အစိုးရအပေါ်မူတည်နေသော ပြည်တွင်းငြိမ်းချမ်းရေး

အစိုးရအပေါ်မူတည်နေသော ပြည်တွင်းငြိမ်းချမ်းရေး
by -
မွန်အေဂျင်စီ
ဗညားလတိုပ် - စက်တင်ဘာလ ၂၈ မှ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့တွင် ကျင်းပသော တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၉ ဖွဲ့ ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် လက်နက်ကိုင်အဖွဲ့ ရဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ကရင် ငြိမ်းချမ်းရေးကောင်စီ(KPC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ်းမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့သည် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

သို့သော် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုး တက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်မတော်(AA)တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါ၀င်လက်မှတ်ထိုးရေးကို အစိုးရက သဘောတူမှသာ အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးမည်ဟု ဆိုသည်။

ထို့အပြင် အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲအဆင့်တွင်ဝင်ရောက်ရန် သဘော တူထားသည့် ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) နှင့် ‘၀’ အမျိုးသားအဖွဲ့ချုပ်(WNO)တို့လည်း စာချုပ်လက်မှတ်မထိုးသေးသည့် တိုင်းရင်းသားအဖွဲ့ များနှင့်အတူ ရပ်တည်ကြမည်ဖြစ်ပြီး အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်နေကြသော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်တောင်ပိုင်း(RCSS/SSA)နှင့် အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု(NDAA)မိုင်းလားအဖွဲ့တို့လည်း လက်မှတ်ထိုးရန် အခြေအနေကို စောင့်ကြည့် သွားမည်ဖြစ်သလို UWSA ၀ပြည်နယ်သွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း အပစ်ရပ်စာ ချုပ်ကို လက်မှတ်ထိုးမည်မဟုတ်ဟု သဘောထားထုတ်ပြန်ထားပြီးဖြစ်သည့်အတွက် အစိုးရပြောဆို နေသည့် တ နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး၏ရှေ့အလားလာ မည်သို့ဆက်ဖြစ်လာမည်ကို စောင့်ကြည့် ရဦးမည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ All for One ပျောက်သွားပြီးလား

အစိုးရနှင့် လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အောက်တိုဘာ ၃ ရက်နေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့်တွေ့ဆုံမည်ဖြစ်ပြီး အောက်တိုဘာလ အလယ်တွင် လက်မှတ်ရေးထိုးနို်င်ဖွယ်ရှိသည်ဟု သတင်းများက ဆိုသည်။

ယခုကဲ့သို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးသည့်အဖွဲ့နှင့် မထိုးသည့်အဖွဲ့ဟူ၍ သဘောထားကွဲနေသည့်အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး၏ One For All ဆိုသည့်ရပ်တည်မှု ပြီးဆုံးသွားပြီးလောဟု မေးစရာ ဖြစ်လာပါသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် ထိပ်သီးအစည်းအဝေး၏ထုတ်ပြန်ချက်တွင် ဖက်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးအတွက် တူညီသောရည်မှန်းချက်ရှိသော်လည်း မတူညီသည့်ချဉ်းကပ်မှုနည်းနာ များရှိနေခြင်းကို ဂရုပြုလျှက် လက်ရှိအခြေအနေနှင့်ကိုက်ညီသည့်လက်တွဲဆောင်ရွက်ရမည့်နည်းနာ များရှာရန်နှင့်နိင်ငံရေး၊စစ်ရေးအခြေအနေအမျိုးမျိုးကြောင့်  တပြည်လုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားအဖွဲ့အားလုံးပါ၀င်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးသော်လည်း နိုင်ငံရေးမူဘောင်ရေး ဆွဲခြင်း၊နှစ်ဖက်လိုက်နာရမည့်စစ်ဖက်ဆိုင်ရာစည်းကမ်းများရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များတွင် အတူတကွပါ၀င်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဆက်လက်ကြိုးပမ်းသွားမည်ဟုသာ ပါရှိသည့်အတွက် ယခင်ရပ်တည်ချက် ဖြစ်သည့် One For All မျိုး မဟုတ်တော့ပါ။

