အဘိုးအိုမှာ ပညာတတ်သားတစ်ယောက်ရှိပါတယ်။ သားရဲ့ နာမည်က ခူးကိုရယ် တဲ့။
နိုင်ငံခြားသားကိုလည်း တွေ့ရော ပညာတတ်လေး ခူးကိုရယ်ဟာ အိမ်ပေါ်က ဆင်းပြီး နိုင်ငံခြားသားနဲ့ အင်္ဂလိပ်လို ပြောဖို့ ကြိုးစားပါတော့တယ်။
နိုင်ငံခြားသားကမေးတာပေါ့ “မင်းအဖေက ဘာလို့ ဒီဟာကို လုပ်နေရတာလဲ အသက်အရွယ်က ကြီးပြီလေ”တဲ့။
အဲလိုမေးလာတော့ ခူးကိုရယ်က “ငါ့အဖေက ပညာမှ မတတ်တာ သူနဲ့ကိုက်တဲ့ အလုပ်ပဲ သူလုပ်မှာပေါ့”လို့ ပြန်ဖြေလိုက်တယ်။
“ပြီးတော့ ရက်တိုင်းညတိုင်း သူသိထားတာတွေ တတ်ထားတာတွေကို ငါ့ကို ပြောလိုက်တာ နားကို ညီးနေတာပဲ”လို့လည်း ပြောလိုက်တယ်။
အဲဒီလိုပြောတော့ နိုင်ငံခြားသားက သူ့ကို ပြန်ပြောတာပေါ့။ “မင်းအဖေလုပ်နေတာကို မင်း လိုက်လုပ်တတ်လား”တဲ့။
ခူးကိုရယ်က “မလုပ်တတ်ဘူး”လို့ ဖြေလိုက်တယ်။
မင်းရဲ့အဖေက တောင်းတစ်လုံးကို ယက်တယ်ဆိုတာ ဒါသူ့ရဲ့ပညာပဲလို့ နိုင်ငံခြားသားက ရှင်းပြပေမယ့်လည်း ခူးကိုရယ်ရဲ့ နားထဲကိုတော့ မဝင်သေးပါဘူး။
နိုင်ငံခြားသားက သူ့အဖေကို မေးခွန်းမေးသေးတယ်။ ပင်ပန်းလားလို့ မေးတာပေါ။ အဘိုးက ပြန်ဖြေတာပေါ့ “စစ်ညှိတို” လို့။ ဒါက ကယားလိုပြန်ဖြေတာပါ။
ဒီလိုနဲ့ပဲ နိုင်ငံခြားသားမပြန်ခင်လေးမှာ အဘိုးအိုနဲ့ ဓာတ်ပုံတစ်ပုံနှစ်ပုံ တွဲရိုက်ချင်ပါတယ်လို့ ဆိုလာရော။
အဘိုးအိုက မတ်တပ်ရပ်တုန်းပဲရှိသေးတယ် ခူးကိုရယ်က “အဖေမြန်မြန်လုပ်လေကွာ။ အကျႌသစ်လည်း မရှိ၊ ရေလည်း မချိုးပဲနဲ့ သူများကို အားမနာဘူးလား”တဲ့။
သူအဲဒီလိုပြောလိုက်တဲ့အချိန်မှာတော့ သူ့အဖေဟာ မပြုံးနိုင်တော့ဘဲ နိုင်ငံခြားသားနဲ့ အတူအပြုံးမဲ့စွာ ဓာတ်ပုံထဲ မျောပါသွားရရှာပါတယ်……
နိုင်ငံခြားသားပြန်ပြီးတဲ့နောက် အဖေက “အော်… သားဆန်သွားထုတ်ပါလား။ ဒီရက် ဆန်ထုတ်တယ် မဟုတ်လား”လို့ အသိပေးခဲ့ပါတယ်။
“ကိုယ့်ဖာသာကိုယ် သွားထုတ်ပေါ့” ဆိုတဲ့ တုန့်ပြန်လာတဲ့ ခူူးကိုရယ် ရဲ့စကားက အဖေ့မှာ ရင်ကွဲမတတ် ဖြစ်ခဲ့ရပါတယ်…။
သူတို့ သားအဖဟာ ထိုင်းနိုင်ငံ စစ်ဘေးရှောင် ကရင်နီဒုက္ခသည် အမှတ် -၁ စခန်းမှာနေတာကြောင့် စားနားရိက္ခာကို ထိုင်း-မြန်မာညွန့်ပေါင်းအဖွဲ့ (TBC)က ထုတ်ပေးတာပါ။
ခူးကိုရယ်ရဲ့ စကားကို ကြားလိုက်ပြီးတဲ့နောက် အဖေက “မင်းဟာ ငါ့သားမဟုတ်ဘူးလား။ နိုင်ငံခြားသား ရှေ့မှာလည်း မင်းငါ့ကို အဖေတစ်ယောက်လိုလည်း မဆက်ဆံဘူး။ မင်းငယ်ငယ် ကတည်းက ငါပြုစုစောင့်ရှောက် ကျွေးမွေးလာခဲ့တာ မမှတ်မိတော့ဘူးလား”လို့ ဒေါသနဲ့ အော်ဟစ်တော့တာပါပဲ။
ဒါပေမယ့် ခူးကိုရယ်က “အဖေက သားကို ကျွေးတာ မဟုတ်ဘူး။ (TBC)က သားတို့ကို လိုလေသေး မရှိအောင် ဆန်တို့ ဘာတို့ညာတို့ အကုန်ထုတ်ပေးခဲ့တယ်ဆိုတာအဖေ မသိဘူးလား”တဲ့…
“ဟုတ်ပါတယ်မင်းက ပညာတတ်တစ်ယောက်ပဲ .. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နေတဲ့ လူငယ်လေးတစ်ယောက်ပဲ”လို့ အဖေဖြစ်သူက မျက်ရည်ဝိုင်းကာပြောရင်း “မင်းငရဲမကြီးပါစေနဲ့” ဆိုတဲ့စကားနဲ့ အဆုံးသတ်လိုက်ပါတယ်…..
အဖေ့ အစား ဘယ်သူက စာနာပေးမှာလဲ။ ခူးကိုရယ်ရဲ့နေရာမှာ သင်ကိုယ်တိုင် ရောက်မနေပါစေနဲ့။ တို့လူငယ်တွေ ပေးတာယူ၊ ကျွေးတာစား ဒီလိုနဲ့ပဲ ဆက်ရှင်သန်နေအုံးမှာလား။ ဒါကိုပဲ ဂုဏ်ယူနေကြမှာလား။ တို့လူငယ်တွေ မျက်စိနဲ့နားဖွင့်ပြီး အမြင်ကျယ်နိုင်ဖို့ လိုအပ်နေပြီလေ…။
ဆောင်းပါး - ဖိုးယုဇွန်







