အစိုးရသစ်နဲ့သာ ဆွေးနွေးဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်

အစိုးရသစ်နဲ့သာ ဆွေးနွေးဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်
by -
ကေအိုင်စီ
မောင်ကျော်စွာ — ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၁၂ - ၁၆ ဇန်နဝါရီ) ဖွင့်ပွဲနေ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ပြောတဲ့  နှုတ်ခွန်းဆက်စကားထဲမှာ ပါတဲ့ အချက်အလက်တွေကို သတိပြုမိပါတယ်။

ပထမဆုံး သတိပြုမိတဲ့အချက်က ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ပြီးမှသာ အမျိုးသားပြန်လည်ရင်ကြား စေ့ရေး ရရှိမယ်ဆိုတာနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို သေချာစေမယ်လို့ ဆိုပါတယ်။

ဒုတိယအချက်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းနည်းလမ်းနဲ့ လွှတ်တော်ပြင်ပနည်းလမ်းဆိုပြီး ပြောတာ ပါ။ ဦးစွာအားဖြင့် (KNU) ဥက္ကဋ္ဌပြောတဲ့ ပထမအချက်ကို လေ့လာကြည့်ကြရအောင်။

“၂၀၀၈အခြေခံဥပဒေ”ကို လိုအပ်သလို ပြင်ဆင်ပြီးမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးရရှိနိုင်မယ်/သေချာစေမယ်လို့ ပြောသွားပါတယ်။

တစ်နည်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ “၂၀၀၈ အခြေခံဥပဒေ” ကို လိုအပ်သလို ပြင်ဆင်နိုင်မှသာ ရရှိနိုင်မယ်/သေချာနိုင်မယ်လို့ ဆိုလိုတဲ့သဘောပါပဲ။

ဒါဆိုရင် ရှေ့တဆင့်တက် မေးခွန်းထုတ်ကြည့်ကြပါစို့။

(KNU) ရဲ့သဘောထားက “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးလား။

(SNLD)ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦး တစ်ခါက ပြောဖူးတာတော့ ၂၀၀၈ အခြေခံဥပဒေကို အဖုံးကစပြီး တစ်အုပ်လုံး ပြင်ချင် တာလို့ ပြောပါတယ်။

“လိုအပ်သလို ပြင်ဆင်ပြီးမှသာ” ဆိုတဲ့စကားရဲ့ အတိုင်းအတာနဲ့ ပမာဏဟာ ဘယ်လောက်အထိ ရှိသလဲ။ “၂၀၀၈ အခြေခံဥပ ဒေ”ထဲက ဘယ်လိုအခြေခံမူတွေ/ ပုဒ်မတွေကို ဘယ်အတိုင်းအတာထိ ပြင်ဆင်နိုင်တာကို “လိုအပ်သလို ပြင်ဆင်တာဖြစ်တယ်” လို့ မှတ်ယူနိုုင်မှာလဲ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်စေနိုင်မယ့် ပြင်ဆင်မှုဆိုတာ ဘယ်လိုပြင်ဆင်မှုမျိုး ဖြစ် သလဲ။ ဘယ်လို အခြေခံမူတွေ /ပုဒ်မတွေကို ပြင်ဆင်ရမလဲဆိုတာ (KNU)အနေနဲ့ ဘယ်အချိန်မှာ ထုတ်ဖော်ပြောဆိုမှာလဲ။

ဒုတိယအချက်ဖြစ်တဲ့ လွှတ်တော်တွင်းနည်းလမ်းနဲ့ လွှတ်တော်ပြင်ပနည်းလမ်းဆိုတာကို ကြည့်ရအောင်။

(KNU)ဥက္ကဋ္ဌပြောတဲ့ အထဲမှာပါတဲ့ “လွှတ်တော်ပြင်ပလမ်းကြောင်း” ဆိုတာကတော့ သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနဲ့ (MPC)က လုပ်တဲ့ “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်”ဆိုတာကို အဓိကရည်ညွန်းသွားတာလို့ ယူဆရပါတယ်။ ဒီတော့ (KNU)က ဆက်လက် လျှောက်လှမ်းမယ့်လမ်းဟာ “လွှတ်တော်ပြင်ပလမ်းကြောင်း”လို့ ယေဘုယျအားဖြင့် မှတ်ယူနိုင်ပါတယ်။

