တိုက်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေက နေရပ်တွေကို စွန့်ခွာထွက်ပြေးနေရသလို အစိုးရ စစ်တပ်ဘက်ကလည်း လေယာဉ်၊ ရဟတ်ယာဉ် အပါအဝင် လက်နက်ကြီးတွေကို အသုံးပြုပြီး နေ့စဉ် ရက်ဆက်ဆိုသလို တိုက်ခိုက်နေကြပါတယ်။ တိုက်ပွဲတွေက အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခါနီး အချိန်ကစလို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်လို့ ဆိုရလောက်အောင်ကို ဖြစ်လာခဲ့တာ တွေ့ရပါတယ်။
သျှမ်းလက်နက်ကိုင် နှစ်ဖွဲ့ရှိတဲ့အထဲက တစ်ဖွဲ့က နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA မှာ လက်မှတ်ထိုးဖို့ သဘောတူလိုက်ချိန်မှာပဲ ကျန်တဖွဲ့က အတိုက်ခံရတယ်ဆိုတဲ့ သဘောဖြစ်လာတာပါ။
တိုက်ပွဲတွေက သျှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ဖြစ်မလာသေးတာ တစ်ခုကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း သျှမ်းပြည်နယ် အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်လာချိန်မှာ နိုင်ငံရေးဆို တက်ကြွခဲလှတဲ့ သျှမ်းလူထုတွေအကြား နိုးကြား တက်ကြွမှုတွေနဲ့ ဝိုင်းဝန်းကူညီကြ လှူဒါန်းကြတဲ့ ပုံတွေကို တွေ့ရပြန်တော့လည်း အနာဂတ်အတွက် အနည်းငယ် အားတက်မိပါတယ်။
စာရေးသူတသက်နဲ့ တကိုယ်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒီလိုတက်ကြွမှုမျိုးကို ပထမဆုံးအကြိမ်အဖြစ် စတင်မြင်တွေ့ဖူးတာပါ။
ပါတီချင်းမတူ သူတွေတောင်မှ အတူတကွတွဲပြီး စစ်ဘေးရှောင် ပြည်သူတွေအတွက် ထောက်ပံ့ ကူညီရေးအစီအစဉ်တွေလုပ်နေတာ လူငယ်တွေ တော်တော်များများ စစ်ပွဲတွေရပ်တန့်ဖို့ တောင်းဆိုနေတာ စသဖြင့် ပါပဲ။ ပြည်တွင်းပြည်ပ သျှမ်းအသိုင်းဝိုင်းမှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ တော်တော်လေး ကျယ်ကျယ်လောင်လောင် ဖြစ်လာနေခဲ့သလို အရပ်ဘက်လူမှု အဖွဲ့အစည်းတွေက အစ ရဟန်းသံဃာတော်တွေအဆုံး စစ်ပွဲတွေ ရပ်တန့်ရေး စစ်ဘေးရှောင် ပြည်သူများကူညီရေး စသဖြင့် သိုက်သိုက်ဝန်းဝန်း နဲ့ ဆောင်ရွက်နေကြသလို ထည့်ဝင်လှူဒါန်းသူတွေကလည်း အမြောက် အမြားပါပဲ။
ကချင်ပြည်နယ်ဘက်က တိုင်းလိုင် သျှမ်းနီတွေကလည်း သျှမ်းပြည်အလယ်ပိုင်းက သျှမ်းလူမျိုးတွေ နေရပ် စွန့်ခွာထွက်ပြေးနေရတာ ကို စာနာနားလည်မှုတွေပေးပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ် ကနေ ရေးသားနေတာလည်း တွေ့မြင်နေရပါတယ်။
