လူနေအိမ် သမိုင်း အကျဉ်းအပိုင်း (၁)

လူနေအိမ် သမိုင်း အကျဉ်းအပိုင်း (၁)
by -
ခိုနူမ်းထုန်
ဆလိုင်း ကစ်(ပ်) ခိုလျန်–နှစ်ပေါင်း ရာထောင်မက ရှည်ကြာခဲ့သည့် ရှေးလွန်လေပြီးသော ကာလတွင် ကမ္ဘာတလွှားခြေဆန့်ခဲ့ သည့် ရှေးဦး လူသားသည် ကျောက်ဂူတို့ကို မိမိတို့၏ သဘာဝ နေအိမ်များ အဖြစ် အသုံးပြုခဲ့ကြရသည်။ နောက်ပိုင်းတွင် လူသားသည် စိုက်ပျိုးမှုနည်းပညာ ကိုတွေ့ရှိခဲ့ရာမှ ဂူများမှ ထွက်လာခဲ့ကြပြီး မြေကြီးကို တူးစွ စိုက်ပျိုးကာ နေထ်ိုင်စားသောက် လာကြသည်။

ကမ္ဘာ့ ရှေးဦး လူနေအိမ်များကို တည်ဆောက်ကာ နေထ်ိုင်လာကြသည်။ လူနေအိမ်များသည်လည်း မိမိတို့ တနေကုန်တနေခန်း စိုက်ပျိုးလုပ်ကိုင်ကြသည့် လယ်ယာမြေများ နှင့် မလှမ်းမကန်းတွင် တည်ရှိခဲ့ကြ သည်။ ထ်ိုကာလများတွင် အိမ်တအိမ်ချင်းစီတွင် မျိုးဆက်ပေါင်း လေးငါး ဆက်ခန့်မက အတူတကွ နေထိုင်ခဲ့ကြပြီး ကြီးမားသော မိသားစု၊ အစုအဖွဲ့သည် အမိုးတခုတည်းအောက်တွင် အတူတကွ နေထိုင်စားသောက်ကြသည်။ ထိုကာလတွင် အိမ် ဟူသည်မှာ ကလေးသူငယ်များ နှင့် လူငယ်များကို လယ်ယာစိုက်ပျိုးမှု အတတ်ပညာ နှင့် ဆက်နွှယ်သည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးသည့် “ကျောင်း”လည်း ဖြစ်ပေသည်။ ထို့အပြင် နေအိမ် ဟူသည်မှာ အသက်အရွယ် ကြီးရင့်သူများ နှင့် မနာမကျန်း ဖြစ်သူများအား ပြုစုရာ “ဆေးရုံ”လည်း ဖြစ်ခဲ့သည်။ တနည်းအားဖြင့် နေအိမ်ဟူသည်မှာ ထိုခေတ် ထ်ိုကာလတွင် လူမှုလုပ်ငန်း အဝဝ ၏ ဗဟိုပြုရာ နေရာ center of all social activities တခုဖြစ်ခဲ့သည်။

စိုက်ပျိုးမှုတော်လှန်ရေးကြီးကို စတင်လိုက်သည့် လူသားသည် ပထမဦးဆုံးသော လူနေအိမ်ကို တည်ဆောက်ခဲ့ရာမှ စတင်ပြီး “လူ့ယဉ်ကျေးမှု” လှိုင်းတခု စတင်မွေးဖွားရှင်သန်လာရသည်။ ထ်ိုအချိန်မှ စတင်ပြီး လူသားသည် နည်းပညာ အသစ်အဆန်းများကို တခုပြီးတခု တီထွင်တွေ့ရှိခဲ့ ကြပြီး လူမှုအပြောင်းအလဲ လှိုင်းလုံးများ တခုပြီးတခု ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်စေခဲ့ရာ ရာစုနှစ်ပေါင်း မြောက်မြားစွာအတွင်း အသစ်အသစ်သော လူ့ယဉ်ကျေးမှုများသည် ကြွေကျပျက်စီးသွားကြသည့် လူ့ယဉ်ကျေးမှု အဟောင်းတို့ကို အစားထိုး ဝင်ရောက်ကာ လူ့အဖွဲ့အစည်းသည်လည်း ဆင့်ကဲဆင့်ကဲ ပိုမိုမြင့်မားသည့် တိုးတက်ပြောင်းလဲမှု အဆင့်ဆင့်တို့ကို ဖြတ်သန်းခဲ့ကြရသည်။

