ်လုပ်ငန်းကို ပြရမှာပါပဲ။

လွိုင်ကော်မြို့ပေါ်မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ အစိုးရသစ်အရောင်းဆိုင် ရှိနေပေမယ့် သစ်မှောင်ခို လုပ်ငန်းတွေကတော့ နေရာအနှံ့ ရှိနေတာ အချိန်ကာလ တစ်ခု ကြာခဲ့ပါပြီ။

အစိုးရသစ်အရောင်းဆိုင်ကို ဒေသခံတွေက သိပ်အသုံးမပြုချင်ကြပါဘူး။ အကြောင်းကတော့
အိမ်တစ်လုံး တည်ဆောက်နိုင်ရန်အတွက် သစ်တွေ အရည်အသွေးမပြည့်မှီခြင်း ၊ ထောက်ခံစာများယူနေရခြင်း ၊ စျေးကြီးခြင်း စတာတွေကြောင့်ပါပဲ။

ဒါကြောင့်လည်း တစ်အိုးတစ်အိမ်ထူထောင်မယ့်သူတွေ အိမ်တစ်လုံး တည်ဆောက်နိုင်ဖို့အတွက် နီးစပ်ရာ အာဏာပိုင်များရဲ့ ခွင့်ပြုချက်နဲ့ တောထွက်သစ်ခုတ်လုပ်ငန်းတွေ လုပ်လာတဲ့သူတွေလည်း ရှိလာခဲ့ပါတယ်။ တခြားတဖက်မှာ လောဘအလိုရမ္မက်ကြီးတဲ့ စီးပွားရေးသမားတွေကလည်း နီးစပ်ရာ အာဏာပိုင်တွေ လက်နက်ကိုင်တွေနဲ့ တောင်တစ်လုံး ၊ သစ်တောတစ်တောလုံး အပြတ်စသည်ဖြင့် အခွန်ဆောင် ရောင်းဝယ်ဖောက်ကားနေကြသူများလည်း ယခုချိန်ထိ ရှိဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီချိန်က ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာမှာ သစ်မှောင်ခိုသယ်လာတဲ့ ကားတွေကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ လွိုင်ကော်မြို့မှ ဒေါ်သန်းဖြစ်ကြောင်းနှင့် ပိတောက် ၆ တန် ၊ ၃၇ တုံးပါ သယ်ဆောင်မှုကို ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

ကျေးလက်ဒေသတွေဘက်မှာဆိုရင်လည်း အိုးအိမ်တည်ဆောက်လိုတဲ့အတွက် တခြားရွာက အစုအဖွဲ့ပိုင် သစ်တောထဲ သစ်ဝင်ခိုးတဲ့ ပြဿနာတွေလည်း ကြားနေရပါတယ်။ ဒါ့အပြင် ရွာချင်းဆက် သစ်တွေ လုခုတ်နေကြတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။

ဒီးမောဆိုမြို့နယ် ထီးဖိုးကလိုအုပ်စု ထီသဲကလိုးကျေးရွာနဲ့ ဒေါလျားခူ သတ်မှတ်နယ်မြေအတွင်းမှာ တစ်ခြားကျေးရွာကနေပြီးတော့ ထင်းနဲ့ထင်းရှူးပင်တွေကို လာရောက်ခုတ်ယူနေတဲ့အတွက်ကြောင့် နေ့တိုင်း စောင့်ကြည့်နေရတယ်လို့ ထီသဲကလိုးကျေးရွာမှ ဥက္ကဋ္ဌ ဦးကိုရယ်ကပြောပါတယ်။

ဦးကိုရယ်က “ အုပ်စုဥက္ကဋ္ဌကန့်သတ်တဲ့စာတွေ ထုတ်ပြန်ထားတာကြာပြီ၊ တစ်ချို့လူတွေက ထင်းနဲ့ထင်းရှူးပင်အကိုင်း တွေဘဲယူပေမယ့် သူတို့အတွက်သုံးဝင်သလို ကျွန်တော်တို့အတွက်လည်း အသုံးဝင်တယ် ဆိုပြီး ရွာသားတွေကလက်မခံဘူး’’ လို့ ပြောပါတယ်။