ဒီနေရာမှာ ပြောစရာနဲ့ မေးစရာလိုဖြစ်နေတာက (NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့  ၈ဖွဲ့ရဲ့ အနေအထားဖြစ်ပါတယ်။ ဦးသိန်းစိန် တို့ကျင်းပသွားတဲ့ “ငြိမ်းညီလာခံ”မှာ ဒီအဖွဲ့ ၈ဖွဲ့ ပါဝင်တက်ရောက်ရတဲ့ အဆင့်နေရာဟာ မတူပါဘူး။ “မတရားသင်း”ကနေ ပယ် ဖျက်ပေးထားတယ်ဆိုပေမယ့် နိုင်ငံရေးအရ စည်းရုံးလှုပ်ရှားမှုတွေ ပြည့်ပြည့်ဝဝ မရသေးတာ ထင်ရှားပါတယ်။ တချို့အဖွဲ့တွေ “ငြိမ်းညီလာခံ”မှာ ပါဝင်ရတဲ့ အနေအထားက စတုတ္တတန်းကျောင်းသား/သူတွေ ထုပ်စည်းတိုးတမ်းကစားရာမှာ “ထမင်းချိုး ဟင်းချိုး”အဖြစ်နဲ့ ပါရတဲ့ ကလေးငယ်တွေရဲ့ အနေအထားမျိုးသာသာ ဖြစ်နေပါတယ်။ “ပြောချင်တာပြော အရေးမပါဘူး” ဆိုတဲ့ သဘောမျိုးပါပဲ။ သူတို့ကလည်း မတူတာတွေ အခုလို ပြောခွင့်ရတာကိုပဲ ဆုလာဘ်တစ်ပါးလို့ မြင်နေတော့ မခက်ပေဘူးလား။ ထားပါတော့။

ယခုလို မတရားသင်းကနေ ပယ်ဖျက်ပေးထားတယ်/ဒါပေမယ့် နိုင်ငံရေးမှာ “မှတ်ပုံတင်နိုင်ငံရေးပါတီ”တွေလို ပါဝင်ခွင့်မရတဲ့ ဇကောဇက/ဟိုမရောက်ဒီမရောက် အနေအထားကို ဘယ်လိုကျော်နင်းမလဲ ဆိုတာပါပဲ။ ဒီနေရာမှာ သတိကြီးကြီးနဲ့ သတိပြုရ မယ့် အချက်တစ်ခုကတော့ “ငြိိမ်းညီလာခံ”မှာ ကာချုပ်ပြောတဲ့ နှုတ်ခွန်းဆက်စကားထဲက နှစ်အချက်ပါပဲ။ ကာချုပ်ပြောတဲ့ စကားလိုရင်းက “စစ်တပ်က ကိုင်စွဲထားတဲ့ ရပ်တည်ချက်က “ငြိမ်းမူ ၆ရပ်”ဖြစ်ပြီး/ ဖက်ဒရယ်အရေး ဆွေးနွေးမယ်ဆိုရင် လက် နက်ချပြီးမှသာ ပါဝင်ဆွေးနွေးခွင့်ရနိုင်မယ်” ဆိုတာပါပဲ။

သူ့စကားမူရင်းက ဒီလိုပါ။ “ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ လက်နက်ကိုင် ဆောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်လို့မရနိုင်တဲ့အတွက် ယနေ့နိုင်ငံတကာပဋိပက္ခ အပစ်အခတ်ရပ်စဲရေး ဖြေရှင်း ဆောင်ရွက်ရာမှာ အသုံးပြုနေတဲ့ DDR/SSR လုပ်ငန်းစဉ်များအတိုင်း သင့်တင့်တဲ့ Time Line သတ်မှတ်ပြီး အကောင်အထည် ဖော် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။”