သို့ပေမဲ့လည်း သျှမ်းလူထုအတွင်းက မချိတင်ကဲ ဖြစ်နေသံတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက် ပေါ်နေဆဲပါ။ ဒါကတော့ အဓိက လက်နက်ကိုင်က နှစ်ဖွဲ့ဖြစ်ပြီး ကွဲနေတာ နိုင်ငံရေးအင်အား စုတွေအရပ်ဘက်လူမှုအဖွဲ့အစည်းတွေအားလုံး တူညီတဲ့ ပန်းတိုင်တစ်ခုတည်းနဲ့ မသွားနိုင်သေးတဲ့ အပေါ်မှာ မချိတင်ကဲ ဖြစ်နေကြတာပါ။
လေ့လာသူအချို့ကလည်း အခုလို အမျိုးသားရေး စိတ်ဓါတ်နိုးကြားလာချိန်မှာ အရှိန်ရနေတုန်း လက်နက် ကိုင်အဖွဲ့အချင်းချင်း ပေါင်းစည်းရေး။ ပါတီတွေ ပေါင်းစည်းရေးတွေကို စတင်စဉ်းစား သင့်ပြီလို့ အကြံပြုတာတွေလည်း ရှိပါတယ်။ ပေါင်းစည်းရေးဆိုတာ ခက်ခဲတတ်ပေမဲ့ အရှိန် ရနေတုန်း လုပ်ရင် လွယ်ကူတတ်တာမို့ တကယ်လည်း စဉ်းစားဖို့ ကောင်းတဲ့ အရာပါ။
ရပ်တည်မှုအရ ပေါ်ပေါက်လာပုံအရ ကွဲပြားနိုင်ပေမဲ့ ကိုယ့်သျှမ်းအမျိုးသားအတွက်ဆိုတာ ထည့်တွက် ရင် ပေါင်းစည်းရေးမူက စဉ်းစားကို စဉ်းစားရမဲ့ အရာပါ။ စစ်ပွဲကလည်း ကြာလာနိုင် ပိုမိုပြင်းထန် လာနိုင်တဲ့ အရိပ်ယောင်တွေလည်း မြင်တွေ့နေရပါပြီ။ ဒီအတွက် ဒုက္ခသည် စခန်းတွေမှာ ရောက်နေပြီဖြစ်တဲ့ သျှမ်းလူထုအတွက် ညီညွတ်မှုကို ပြသပြီး လူထုကို အားပေးရမယ့် အချိန်ရောက်နေပါပြီ။
လက်နက်ကိုင်ပေါင်းစည်းရေး
ကြာမြင့်နေခဲ့ပြီဖြစ်တဲ့ သျှမ်းလက်နက်ကိုင် တော်လှန်ရေးသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် အင်အားကောင်းကောင်း စုဖွဲ့မှုကောင်းကောင်းနဲ့ ရပ်တည်နိုင်ခဲ့တဲ့ အချိန်တွေရှိသလို အကွဲအပြဲ တွေနဲ့ အချင်းချင်း ပြန်တိုက်ကြတဲ့ အဆင့်ထိလည်း ရောက်ခဲ့ဖူးတာ အားလုံး အသိပါပဲ။ အခုလို အချိန် အခါက ဘာကြောင့် တော်လှန်ရေးက မအောင်မြင်ခဲ့သလဲဆိုတာ ပြန်စဉ်းစားဖို့ အကောင်းဆုံး အချိန်အခါပါ။ ဘယ်လိုအကြောင်းတွေပဲ ရှိခဲ့ရှိခဲ့ လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ရဲ့ အရေအတွက်အရ လည်း ပေါင်းစည်းနိုင်ခဲ့ရင် မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့ ဝ တပ်ဖွဲ့နီးပါးလောက်ကို ဖြစ်လာမယ်ဆိုတာလည်း သျှမ်းတိုင်းရင်းသားတွေ အားလုံး အသိ ပါပဲ။ အခုလို ပေါင်းစည်းခိုင်းနေတာ အစိုးရစစ်တပ်ကို သွားရောက်တိုက် ခိုက်စေလိုတဲ့ ဆန္ဒမဟုတ်ပဲ ကိုယ့်လူမျိုး၊ ကိုယ့်ပြည်နယ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်စေဖို့ပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် နှစ်ဖွဲ့ပေါင်းစည်းရေးမှာ ဝ နဲ့ နီးစပ်ချင်း မနီးစပ်ချင်းက အခရာကျတဲ့ ကိစ္စဖြစ်ကောင်း ဖြစ်နေပါလိမ့် မယ်။ (မှတ်ချက်။ ။ သျှမ်းတပ်မတော် တောင်ပိုင်းအနေဖြင့် ဝ နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးပြီး သျှမ်းတပ်မတော် မြောက်ပိုင်းက ဝ နှင့် မဟာမိတ် ဖြစ်သည့်အတွက်)