အပစ်အရပ်စာအုပ် Open Book ဖွင့်ထားခြင်းသည် အလုပ်ဖြစ်မည်လော။

အစိုးရနှင့်လက်မှတ်ထိုးမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် နိုင်ငံရေးမူဘောင်ရေးဆွဲနှင့်အ ပစ်ခတ်စောင့်ကြည့်ရေးလုပ်ငန်းများတွင် ပါ၀င်ခွင့်ရသော်လည်း လက်မှတ်မထိုးသည့်အဖွဲ့များအပေါ် အစိုးရက မည်သို့ သဘောထားမည်ကို တိတိကျကျ မသိရသေးပေ၊ စက်တင်ဘာ ၂၆ ရက်နေ့ သံဖြု ဇရပ်မြို့တွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်နှင့် တွေ့ဆုံခဲ့သော ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒုဥက္ကဌ ဦးအောင်းမင်းက မွန်ပြည်သစ်ပါတီအနေဖြင့် ယခုလက်မှတ် မထိုးသေး လည်း စက်တင်ဘာ ၁၅ ရက်အထိ လက်မှတ်ထိုးစာအုပ်ဖွင့်ထားမည်ဖြစ်ကြောင်း၊ လက်မှတ်မထိုးပါက နိုင်ငံရေးဆွေးနွေးပွဲတွင် လေ့လာသူအဆင့်သာ တက်ရောက်ခွင့်ရှိမည်ဟု ပြောဆိုသွားသည်ကို ကြည်ခြင်းအားဖြင့် လက်မှတ်မထိုးသည့်အဖွဲ့အစည်းများအပေါ် အချိန်ကာလ တခုအထိ လက်မှတ်ထိုး မည့်စာအုပ်ကို ဖွင့်ထားမည်သဘော ရှိနေပေသည်၊။

သို့သော် အစိုးရသည် ဆွေးနွေးပွဲတွင် တစ်ဆို့နေသည့် တိုင်းရင်းသားတို့၏တောင်းဆိုချက်ဖြစ်သည့် အားလုံးပါ၀င်ရေးနှင့်အားလုံးမပါ၀င်နိုင်သော်လည်း ကျန်နေနိုင်မည့်အဖွဲ့အပေါ် ထိုးစစ်မပြုရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါ၀င်နိုင်ရန် အာမခံချက်ပေးရေးစသည်ကို အဖြေမရှာဘဲ  သဘောထားကြီးမားဟန် လက်မှတ်ထိုးစာအုပ် Open Book ဖွင့်ထားသည်မှာ လက်တွေ့မကျပေ။

 အစိုးရ၏ Divide and rule သပ်သျှိုဖြိုခွဲနည်းဗျူဟာ

ယခုလက်မှတ်ထိုးမည့် ရ ဖွဲ့သည် မြန်မာပြည်တောင်ပိုင်းကို အခြေခံသည့်အဖွဲ့ဟု ဆိုနိုင်ပေသည်၊ ရခိုင် အမျိုးသားလွတ်မြောက်ရေးပါတီ၊မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့သည် အများသောအားဖြင့် ကရင်အမျိုးသားအစည်းအရုံး၏ နယ်မြေထဲတွင် အခြေချထားသည့်အဖွဲ့ဖြစ်သည်၊ မွန်နှင့် ကရင်နီမှအပ လက်မှတ်မထိုးသည့် ကျန်အဖွဲ့ များသည် မြောက်ပိုင်းဒေသက အဖွဲများဖြစ်သည်။

မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများသည် နယ်မြေထိစပ်မှုများရှိပြီး အင်အား အရလည်း လက်မှတ်ထိုးထားသည့်အဖွဲ့များအထက် များစွာ သာနေပေသည်။ ကချင်အဖွဲ့တွင် တပ် အင်အား တသောင်းဝန်းကျင်ခန့်ရှိသလို ဝ အဖွဲ့တွင်လည်း တိုက်အင်အားသုံးသောင်းဝန်းကျင် ရှိနေ သည်။ ကျန်အဖွဲ့များတွင်လည်း တိုက်အင်အား ထောင်ဂဏန်းအသီးသီးတွင် ရှိနေသဖြင့် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အင်အားသည် မသေးပေ။