ဒီနေရာမှာတော့ ကာချုပ်က နိုင်ငံတကာ ပဋိပက္ခ အပစ်အခတ်ရပ်စဲရေးဖြေရှင်းရာမှာ အသုံးပြုတဲ့ “(DDR/SSR) လုပ်ငန်းစဉ်” ဆိုတာကို လိုသလို အသုံးချပြီး ပြောသွားပါတယ်။ နိုင်ငံတကာ စစ်တပ်အများစုဟာ အစိုးရအဖွဲ့လက်အောက်မှာရှိတဲ့ ကာကွယ် ရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လက်အောက်မှာ ရှိတယ်ဆိုတဲ့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ယနေ့ စစ်တပ်အ နေနဲ့လည်း လုပ်ဆောင်ဖို့ု လိုပါတယ်။ Standard Army ဖြစ်ဖို့ ပထမဆုံးနဲ့ အခြေခံအကျဆုံး လိုအပ်ချက်က စစ်တပ်ဟာ အစိုး ရနဲ့ ကာကွယ်ရေးဝန်ကြီးရဲ့ ညွန်ကြားချက်/အမိန့်ကို နာခံဖို့ဖြစ်ပါတယ်။

ဒီတော့ ကာချုပ်ပြောစကားအတိုင်းဆိုရင် (NCA)စာချုပ် လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ “ဒီမိုကရေစီနဲ့ Federal ကို အခြေခံတဲ့ ပြည်ထောင်စုအရေး ဆွေးနွေးကြတဲ့အခါ” ပထမဦးစွာ လက်နက်ချရမယ်ဆိုတာ ရှင်းနေပါတယ်။ ဒီတော့ (KNU) ဥက္ကဋ္ဌပြောနေတဲ့ “လွှတ်တော်ပြင်ပနည်းလမ်း”ထဲမှာ ပါဝင်နိုင်ဖို့ဆိုရင် ကာချုပ်ပြောတဲ့အတိုင်း (DDR/SSR) လုပ်ရမယ် (အနှစ် သာရက လက်နက်ချရမယ်)ဆိုတာပါပဲ။ ဒီနေရာမှာ မေးရမယ့်မေးခွန်းက (KNU)ဟာ “လွှတ်တော်ပြင်ပလမ်းနည်း”မှာ ပါဝင် လျှောက်လှမ်းနိုင်ဖို့ “သင့်တင့်တဲ့ Timeline သတ်မှတ်ပြီး”  (DDR/SSR) လုပ်မှာလား။

တကယ်တော့ မကြာခင် ပေါ်ပေါက်လာတော့မယ့် ဒီချုပ်ပါတီ “အစိုးရသစ်”နဲ့ နိုင်ငံရေးဆွေးနွေးရမှာပါ။ နိုင်ငံရေးပြဿနာကို တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်ဖို့ အဓိကဖြစ်ပါတယ်။ အကယ်၍ ဒီချုပ်ပါတီ “အစိုးရသစ်” နဲ့သာ နိုင်ငံရေးပြဿနာတွေကို ပြီးပြတ် ပြေလည်မှုရပြီဆိုရင် “အခြေခံဥပဒေကိစ္စ/DDR-SSR ကိစ္စတွေ”ဟာ ဖြေရှင်းဖို့ မခက်ခဲတော့တဲ့ လက်အောက်ခံပြဿ နာတွေသာ ဖြစ်သွားတော့မှာပါ။