သို့သော်လည်း အမျိုးသားရေးအရ တကယ်ပေါင်းစည်းဖြစ်ခဲ့ရင် သျှမ်းတပ်မတော် မြောက်ပိုင်းအနေနဲ့ လည်း ပိုပြီးအမှီခိုကင်းကင်းရပ်တည် လာနိုင်ပါလိမ့်မယ်။ နိုင်ငံရေးမူဝါဒတွေက ပြန်ညှိနှိုင်းရနိုင်ပေမဲ့ တဖွဲ့ချင်း အကျိုးစီးပွားကို မကြည့်ဘဲ အမျိုးသားတန်းတူရေးနဲ့ မျိုးနွယ်စုအပေါ် ကာကွယ်ရေး ဆိုတာကို ကြည့်မယ်ဆိုရင်ပေါင်းကို ပေါင်းရပါလိ့မယ်။ လတ်တလောမှာ အကျယ်လောင်ဆုံးကတော့ သျှမ်းပြည်တပ်မတော် မြောက်ပိုင်းတိုက် ခိုက်ခံရချိန်မှာ တောင်ပိုင်းက အန်စီအေကို လက်မှတ်ထိုးလို့ သျှမ်းတပ်မတော် မြောက်ပိုင်း အတိုက်ခံရတာ သူနဲ့ မဆိုင်သလို နေနေတယ်။ ကိုယ်လွတ်ရုန်းနေ တယ်ဆိုပြီး သျှမ်းလူထုက မြင်နေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
သျှမ်းတပ်မတော် တောင်ပိုင်းအနေနဲ့လည်း NCA ထိုးထားတာ မှန်ပေမဲ့ အခုလို ပြည်သူတွေ ဒုက္ခရောက်လာချိန်မှာ သူ့လမ်းနဲ့သူ အဆင်ပြေသလိုလုပ်နေတာ လမ်းကြောင်းမှန်ဟုတ်ရဲ့လား ဆိုတာ စဉ်းစားသင့်နေပါပြီ။ ပြည်ထောင်စုအရ ကြည့်မယ်ဆိုရင် တိုင်းရင်းသားအားလုံးဟာ ဘာတန်းတူအခွင့်ရေးမှ မရှိတဲ့အတွက် တပ်ပေါင်းစုမူကနေ ဖယ်ကျဉ်ပြီး သီးသန့်သွားလုပ်တာဟာ နိုင်ငံရေးအရ ဘာအကျိုးရလာဒ်မှထွက်ပေါ်စေမှာ မဟုတ်ပါဘူး။
အတိတ်မှာ သျှမ်းတပ်မတော်တောင်ပိုင်း အတိုက်ခံနေရတဲ့ ၁၉၉၆-၁၉၉၈၊ ၂ဝဝဝ ဝန်းကျင်လောက်က သျှမ်းမြောက်အနေနဲ့ အပစ်ရပ်ထားပြီး မြို့ပေါ်မှာ အနားယူနေတယ်ဆိုပြီး ထောက်ပြကောင်း ထောက် ပြနိုင်ပေမဲ့ သျှမ်းတိုင်းရင်းသားတွေအတွက် ကြည့်မယ်ဆိုရင်တော့ ဒါဟာ တော်တော်လေးကို ဆိုးရွား တဲ့ အတွေးအခေါ်ပါပဲ။ နှစ်ဖွဲ့စလုံးမှာ သျှမ်းတိုင်းရင်းသား တန်းတူအရေးအတွက်ဆိုပြီး ဘုံရပ်တည် ချက်ရှိပြီးဖြစ်တဲ့အတွက် အဲဒီအချက်ကို အခြေခံလို့ ပူးပေါင်းဆောင်ရွက်မှုတွေ ညှိနှိုင်းမှုတွေ စတင်သင့် နေတာတော့ အမှန်ပါပဲ။
ပေါင်းစည်းဖို့ လိုအပ်နေဆဲ သျှမ်းပါတီတွေ