ဒေါလျားခူကျေးရွာနဲ့ ထီးသဲကလိုးကျေးရွာတို့ရဲ့ သတ်မှတ်နယ်မြေအတွင်းမှာရှိတဲ့ သဘာဝကာကွယ်သစ်တော၊ ကျေးရွာပိုင်သစ်တော၊ ရေထွက်ကာကွယ်ရေးတွေ ၊ သစ်၊၀ါး၊ ထင်းတွေ လာရောက်ခုတ်ယူအသုံးပြုခြင်းတွေကို( လုံးဝ)ခွင့်မပြုကြောင်းနှင့် လာရောက်ခုတ်ယူခြင်းရှိပါက သိရှိလျှင်ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့က ငွေတောင်ကျေးရွာအုပ်စု၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ ထီးဖိုးကလိုးကျေးရွာအုပ်စု တွေဆီ အသိပေးဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဒေသခံတချို့အနေနဲ့ကတော့ အိုးအိမ်ထူထောင်ဖို့အတွက် မှောင်ခိုစျေးနဲ့ မဝယ်နိုင်တာက တစ်ကြောင်း ၊ ကျေးရွာနီးစပ်ရာ ခုတ်စရာသစ်တောတွေကလည်း မရှိတော့တာကတစ်ကြောင်း အခက်အခဲတွေ ဖြစ်ခဲ့ပြီးနောက် အခုလို သစ်ခိုးမှုတွေ ဖြစ်လာကြရတာပါ။

ဒီလိုအခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ ရေရှည်မှာ ဒေသခံပြည်သူတွေ အသုံးပြုနိုင်ဖို့အတွက် တနိုင်တပိုင် ကျေးရွာပိုင် သစ်တော တစ်ဧက စိုက်ထူတဲ့ အစုအဖွဲ့ပိုင်သစ်တော လုပ်ဆောင်သင့်တယ်လို့ လွိုင်ကော်မြို့နယ် သစ်တောဦးစီးမှူး ဦးကျော်သက်ထွန်းက အကြံပြု ပြောဆိုထားပါတယ်။

ဒေသတွင်းအိမ်သုံးအတွက် ပြည်နယ်အဆင့် သစ်တောအသုံးချနိုင်ဖို့ ဥပဒေ တိတိကျကျ မရှိသေးတဲ့အတွက် တစ်ဖက်မှာလည်း အသေးစား သစ်သူခိုးမှုတွေက ရှိနေကြရတာပါ။

သစ်တောသယံဇာတထုတ်ယူဖို့ ဥပဒေမှာတော့ ပြည်ထောင်စုအဆင့် အစိုးရက ချုပ်ကိုင်နေဆဲ ဖြစ်တဲ့အတွက် ပြည်နယ်အဆင့် အသုံးချနိုင်ခွင့်က အခက်အခဲများစွာရှိနေကြရပါတယ်။

သယံဇာတထုတ်ယူတဲ့ ဥပဒေကို ပြည်ထောင်စုအဆင့်က ချုပ်ကိုင်ထားတဲ့အပြင် ကယားပြည်နယ်ကျဉ်းကျဉ်းလေးထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း သူ့နယ်မြေနဲ့သူ သြဇာအာဏာလွမ်းမိုးနေတဲ့အတွက် ဥပဒေစိုးမိုးနိုင်ရေးထက် သြဇာလွမ်းမိုးနေကြသည့် အဖွဲ့တွေကို ဆင်းရဲသား ပြည်သူတွေကတော့ ကြောက်ရွံ့နေကြရပါတယ်။

စီးပွားရေးသမားတွေအများစုကတော့ ဘက်ပေါင်းစုံက အာဏာပိုင်တွေနဲ့ ချဉ်းကပ်ပြီး အခွန်ငွေပေးဆောင်တဲ့စနစ်ကြောင့် လုပ်စားခွင့် ယူနေတဲ့ကာလပတ်လုံး သစ်မှောင်ခိုသမားတွေကလည်း ပပျောက်နိုင်မှာမဟုတ်ပါဘူး။

လက်ရှိ ကယားပြည်နယ်အတွင်းမှာ သစ်ထုတ်လုပ်နေတဲ့ ကုမ္မဏီက ကိုးခုလောက်ရှိပါတယ်။ အဲဒီထဲမှ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က ထူထောင်ထားတဲ့ ကယားဌာနီကုမ္မဏီကတော့ နှစ်ဟောင်းကျွန်းသစ်ကိုသာ ထုတ်ယူတာဖြစ်ပြီး သစ်အသစ်ခုတ်ယူဖို့ အစီအစဉ်မရှိဘူးလို့ ၎င်းကုမ္မဏီရဲ့ တာဝန်ရှိသူ ဦးဒယ်နီယာက ပြောပါတယ်။