“လူထု” အခြေပြု လူ့အဖွဲ့အစည်း mass society ပေါ်ပေါက်လာခြင်း
-------------------------------------------------------------------------------------
ကုန်လွန်ခဲ့သည့် နှစ်ပေါင်း ၃ဝဝ ခန့် တွင် လူသားသည် ပိုမိုတိုးတက်သည့် နည်းပညာတရပ်ကို တွေ့ရှိကာ “စက်” ပစ္စည်းကို တီထွင်ခဲ့ကြသည်။ စက်ပစ္စည်းများသည် လူသားတို့ အေးအေးလူလူ လုပ်ကိုင်စားသောက်ရာ လယ်ယာတောများ အတွင်းသို့ ကျုးကျော်ဝင်ရောက်ကာ လူသားတို့၏ အလုပ်ကို စက်များက လုယူလာကြသဖြင့် စိုက်ပျိုးမှု ကမ္ဘာတခွင်လုံး အုတ်အော်သောင်းနင်း ကမောက်ကမ ပြောင်းပြန် အလှန်ခံရကာ လူသားလောက တခုလုံး ဗြောင်းဆန်ခဲ့ရသည်။ လယ်သမား တို့သည်လည်း လယ်ယာမြေတို့ကို စွန့်ခွာခဲ့ကြရပြီး တချိန်က သာယာသော လူနေအိမ်ကြီးသည်လည်း အလှတရားတို့ ကင်းမဲ့ကာ ရာစုနှစ်ပေါင်းမြောက်မြားစွာ မိသားစု သိုက်သိုက်ဝန်းဝန်း အတူတကွ နေထိုင်ခဲ့ကြသည့် လူးသားဘိုးဘေးတို့၏ မိသားစု ဘဝသည်လည်း ယိန်းရိုင်ပျက်စီးခဲ့ရသည်။

စက်မှုတော်လှန်ရေးကြီးသည် လူ့ယဉ်ကျေးမှု အသစ်တရပ်ကို သယ်ဆောင်လာပြီး လူသားသည် ကမ္ဘာ့မြေမျက်နှာပြင်တခွင် မှိုလိုပေါက်လာသည့် စက်ရုံများတွင် အလုပ်လုပ်ရန်အတွက် မြို့ကြီးပြကြီး များသို့အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်ကြရသည်။ အခြေအနေ အရပ်ရပ်တို့သည် တချိန်က မိသားစု စိတ်ဓါတ်များ အထွတ်အထိပ် သို့ရောက်ခဲ့သည့် ကျေးလက်ဒေသအခြေခံသည့် စိုက်ပျိုးမှု တော်လှန်ရေး ကာလနှင့် မတူတော့ပေ။ လူသားသည် အသစ်ပေါ်ထွန်းလာသော စက်မှုခေတ် ယဉ်ကျေးမှုက ဖန်တီးပေးလိုက်သည့် “လူထု” အခြေပြု လူ့အဖွဲ့အစည်းသစ် mass society ၏ အစိတ်အပိုင်း တခုဖြစ်လာရသည်။ အလုပ်သမားထု၊ ကျောင်းသားထု၊ စသည်ဖြင့် လူထုလူတန်းစား များပေါ်ပေါက်ခဲ့သည်။

စက်မှုတော်လှန်ရေးကြီးနှင့်အတူ mass production, mass consumption, mass media and mass education အစရှိသည့် ထုနှင့်ထည် နှင့် ကုန်ထုတ်လုပ်ခြင်း၊ စားသုံးခြင်း၊ သတင်းဖြန့်ချီခြင်း၊ ပညာသင်ကြားခြင်း တို့ ကိုမြင်တွေ့လာကြရသည်။ စက်ရုံ အလုပ်ရုံများတွင် စက် ကဲ့သို့ အလုပ်လုပ် မည့် အလုပ်သမားထုကို လူ့အဖွဲ့အစည်း ကဖန်တီးပေးလာရသည်။ အစုလိုက်အပြုံလိုက် ထုတ်လုပ် သည့် ကားစက်ရုံများ၊ သံမဏိစက်ရုံများ၊ ရော်ဘာစက်ရုံများ၊ ခြည်မြှင်နှင့် အထည်စက်ရုံများ စသည်ဖြင့် ကမ္ဘာတခွင်တွင် အမျိုးပေါင်းစုံလင်သည့် စက်ရုံအမြောက်အမြား ပေါ်ပေါက်ခဲ့သည်။