အစိုးရသည် ၁၉၉၄ ခုနစ်ကတည်းက အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် ကချင်လွတ်မြောက်ရေး အဖွဲ့နှင့် ၂၀၁၀ ခုနစ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာပြီး ယခုအခါ ရခိုင်၊ တအောင်း၊ ကိုးကန့်၊ ရှမ်း အဖွဲ့နှင့်ပါ တို်က်ပွဲဖြစ်ပွားနေသဖြင့် မြန်မာပြည်မြောက်ပိုင်းဒေသတခုလုံးနီးပါး စစ်မီးတောက်လောင် နေသည်ကို တွေ့ရပေသည်၊ဖေဖေါ်ဝါရီလ တွင် ဖြစ်ပွားသည့် အစိုးရနှင့် အင်အားထောင်ဂဏန်းကျော် သာ ရှိသည့် ကိုးကန့်အဖွဲ့စစ်ပွဲတွင် အစိုးရတပ်အထိနာခဲ့ပြီး မြောက်ပိုင်းစစ်မျက်နာတခုလုံးကို ရင်ဆိုင် နိုင်ရန် အစိုးရသည် တောင်ပိုင်းလက်နက်ကိုင်အဖွဲ့များကို အပစ်ရပ်ရေး သဘောတူညီချက်များနှင့် ထိန်းထားပြီး မြောက်ပိုင်းအဖွဲ့ကို ချေမှုန်းဖွယ် ရှိနိုင်ပါသည်။

ဤနည်းသည် ၁၉၉၀ ခုနှစ် အလွန် နဝတ စစ်အစိုးရလက်ထက်တွင် ကျင့်သုံးခဲ့ပါသည်၊၁၉၈၈ ခုနှစ် တနိုင်ငံလုံး လူထုအုံးကြွမှုကို အကြမ်းဖက်ပစ်ခတ်နှိမ်နင်းပြီး အာဏာရလာသော နဝတ အစိုးရသည် ပြည်တွင်း၊ ပြည်ပဖိအား အပြင်အထန် ကြံုတွေ့နေရချိန်တွင် အပစ်ခတ်ရပ်စဲရေးနည်းဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖြိုခွဲနိုင်သလို ပြည်တွင်းနိုင်ငံရေး အကြပ်အတည်းကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။

ထိုအချိန်က အစိုးရသည် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် ကချင်၊ ကိုးကန့်၊ ဝ စသည့် အဖွဲ့များကို အခွင့်အရေးမျိုးစုံနှင့် စည်းရုံးနေသည့်အချိန်တွင် တောင်ပိုင်းလက်နက် ကိုင်အဖွဲ့များဖြစ်သည့် ကရင်၊ ကရင်နီနှင့် မွန်ဒေသတို့ကို အကြီးအကျယ် ထိုးစစ်ဆင်ခဲ့ပါသည်။ အထူး သဖြင့် အတိုက်ခံအင်အားစုများ စုစည်းရာ ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်ရာဒေသ ကို အကြီး အကျယ် ထိုးစစ်ဆင်ခဲ့သလို ကရင်အမျိုးသားအစည်းအရုံး ဖြိုကွဲအောင်လည်း လုပ်ဆောင်ခဲ့ပါသည်။ နောက်ဆုံးတွင် ဒီမိုကရေစီအကျိုးပြုကရင်အမျိုးသားတပ်မတော်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီတို့က ရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ပြီးနောက်ပိုင်းတွင် ကရင်တို့၏ဌာနချုပ်မာနာပလောအပါဝင် ကရင်ဒေသအများအပြား လက်လွတ်ဆုံးရှုံးခဲ့ရသည်။

သို့ဖြင့် အစိုးရသည် ယခုကြုံတွေ့နေသော နိုင်ငံရေးအကြပ်အတည်း အထူးသဖြင့် ရွေးကောက်ပွဲ အကြပ်အတည်းကို ကျော်လွားနိုင်ရန် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးနည်းဖြင့် တိုင်းရင်းသားတို့့၏ လက်နက်ကိုင်တပ်ပေါင်းစုလည်း ဖြိုခွဲနိုင်သလို ပြည်တွင်းထောက်ခံမှု လည်း ရသည့် သပ်သျှိုဖြိုခွဲရေး နည်းဗျူဟာများလားဟု တွေးစရာဖြစ်လာပါသည်။