“သဘာဝပတ်ဝန်ကျင်ထိခိုက်မယ့်အလုပ်မျိုး မလုပ်ဘူး။ စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်တယ်” လို့ ဦးဒယ်နီယာက ပြောပါတယ်။

အစိုးရသစ်လက်ထက်မှာ သစ်မှောင်ခိုတွေမရှိအောင် အဓိက တိတိကျကျလုပ်ဖို့ဆိုရင် သစ်ကုမ္မဏီတွေကိုလည်း လုံးတန်ချိန်မပြည့်တဲ့သစ်တွေ မယူဖို့ ၊ တရားမဝင်လုပ်တဲ့ ဂိတ်က သေချာစစ်ဆေးပေးဖို့ လိုမှာဖြစ်ပြီး အဲဒီလိုသာဆိုရင် မှောင်ခိုတွေ ရှိနိုင်တော့မှာ မဟုတ်ဘူးလို့ KNPP လွိုင်ကော် ဆက်ဆံရေး တာဝန်ခံ ခူးညေးရယ်က ပြောပါတယ်။

“အခုကဂိတ်မှာငွေကြေးတွေဘာတွေယူပြီးတော့လက်ခံပေးပြီးလွတ်လိုက်တယ်။ သစ်မောင်ခိုတွေထွက်လာတာပေါ့။ ဆင့်ကဲဆင့်ကဲတောထဲကနေမြို့ထိဖြစ်တယ်။” လို့ ခူးညေးရယ်က ပြောပါတယ်။

KNPP အဖွဲ့အစည်း အနေနဲ့ကတော့ သစ်ထုတ်လုပ်ငန်းနှင့်ပတ်သက်၍ သစ်ထပ်မံလုံးဝ ခုတ်ယူဖို့ ခွင့်မပြုကြောင်းကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ကြေငြာထားပါတယ်။

အခုလို အဖွဲ့အစည်းကြီးရဲ့ အထက်ပိုင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တွေက စည်းကမ်းချက်တွေ တင်းတင်းကြပ်ကြပ် ထုတ်ပြန်ထားပေမယ့်လည်း အောက်ခြေအဆင့်မှာက စားဝတ်နေရေး အခက်အခဲတွေကြောင့် သစ်ခုတ်လုပ်ငန်း လုပ်စားနေကြသူများလည်း ရှိနေတယ်လို့ သစ်တောဦးစီးဌာနမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

၎င်းက “သစ်တောနဲ့ပတ်သက်ရင် ဘယ်အဖွဲ့အစည်းမဆို မြတ်နိုးပြီးတန်ဖိုးထားကြတယ်။ ဒါပေမယ့် အဖွဲ့အစည်းခေါင်းဆောင်တွေက ထိန်းသိမ်းကြပေမယ့် အောက်ကဝန်ထမ်းတွေ သူတို့စားစရာမရှိတော့ ခိုးလုပ်ကြတယ်၊ သူတို့မိသားစု စားဝတ်နေရေးအတွက် အဆင်မပြေတော့ အဆင်ပြေတဲ့အရာတွေ လုပ်စားနေကြတယ်” လို့ ဆိုပါတယ်။

ကယားပြည်နယ်အတွင်း ၂၀၁၄-၁၅ ဘတ်ဂျက်နှစ်မှာ ကျွန်း ၊ သစ်မာ အမျိုးအစားလိုက် စုစုပေါင်း ၃၇၂.၈၅ တန်နှင့် ယာဉ် ၉ စီး ၊ တရားခံ ၁၁ ဦးဖမ်းဆီးရမိကြောင်း ၊ ၂၀၁၅-၁၆ ဘတ်ဂျက်နှစ်အတွင်း ဒီဇင်ဘာလအထိတွင် ၅၆၁.၀၇ တန် ဖမ်းဆီးခဲ့ရတယ်လို့ သစ်တောဦးစီးဌာန၏ အချက်အလက်အရ သိရှိရပါတယ်။

လက်ရှိကယားပြည်နယ်ရဲ့ သစ်တောဖုံးလွမ်းနေမှု အခြေအနေအရ သစ်တောတွေထိန်းသိမ်းဖို့ အတွက် စနစ်တကျ ပူးပေါင်းအုပ်ချုပ်ဖို့ လိုနေပြီဖြစ်တယ်လို့ လွိုင်ကော်သစ်တောဦးစီးမှူး ဦးကျော်သက်ထွန်းက အကြံပြု တိုက်တွန်းသွားပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...