သျှမ်းတိုင်းရင်းသား နာမည်ခံထားတဲ့ ပါတီတွေလည်း သျှမ်းနီပါတီတွေကို ပါထည့်တွက်ရင် ၅ ပါတီ ရှိနေပါတယ်။ ရွေးကောက်ပွဲ ရလာဒ်အရကော ဩဇာအရပါကြည့်ရင် ကျားခေါင်းပါတီ SNLD က ထိပ်မှာ ရှိနေပေမဲ့ TAI ဆိုတဲ့ သျှမ်းလူမျိုးအားလုံးအတွက်ဆိုရင်တော့ ပါတီတွေအားလုံးအနေနဲ့ ပိုပြီး ကျစ်လစ်တဲ့ ခိုင်မာတဲ့ စုဖွဲ့မှုမျိုးလို အပ်နေတာ အမှန်ပါပဲ။ ဒီပါတီက အစိုးရနဲ့ နီးစပ်လို့ ငါတို့က လုံးဝ အတိုက်အခံပဲဆိုတာ အခုလို အရေးကြီးလာတဲ့အချိန်မှာ ငြင်းခုံနေရမဲ့ အချိန်မဟုတ်တော့ပါဘူး။ သူ့အတွေ့အကြုံနဲ့သူ ရှိနေတဲ့သူတွေ သူ့အရည်အချင်းနဲ့သူ ရှိသူတွေ ပါတီအားလုံးမှာ ရှိနေတဲ့ အတွက် သျှမ်းတိုင်းရင်းသား အခွင့်ရေးအတွက် တကယ်ခိုင်ခိုင်မာမာ ရပ်တည်ပြီး သွားချင်တယ်ဆိုရင် အင်အားစု အားလုံးပေါင်းစည်းဖို့ လိုပါတယ်။
ဒီနေရာမှာ ဦးဆောင်အခန်းကဏ္ဍအနေနဲ့ ဦးခွန်ထွန်းဦးရဲ့ ကျားခေါင်းပါတီက ရှိနေရမှာဖြစ်ပေမဲ့ ကျန်တဲ့ ပါတီတွေအနေနဲ့လည်း အတိတ်က အပေါင်းသင်းမှားယွင်းခဲ့တာ လုပ်ရပ်နဲ့ လုပ်နည်း လုပ်ဟန်မှားယွင်းခဲ့တာတွေကို သင်ခန်းစာယူနိုင်ခဲ့ရင် သျှမ်းတိုင်းရင်းသားတွေအတွက် အကျိုး ရှိစေမှာဖြစ်ပါတယ်။ လူမျိုးတမျိုးချင်းစီအလိုက် အခွင့်အရေးတောင်းဆိုရမှာ မှန်ပေမဲ့ တိုင်းရင်းသား အားလုံးအတွက်ဆိုတဲ့ အဝန်းအဝိုင်းတစ်ခုလုံးကို ရှုမြင်ရမဲ့ မူဝါဒမျိုးလည်း ရှိရမှာဖြစ်ပါတယ်။ ဥပမာ အားဖြင့် ကေအိုင်အိုကို မကြိုက်တဲ့အတွက် ကေအိုင်အိုကို တန်ပြန်လုပ် စစ်အုပ်စုနဲ့ပေါင်းဆိုတာ ရေတိုအတွက် အဆင်ပြေနိုင်ပေမဲ့ ရေရှည်အတွက်တော့ အဖြေမှန် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။
အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ
ဒီမိုကရေစီစနစ်မှာ အရေးပါတဲ့ အရပ်ဘက်လူမှု့အဖွဲ့စည်းတွေ၊ လူထုအခြေပြုအဖွဲ့စည်းတွေအနေ နဲ့လည်း ပိုမို အားကောင်းဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ချင်းမိုင်အပါအဝင် နိုင်ငံရပ်ခြားမှာရောက်နေတဲ့ သျှမ်းလူမှုအဖွဲ့ စည်းတွေအနေနဲ့ ပိုမိုလက်တွေ့ကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ အတွက် ပြည်တွင်းမှာ ပိုမို အခြေချဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်သလို ပြည်တွင်းက သျှမ်းလူငယ် ကွန်ယက်တို့လို ကွန်ယက်တွေ အနေနဲ့လည်း အခုအချိန်မှာ ရေရှည်အတွက်ပါ ပြင်ဆင်သင့် နေပြီဖြစ်ပါတယ်။
တကယ်တမ်း အမျိုးသားရေးအတွက် ဆောင်ရွက်မယ်ဆိုရင် ဆွမ်းလောင်းအသင်းသာသာ စုဖွဲ့မှုမျိုး လောက်နဲ့ ဆောင်ရွက်လို့ မရနိုင်တာ အားလုံးအသိပါပဲ။ ဒီလိုပြောနေလို့ သာမန်လှူဒါန်းနေတဲ့ ကူညီနေတဲ့ အသင်းအဖွဲ့တွေကို ပြစ်တင်ရှုံ့ချနေတာ မဟုတ်ပါဘူး။
