စောရဖြောင့် နေထိုင်ကြီးပြင်းလာခဲ့သည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျုံခဝန် ကျေးရွာလေးသည် လွန်ခဲ့သည့် ၁၉၉၀ ခုနှစ်မှ ၂၀၁၀ ကာလအထိ အစိုးရတပ်မတော်နှင့် ကရင်လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတို့ ၏ ရှေ့တန်းစစ်မျက်နှာပြင် တစ်ခုဖြစ်ခဲ့သည်။
၂၀၁၂ ခုနှစ်၊ ဧပြီတွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် အစိုးရတို့ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်ဆဲပြီးနောက် သူနေထိုင်သည့် ရွာငယ်လေး၌ အခြေခံမဲဆန္ဒရှင်စာရင်းကို မြို့နယ် ကော်မရှင်က ၂၀၁၅ ခုနှစ် ဇွန်လက လာကပ်သည့် အချိန်တွင် သူ၏ ကံကြမ္မာနှင့် သူ့ဒေသကလူများ အမှောင်ထဲမှာနေထ်ိုင်ခဲ့ရသည့် ဘဝမှမကြာခင် အလင်းရောင်ခြည်သန်းလာမည်ဟု သူယူဆခဲ့သည်။
သို့သော် စက်တင်ဘာလတွင် မဲစာရင်းထုတ်ပြန်ချိန်၌ ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းရှိ စောရဖြောင့် နေထိုင်သည့် ကျေးရွာ အပါအဝင် ကျေးရွာအုပ်စု ၃၈ စု မဲစာရင်းတွင် မပါဝင်တော့ဘဲ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုဒေသများတွင် ရွေးကောက်ပွဲမကျင်းပတော့ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
စောရဖြောင့်က “ကျနော်တို့နယ်က ရှင်းရှင်းပြောရင် လူရာမဝင်တဲ့ နယ်လည်း မဟုတ်ဘူး။ ကျေးရွာ အထက်တန်းကျောင်းလည်း ရှိလာပြီးကွာ။ တိုက်နယ်ဆေးရုံလည်း ရှိတယ်ဗျာ။ သူတို့ အဲလို လုပ်လိုက်ရင် ကျနော်တို့နယ်မှာ အခက်ခဲတွေ တင်ပြဖို့ ကိုယ်စားလှယ်တစ်ယောက်ဆုံးရှုံးရတယ်။ ရွာသားတွေအတွက် တော်တော်လေး အခွင့်အရေး ဆုံးရှုံးရတာပေါ့”ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု ၅၁ စုရှိပြီး မြို့ပေါ်ရပ်ကွက် ၁၆ ရပ်ကွက်ရှိရာ လုံခြုံရေး အခြေအနေကြောင့် ကျေးရွာ အုပ်စု ၃၈ စုရှိ ကျေးရွာပေါင်း ၂ဝဝ နီးပါးတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ပြည်နယ်ကော်မရှင်က ပြောကြားထားသည်။
ထိုကျေးရွာအုပ်စု ၃၈ စု၌ ကျေးရွာစာရေးကောက်ခံထားသည့် မဲဆန္ဒရှင်စာရင်းများကို ဇွန်လတွင် ပထမအကြိမ်ထုတ်ပြန်ခဲ့ရာ ကရင်အမျိုးသားအစည်အရုံး(KNU)နှင့် မွန်ပြည်သစ်ပါတီ (NMSP)တို့မှ ကန့်ကွက်မှုရှိခဲ့၍ နောက်တစ်ကြိမ်မဲစာရင်းများကို မကပ်တော့ကြောင်း၊ ထိုကျေးရွာအုပ်စုများတွင် အစိုးရမှခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှုးများလည်းမရှိသည့်အတွက် ရပ်ကျေးကော်မရှင်လည်း မဖွဲ့န်ိုင်ကြောင်း စသည့် လုံခြုံရေး အခြေအနေများကြောင့် ယင်းဒေသတွင် ရွေးကောက်ပွဲ မကျင်းပ တော့ကြောင်း ကရင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က ပြောသည်။ “အုပ်ချုပ်ရေးမှူး မခန့်နိုင်ဘူးဆိုတာလည်း လုံခြုံရေးအခြေအနေကြောင့်ပဲ ဖြစ်တယ်။ ဆက်စပ်နေတာပဲ”ဟု ၎င်းက ပြောသည်။