ပြီးတော့ ဒီချုပ်ပါတီ “အစိုးရသစ်” နဲ့ (KNU) အပါအဝင် အခြားမည်သည့် လက်နက်ကိုင်/လက်နက်မကိုင် နိုင်ငံရေးအဖွဲ့အစည်း များနဲ့မဆို “နိုင်ငံရေးပဋိပက္ခ - ရန်/ငါ ပဋိပက္ခ” မရှိသေးပါဘူး။ ဒါကြောင့် “သန့်ရှင်း” အစိုးရလို့ခေါ်ရင် ရနိုင်လိမ့်မယ်လို့လည်း ထင်မိပါတယ်။ “သန့်ရှင်းတယ်”လို့ ဆိုရတာ “(၁)တော်လှန်ရေးကောင်စီ၊ (မဆလ)၊ (နဝတ-နအဖ) စစ်အစိုးရအဆက်ဆက်ရဲ့ အာဏာအမွေစားအမွေခံတွေ မဟုတ်ဘူး။ (၂)သူတို့ရဲ့“လက်”တွေမှာ ပြည်သူတွေရဲ့သွေးတွေ၊ ချွေး၊ မျက်ရည်တွေ စွန်းထင်း နေခြင်း မရှိဘူး။ (၃)ပြည်သူပိုင်/တိုင်းပြည်ပိုင်ပစ္စည်းတွေကို အဓမ္မသိမ်းပိုက်လုယက်ပြီး ကြွယ်ဝချမ်းသာနေသူတွေ မဟုတ်ဘူး” ဆိုတဲ့အချက် ၃ချက်နဲ့ တိုင်းတာပမာပြုပြီး ပြောကြည့်တာပါ။ အုပ်စိုးတဲ့ အစိုးရအဆက်ဆက်နဲ့ နိုင်ငံရေးပြေလည်မှု မရခဲ့ကြ သော်လည်း ဒီချုပ်ပါတီအစိုးရသစ်နဲ့ ပြေလည်မှု ရနိုင်မလားဆိုပြီး မျှော်လင့်ကြည့်တာပါ။

နောက်ဆုံးတစ်ချက်ကတော့ (KNU) ဥက္ကဋ္ဌ နှုတ်ခွန်းဆက်စကားထဲမှာပါတဲ့ “မတူညီမှု”ကိစ္စပါပဲ။

တိုင်းရင်းသားလူမျိုးတွေဟာ “ပထဝီအရ ကွဲပြား၊ သမိုင်းနောက်ခံနှင့် ရုန်းကန်မှုများ မတူညီ”လို့ ထည့်သွင်းပြောသွားပါတယ်။ ဒီ စကားဟာ (KNU) စီအီးစီ ဖဒိုမန်းငြိမ်းမောင်ရဲ့ လက်သုံးစကားလို့ ထင်ပါတယ်။ ဒီစကားဟာ (NCA) စာချုပ်လက်မှတ်ထိုးဖို့အ တွက် “ဒီယုန်မြင်လို့ - ဒီခြံုထွင်”ခဲ့တဲ့စကားမျှသာ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးတွေ တစ်မျိုးနဲ့တစ်မျိုးဟာ ပထဝီဒေသအရ၊ ဘာသာစကားအရ၊ ယဉ်ကျေးမှုအရ ကွဲပြားခြားနားတာ ဘာများ ဆန်းကျယ်လို့လဲ။ ၁၉၄၈-၄၉ကစပြီး ကနေ့အထိ ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မရှိတာ၊ ပြည်တွင်းစစ်ဒဏ်ကို ကြီးကြီးမားမား ကြံုတွေ့ခံစားရတာ။ လူမျိုးရေး/ဘာသာရေးအရ အုပ်စိုးသူများရဲ့သွေးခွဲမှုမျိုးစုံကို အကြိမ်ကြိမ် ခံကြရတာဆိုတဲ့ ဖိနှိပ်မှုတွေကို ဗမာ တိုင်းရင်းသား အပါအဝင် တိုင်းရင်းသားအားလုံး ခံစားကြရတာ တူညီတဲ့ဘဝအခြေအနေ ဖြစ်ပါတယ်။

ဒါဟာ အဓိကဘုံတူညီချက် ဖြစ်ပါတယ်။ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးလိုချင်တာ၊ ဒီမိုကရေစီလိုချင်တာ၊ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်လိုတာတွေဟာ လူမျိုးစုံပြည်သူများရဲ့ တူညီတဲ့ ဘုံမျှော်မှန်းချက်တွေဖြစ်ပါတယ်။ သမိုင်းကို ပြန်ပြောင်းကြည့်မယ်ဆိုရင်လည်း အင်္ဂလိပ်ကိုလိုနီနယ်ချဲ့နဲ့ ဖက်ဆစ်ဂျပန်တွေကို လူမျိုးပေါင်းစုံပြည်သူတွေ အတူတ ကွ တွန်းလှန်ဆန့်ကျင်ခဲ့ကြတာပါ။