“အလုပ်”၊ “အလုပ်သမား” အစရှိသည့် ဝေါဟာရများသည် ခေတ်စနစ်နှင့်အညီ ပေါ်ပေါက်လာသော ဝေါဟာရ များဖြစ်ကြသည်။ မြေယာ၊ လုပ်အား၊ အရင်းအနှီး စသည်တို့သည် ကုန်ထုတ်လုပ်ရေး အတွက် အရေးကြီးသော အခြေခံ အစိတ် အပိုင်းများဖြစ် လာကြသည်။ စက်ရုံ၊ အလုပ်ရုံတို့မှ ချမှတ်ထားသော သံမဏိ စည်းကမ်းအောက်တွင် ကြွက်များ အလုအယက် အစာရှာစားသကဲ့သို့ နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ အလုပ် လုပ် ကြရသဖြင့် “the 9-5 rat race” ဟူသည့် ဝေါဟာရ ပင် ပေါ်ပေါက်ခဲ့သည်။ အလုပ်သမားများကို ထိထိရောက်ရောက် ထိမ်းချုပ်နိုင်ရန်အတွက် အချိန်ကို တိတိကျကျ တိုင်းတာနိုင်သည့် “နာရီ”ဟူသော စက်တမျိုးကို တီထွင်ဖန်တီးလာကြသည်။ ယင်း“နာရီ” ဟူသော စက်၏ ထိမ်းချုပ်မှုအောက်တွင် အလုပ်သမားသည် နံနက်တိုင်း အချိန်မှန်မှန် ထကာ အလုပ် ရုံသို့ အချိန်မီရောက်လာကြရသည်။ အဝတ်အစားများကိုလည်း တမျိုးတစားတည်း ဝတ်ဆင်ကာ သတ်မှတ်ထားသည့် အချိန်တွင် အလုပ်ရုံသို့ တချိန်တည်း တိတိကျကျ ရောက်လာကြရပြီး စက်ရုံ၏ သံမဏိ စည်းကမ်းအောက်တွင် စက်များ၏ မြည်သံနှင့်အတူ အတိုင်အဖေါက် ညီညီ အလုပ်လုပ်ကြရ သည်။ တချိန်က biological clock ခေါ် လူ့ခန္တာကိုယ်ရှိ် ဇီဝ ဘာဝအရ သတ်မှတ်သော “အချိန်”သည် ၎င်းလင်းကြက်တွန်သံကို မှီခိုအားထားကာ နံနက်အိပ်ရာမှ နိုးထခဲ့ကြရသည့် ခေတ်သည် ၎င်းအသုံး မတည့်တော့ပေ။ ဟောင်းနွမ်းသွားသော စိုက်ပျိုးမှု တော်လှန်ရေးသည် အသစ်သော စက်မှု ယဉ်ကျေးမှုကို နေရာဖယ်ပေးခဲ့ရသည်။

အစိတ်စိတ် ကွဲသွားသော မိသားစု အဆောက်အအုံ
---------------------------------------------------------------
မိသားစုဘဝသည် ယခင် ကျွန်ပ်တို့ ဘိုးဘေးတို့ခေတ်နှင့်မတူ၊ လုံးဝ ဥသုံ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ယောက်ျား လုပ်သူက ရုံး သို့မဟုတ် စက်ရုံတွင် အလုပ်လုပ်ရပြီး၊ မိန်းမ လုပ်သူက အိမ်တွင်းအောင်း ကာ ကလေးများကို ပြုစုပျိုးထောင်ရသည်။ မိသားစုဝင်များက ဖအေ လုပ်သူ လုပ်ကိုင်သော “အလုပ်” ၏ သဘောသဘာဝကို မသိရှိကြပေ။ စိုက်ပျိုးမှုခေတ်က တမိသားစုလုံး အတူတကွ အလုပ်လုပ်ခဲ့ကြ သည့် ခေတ်နှင့် အကွာကြီး ကွာခြားသွားခဲ့သည်။ တချိန်တွင် ကုမ္ဗဏီ အရာရှိကြီး တဦးက သူ့သား မယားကို အလုပ်ထဲခေါ်လာရာ ဖအေ လုပ်သူ၏ ထည်ဝါ ခန်းနားသော ရုံးတွင်းအပြင်အဆင်ကို တွေ့ခဲ့ရပြီး အနီးအနားက ပထမတန်းစား စားသောက်ဆိုင်တွင် ထမင်းအတူ စားသောက်ကြအပြီးတွင် သားလုပ်သူက မေးသည်မှာ “ဖေဖေက အဲဒီလောက်တောင်ချမ်းသာနေတာ၊ သားတို့ကျတော့ ဘာလို့ ဆင်းရဲရတာလဲ”ဟူ၏။ ဤသည်မှာ စက်မှုတော်လှန်ရေးကြီးကြောင့် မိသားစုများ အစိတ်စိတ်ကွဲသွား ရ ပုံ၊ မိသားစုအတွက် ငွေရှာရသည့် “ချမ်းသာသော” ဖအေ လုပ်သူ နှင့် “ဆင်းရဲသော” မိသားစုဝင် များ ဟူ၍ အစိတ်စိတ်ကွဲသွား ရသည့် မိသားစု အဆောက်အအုံ ၏ သာဓကတခုပင်ဖြစ်ပေသည်။