စစ်ပွဲနဲ့ တန်းတူအခွင့်ရေးက ဘယ်လောက်ကြာမယ်မှန်း မသိတဲ့အတွက် သတိပေးနေရတာ ဖြစ်ပါတယ်။ ပိုမိုစုဖွဲ့မှုအားကောင်းတဲ့ စနစ်ကျတဲ့ ရေရှည်အတွက် မျှော်မှန်းထားတဲ့၊ ပြည်သူလူထုကို ဦးဆောင်နိုင်တဲ့ အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေ အမှန်တကယ်ပေါ်ပေါက်လာဖို့ လိုအပ်နေတာကတော့ ငြင်းဆန်မရနိုင်တဲ့ ကိစ္စပါပဲ။
စုစည်း ဟန်ချက်ညီမှုဖြင့် သျှမ်းအမျိုးသားအခွင့်ရေးဆီသို့
သျှမ်းတိုင်းရင်းသားတွေအပါဝင် မြန်မာနိုင်ငံက တိုင်းရင်းသားတွေအနေနဲ့ တိုင်းရင်းသားအရေး လှုပ်ရှားမှုတွေမှာ ဘာကြောင့် မအောင်မြင်သလဲဆိုတဲ့ အချက်တွေထဲမှာ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်၊ အရပ်ဘက်လူမှု့အဖွဲ့စည်း ဟန်ချက်ညီစွာ လှုပ်ရှားနိုင်မှုဆိုတဲ့ အချက်ကလည်း အရေးပါတဲ့ အနေထားမှာရှိနေပါတယ်။ ဥပမာအားဖြင့် ကချင်ပြည်နယ်မှာ ကေအိုင်အိုလို လက်နက်ကိုင် အားကောင်းပြီး အရပ်ဘက်လူမှုအဖွဲ့စည်းတွေ အားကောင်းသော်လည်း ကချင်တိုင်းရင်းသားတွေကို နိုင်ငံရေးအရ ကောင်းကောင်းဦးဆောင်နိုင်တဲ့ အားကောင်းတဲ့ နိုင်ငံရေးပါတီ မရှိပါဘူး။
ကရင်ပြည်နယ်မှာဆိုရင်လည်း ထိုနည်းလည်းကောင်းဖြစ်သလို ကယားပြည်နယ်မှာဆိုရင်လည်း လက်နက်ကိုင်ဖြစ်တဲ့ KNPP ကပဲ နိုင်ငံရေးအရ ဩဇာကြီးတာပါ။ သျှမ်းတွေအဖို့မှာတော့ လက်နက်ကိုင် အားကောင်း၊ ပါတီတွေ အားကောင်းပေမဲ့ အရပ်ဘက်လူမှုအဖွဲ့စည်းတွေ အသင်းအဖွဲ့ တွေက ဩဇာသိပ်မရှိတာ လှုပ်ရှားမှုနှေးကွေးတာ အားလုံးအသိပါပဲ။ စာရေးသူအမြင်အရတော့ နိုင်ငံရေးပါတီ၊ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အရပ်ဘက်လူမှု့အဖွဲ့စည်းတွေ ဟန်ချက်ညီစွာနဲ့ အားကောင်းမောင်းသန် လှုပ်ရှားနိုင်မှသာ တိုင်းရင်းသားတန်းတူအခွင့်ရေးအတွက် လှုပ်ရှားမှုကို ပိုမို အရှိန်မြှင့်တင်နိုင်မှာ လူထုကို ပိုပြီး ထိထိရောက်ရောက် ဦးဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုကတော့ အခုလို သျှမ်းပြည်အလယ်ပိုင်းက တိုက်ပွဲတွေကြောင့် သျှမ်းတွေရဲ့ အမျိုးသားရေး စိတ်ဓါတ်က နိုးကြားလာခဲ့တာတော့ အမှန်ပါပဲ။ နောက်တဆင့်အနေနဲ့ ကိုယ့်လူမျိုးကို ကာကွယ်ဖို့နဲ့ တိုင်းရင်းသား တန်းတူအခွင့်ရေးရဖို့ ဆိုရင်တော့ သျှမ်းတိုင်းရင်းသား တွေအားလုံး စုစည်းညီညွတ်ကြဖို့ လိုပါလိမ့်မယ်။
(ဆောင်းပါးရှင်) စိုင်းထွန်းအောင်လွင်