ဒါ့အပြင် အုပ်စိုးသူအဆက်ဆက်က လက်နက်နဲ့ ဗိုလ်ကျဖိနှိပ် အကြမ်းဖက်တာကို လက်နက်စွဲကိုင်ပြီး ပြန်လည်ခုခံတော်လှန်ကြ တာမှာလည်း “မနောမြေ၊ မဲနယ်တောင်တန်းနဲ့ ရှမ်းရိုးမ”ပေါ်က ခုခံတော်လှန်စစ်ရဲ့ သေနတ်သံတွေဟာ တစ်သံတည်း မြည် ဟိန်းခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုအဓိကဘက်တွေ၊ အဓိကအချက်တွေ တူညီနေတာကိုမယူဘဲ ဘာသာစကားနဲ့ ဓလေ့ထုံးစံ ကွဲ ပြားတာလောက်ကို ဗာရဏသီ ချဲ့နေတာဟာ မဖြစ်သင့်၊ မဖြစ်ထိုက်ပါဘူး။

လေ့လာဆန်းစစ်ကြည့်ခဲ့တာတွေကို နိဂုံးချုပ်ရရင်

လွတ်လပ်ရေးသက်တမ်းနဲ့အမျှ ရှည်ကြာခဲ့ရပြီဖြစ်တဲ့ ပြည်တွင်းစစ်ပြဿနာ။ တနည်းအားဖြင့် ဒီမိုကရေစီ၊ တန်းတူရေးနဲ့ ကိုယ် ပိုင်ပြဋ္ဌာန်းခွင့်ရှိရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အလားအလာကောင်း ပေါ်ထွက်နေပါတယ်။ ဒီအလားအလာကတော့ လူမျိုးပေါင်း စုံပြည်သူများက တခဲနက် မဲပေးရွေးချယ်လိုက်တဲ့ “အစိုးရသစ်” မကြာမီ ပေါ်ပေါက်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ပေါ် ပေါက်လာတော့မယ့် “အစိုးရသစ်” နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းတာဟာ သဘာဝကျသလို ပဓါနလည်း ကျပါတယ်။

ဒါကြောင့် စစ်တပ်နဲ့ ရရှိထားတဲ့ ယာယီ အပစ်ခတ်ရပ်စဲတဲ့ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်းထားတဲ့ အခြေခံပေါ်မှာ “အစိုးရသစ်” နဲ့ နိုင်ငံရေးဆွေးနွေး အဖြေရှာကြဖို့သာ ဖြစ်ပါတယ်။

“အစိုးရသစ်”ကလည်း “၂၁ရာစု ပင်လုံစိတ်ဓါတ်”ကို ကိုင်စွဲထားလေတော့ ဒီစိတ်ဓါတ်၊ ဒီအမြင်နဲ့အညီ တိုင်းပြည်ရဲ့အဓိကကျတဲ့ ပြဿနာတွေကို တန်းတူရည်တူ၊ အပေးအယူရှိရှိ ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒီနေရာမှာ အရေးကြီးဆုံးအချက်က ဒီလိုဖြေရှင်းမှုနဲ့ အဖြေရှာမှုကို စစ်တပ်က လေးစားလက်ခံဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အုပ်စိုး သူဟောင်းအုပ်စုကလည်း တိုင်းပြည်နဲ့ပြည်သူအကျိုး တည့်တည့်တန်းတန်းကြည့်မယ်၊ စွက်ဖက်ခြေရှုပ်သွေးခွဲတာတွေ၊ ကပျက်ယပျက်တွေသာ မလုပ်ဘူးဆိုရင် တိုင်းပြည်နဲ့လူမျိုးပေါင်းစုံ ပြည်သူများရဲ့ အနာဂတ် ထွန်းလင်းတောက်ပနေမှာ အသေ အချာပါပဲ။

ကိုးကား
-       (၁၃-၁-၂၀၁၆) မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ ၉
-       (၁၂-၁-၂၀၁၆) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ကာချုပ် နှုတ်ခွန်းဆက်စကား

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...