ယ္ခင် စိုက်ပျိုးမှုခေတ်ကာလတွင်မူ မိသားစုဝင်အားလုံး သည် ကလေး၊ လူကြီး၊ မိန်းမ မရွေး လယ်တော ထဲတွင် မိမိတို့ အသီးသီး ခွန်အား ရှိသလောက် စိုက်ထုတ်ကာ တန်းတူ အလုပ်လုပ်ခဲ့ကြသည်။

စက်မှုခေတ်တွင် မိသားစု ပုံသဏ္ဍာန် သည် တမဟုတ်ချင်း ပြောင်း လဲသွား ခဲ့ပြီဖြစ်သည်။ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင်များတွင် အမျိုးသမီးများနှင့် ကလေးများကို ပါဝင်ခွင့်ပေးလာကြသည့် နေရာများ တွင်ပင် ၎င်းတို့ အား ကုန်လုပ် စွမ်း အား ပြည့်မီမှု မရှိ non-productive ဟုဆိုကာ လုပ်ခလစာ အပြည့်အဝ မပေးပဲ အနှိမ်ခံ ဘဝတွင် ထား ခဲ့ကြသည်။ လူ့ ကြွက်သားခွန်အားကိုပါ လိုအပ်နေသေး သော စက်ရုံအလုပ်ရုံ များတွင် ကြွက်သားပြိုင်းပြိုင်း နှင့် အမျိုးသားများသာ လုပ်ခလစာ အပြည့်ရကြသည်။

စက်မှုခေတ်ကြီးတခုလုံးကို အဆိုးမြင် ရှံ့ချကာ စိုက်ပျိုးမှုတော်လှန်ရေးခေတ်အား တဖက်သတ် အမွှမ်းတင်နေခြင်း မဟုတ်ပါ။ စိုက်ပျိုး မှုခေတ်တလျောက် ပဒေသရာဇ် မင်းစိုးရာဇာ အရာရှိကြီးငယ် တို့က ယနေ့ခေတ်ကျွန်ပ် တို့ခံ စား ရသည့် ဒီမိုကရေစီ အခွင့်အရေးမျိုး တစုံတရာ ဘာတခုမှမပေးပဲ ထင်ရာစိုင်း အနိုင်ကျင့် အုပ်ချုပ်ခဲ့ကြသည် ကို မသိကျိုးကျွန်ပြုကာ စိုက်ပျိုးမှုခေတ်ကြီးကို အမွှမ်းတင် ရန် မဖြစ်နိုင်ပါ။ ယင်း အတိတ်ဟောင်းကြီးကို အမွှန်းတင်ရန် အကြောင်းမရှိပါ။

နေ့စဉ်နှင့်အမျှ ကျွန်ပ်တို့ ၏ ဘဝထဲတွင် ချည်းနင်းဝင်ရောက်လာနေသော အနာဂတ် ဆီကိုသာ တစိုက်မတ်မတ် ရွေ့လျားကြရမည် သာ ဖြစ်ပါသည်။