မဲစာရင်းပထမအကြိမ်ကပ်စဉ်က ကန့်ကွက်ခဲ့မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် KNU အခြေစိုက် နယ်မြေများ၌ မဲစာရင်းကပ်မည့်ကိစ္စနှင့်ပတ်သက်၍ ကြိုတင်ညှိနှိုင်းမှု မရှိခဲ့သည့်အတွက် KNU အောက်ခြေတပ်ဖွဲ့မှ မသိ၍ ဟန့်တားခဲ့ကြောင်း နောက်ပိုင်း ရွေးကောက်ပွဲမဲစာရင်းကိစ္စဖြစ်၍ ကပ်ခွင့်ပြုခဲ့ကြောင်း ဖားအံမြို့ရှိ KNU ဗဟိုဆက်ဆံရေးရုံးတာဝန်ခံ စောရှီးရိူက ဆိုသည်။
“ဒါက လုံခြုံရေးနဲ့ မဆိုင်ဘူးနဲ့ တူတယ်။ ကျနော်တို့က ဒီမိုကရေစီလျေုာက်လမ်းတာပါ။ ၂၀၁၅ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ကျနော်တို့ (KNU)အနေနဲ့ အာမခံပါတယ်”ဟု စောရှီးရိူက ပြောသည်။
ယင်းအပြင် မွန်ပြည်သစ်ပါတီ အနေဖြင့်လည်း ကန့်ကွက်ခြင်း မဟုတ်ဟု ဆိုသည်။ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် ဥက္ကဌ နိုင်ဗညားလဲ့က “ကျနော်တို့ ကန့်ကွက်တာမဟုတ်ပါဘူး။ ကျနော်တို့ ဗဟို ညွှန်ကြားချက်ကို စောင့်နေတဲ့အချိန်မှာ နည်းနည်းကြာသွားတယ်ပေါ့။ နောက်ပိုင်းကျနော်တို့ ခွင့်ပြုထားပါတယ်” ဟု ပြောသည်။
လုံခြုံရေး အခြေအနေအရ မဲရုံမဖွင့်လှစ်နိုင်သည့်ကျေးရွာအုပ်စုများရှိရာ ကြာအင်းဆိပ်ကြီးဒေသ၌ ပြီးခဲ့သည် ၂၀၁၄ ခုနှစ်က သန်ခေါင်စာရင်းကောက်ယူရာတွင် အစိုးရက KNU နှင့်ညိနှို်င်းကာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လုံခြုံရေး အကြောင်းပြချက်အပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောကြားသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောတင်ဝင်းက “သူတို့အပြောကတော တရာမျှတမှုရှိမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကတော့ ပြောတယ်။ ဒါပေမဲ့ ကြည့်ရတာ ဒီမဲစာရင်တွေမမှန်ကန်မှု ခုထက်ထိမဲရုံတွေမကြေညာတာ၊ ကျနော်တို့ အနေနဲ့ နည်းနည်းနားလည်ရ ခက်ခဲနေတယ်။ ကျနော်တို့ပြည်နယ်သူ ပြည်နယ်သားတွေ ဟာ အခုချိန်ထိ မဲတစ်ခါမှမပေးဖူးသေးတဲ့ ပြည်နယ်သားတွေ ဒီနေ့အထိရှိနေပါသေးတယ်”ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စောညွှန့်သောင်းက “ဒီကျေးရွာအုပ်စု ၄၁ အုပ်စုမဖွင့်လှစ်နိင်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ ကြာအင်းဆိပ်ကြီးမြို့နယ်က ပြည်သူလူထုတွေ အခွင့်အရေး နစ်နာတာပေါ့ ဗျာ”ဟု ပြောသည်။
ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင်လည်း လုံခြုံရေးအခြေအနေကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုပေါင်း ၄၆ အုပ်စု၌ မဲရုံမဖွင့်လှစ်နိင်ခဲ့သည့် အတွက် ဒေသခံအများစု မဲပေးခွင့်ဆုံးရှုံးခဲ့ရပြီး ကရင်ပြည်နယ်တစ်ခုလုံးအတွက် အများဆုံးမဲရုံမဖွင့် လှစ်နိင်ခဲ့သည်ဟု မြို့နယ်တစ်ခုလည်း ဖြစ်ခဲ့သည်။
လာမည့် ရွေးကောက်ပွဲတွင် ကရင်ပြည်နယ်တစ်ခုလုံး၌ ကျေးရွာအုပ်စု ၉၄ စု ရွေးကောက်ပွဲ မကျင်းပနိုင်မည် မဟုတ်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
ဆောင်းပါး - စောမြတ်ဦးသာ