ယေဘုယျအားဖြင့် စိုက်ပျိုးမှု လူ့အဖွဲ့အစည်းအား လက်တစုပ်စာ မင်းစိုးရာဇာတို့က ချုပ်ကိုင်ခဲ့သည်။ နိုင်ငံရေး စီးပွားရေး လောက တို့ တွင် လူထု ပါဝင်ဆုံးဖြတ်ပိုင်ခွင့် ရှိသည့်တိုင်အောင် အလွန်နည်းပါး သောလူတစုသာပါဝင် ခွင့်ရကြပါသည်။ ရိုးစင်းသော စိုက်ပျိုးမှုခေတ်နှင့် နိူင်းစာလျင် ပိုမိုရှုပ်ထွေးလာ သော စက်မှုခေတ် လူ့အဖွဲ့အစည်းတွင် အုပ်ချုပ်သူများအနေနှင့် စီမံခန့်ခွဲ ဆုံးဖြတ်ရသည့် ဝန်ထုတ် ဝန်ပိုးသည် အစမတန် ပိုမိုကြီးမားလာသည့် အလျောက် လူထုလူတန်းစား အသီးသီး၏ ပါဝင်မှုသည် မရှိ မဖြစ်သော ကိစ္စဖြစ်လာရသည်။ ထို့ကြောင့်လည်း လူထု လူတန်းစားများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရေးကို အပြင်းအထန်တောင်းဆို သည့် ဒီမိုကရေစီ တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည်။ အမှန် တကယ်တွင်မူ၊ စက်မှုတော်လှန်ရေးကြီးသည် ရှေးယခင်က မရှိခဲ့ဘူးသေးသည့် ဒီမိုကရေစီစနစ် နှင့် လူ့အခွင့်အရေးများကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

လူထုပညာရေး mass education ပေါ်ထွန်းခြင်း
------------------------------------------------------
စက်မှုခေတ် ကိုအလုပ်အကြွေးပြုရန်အတွက် စည်းကမ်းသေဝတ်သော စက်မှုလုပ်သားများကို အဆက်မပြတ် မွေးထုတ်ပေးရန် လိုအပ်လာသည်။ ယင်း လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် လူထုပညာရေး mass education သည် ပေါ်ပေါက်ခဲ့ရ သည်။ ကျောင်းသားငယ်လေးများသည် ကျောင်းချိန်နှင့် အချိန်ကိုက် ရောက်လာကြရပြီး ကျောင်းခေါင်းလောင်းထိုးသံကို အကျင့်သားရ အောင် လေ့ကျင့်ပေးရသည်။ စက်ရုံအလုပ်သမားများကဲ့သို့ပင် စာသင်ခန်းထဲမဝင်မီ ကျောင်းရှေ့ ကွင်းပြင်တွင် တန်းစီကာ စာသင်နေ့ကို စတင်ကြရသည်။

လူထုပညာရေးသည် အခြေခံအားဖြင့် ကျောင်းသားများကို ရုံးများ သို့မဟုတ် စက်ရုံများတွင် အနာဂတ် လုပ်သားကောင်းများဖြစ်လာ ရန် ကြိုတင်ပြင်ဆင်ပေးခြင်းဖြစ်သည်။

“ကျောင်းတက်၊ ပညာသင်၊ တက္ကသိုလ် ဘွဲ့ယူ၊ အလုပ်လုပ်ပြီး လခစား ဘဝမှာ တင့်တင့် တယ်တယ်နေ။” ဤသည်မှာ စံအဖြစ်ထား အပ်သော အသက်ရှင်ရပ်တည်ရာ လမ်းမှန်သဖွယ် ဖြစ်ခဲ့သည်။ ပုံမှန်လစာ လေးစားပြီး အသက်မွေးခြင်းသည် လူတော်တို့၏အလုပ် ဟု အများတကာက ယုံကြည်လာအောင် ရိုက်သွင်းခဲ့ကြသည်။ ကျောင်းပညာ ညံ့ဖျင်းသူ၊ ပညာမတတ်သူသည် အလုပ်သမားဘဝကို ခံယူကြရသည်။

စက်မှုခေတ် လူနေအိမ်သည်လည်း ရှေးယခင် စည်ကားပြီး ဆူညံနေသော အိမ်နှင့်မတူတော့ဘဲ၊ ဆိတ်ငြိမ်လျက် အထီးကျန်လှ သည်။ ယောက်ျားများက ငွေရှာ အလုပ်လုပ်၊ ကလေးများက ကျောင်းတက် နေစဉ် အမျိုးသမီးများက အိမ်မှုကိစ္စတို့ကို တာဝန်ယူကြရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...