အားလုံးမပါ၀င်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲသည်  အလုပ်ဖြစ်မည်လား

စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် ထိပ်သီးညီလာခံထုတ်ပြန်ချက်တွင် နိင်ငံရေးမူဘောင်ရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲတွင် အားလုံးပါဝင်နိုင်ရေးအတွက် အတူတကွကြိုးစားသွားရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား နားလည်မှုရရှိပါသည်ဟု ဆိုထားသည့်အတွက် ထိုလုပ်ငန်းစဉ်တွင် အားလုံးပါမှ သွားကြမည်ဆိုသည့်သဘော မဟုတ်ပေ။

စက်တင်ဘာ ၉ ရက်နေ့ တိုင်းရင်းသားထိပ်သီးခေါင်းဆောင် ၅ ဖွဲ့နှင့်သမတဦးသိန်းစိန်တွေ့ဆုံပွဲတွင် တပ်အင်အားမရှိသည့် လက်နက်ကိုင်တိုင်းရင်းသား ၃ ဖွဲ့ကို အပစ်အခတ်ရပ်စဲရေးပြုလုပ်စရာမလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲတွင် တိုက်ရိုက်ပါဝင်နိုင်သည်ဟုဆိုသော်လည်း ဦးအောင်မင်းက မွန်ပြည်သစ်ပါတီ ဥက္ကဌနှင့်တွေ့ဆုံစဉ် မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အရပ်စာချုပ်လက်မှတ်မထိုးပါက နိုင်ငံရေး ဆွေးနွေးပွဲတွင် လေ့လာသူအဆင့်သာ ပါခွင့်ရမည်ဟု ဆိုလာပြန်သည်။

သို့ဆိုက နိုင်ငံရေးမူဘောင်ရေးဆွဲရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွင် အစိုးရ၏သဘောထားကို နားလည်ရန် ခက်ခဲပါသည်၊ယခုလက်မှတ်ထိုးမည့် ရအဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အားလုံး၏ ၃ ပုံ ၁ သာရှိပြီး ၎င်းတို့အထဲတွင် ကရင်အဖွဲ့ ၃ဖွဲ့နှင့်  ရခိုင်၊ပအို၀်၊ချင်းတို့ဖြစ်ပြီး တိုင်းရင်းသားလူမျိုး ၄ မျိုးသာ ဖြစ်သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် လက်နက်ကိုင် ကျောင်းသားအဖွဲ့ဟု ဆိုသော်လည်း ကျောင်းသားထုကြီးကို ကိုယ်စားမပြုသလို လူမျိုးအရလည်း မည်သည့်လူမျိုးကိုမျှ တိတိကျကျ ကိုယ်စားပြုမှု မရှိပေ။ ထို့ကြောင့် ဤအဖွဲ့များနှင့်ရေးဆွဲသည့် နိုင်ငံရေးမူဘောင်သည် တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်မည် မဟုတ်ပေ။

ဦးအောင်မင်းအဆိုအရ နိုင်ငံရေးမူဘောင်ရေးဆွဲရေးတွင် အစိုးရခွင့်ပြုမှပါ၀င်ခွင့်ရမှာဖြစ်သည့်အတွက် နိုင်ငံရေးမူဘောင်ရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်တွင် အစိုးရကဦးဆောင်သွားမည် သဘော သက်ရောက်ပေသည်။ ဤသည် တန်းတူရေး နိုင်ငံရေးဆွေးနွေးအဖြေရှာရေးစံနန်းနှင့် လွဲစေပါသည်။

တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်အပိုဒ် ၂၁ ခ တွင်  နိင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များ၊ ဆွေးနွေး မည့် အကြောင်းအရာများ၊ ဆွေးနွေးမည့်ပုံစံနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ညွန်းထားသည့် ဆွေးနွေးပွဲ မူဘောင်တရပ်ကို စာချုပ်လက်မှတ်ရေးထိုးမည့်အချိန်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ပါ၀င်သင့်ပါဝင် ထိုက်သူများနှင့် အတူတကွ ပူးတွဲရေးသားဖော်ဆောင်ရန်ဟု၍ ပါရှိပါသည်။ ဤစာချုပ်အရ နိုင်ငံရေးမူ ဘောင်ရေးဆွဲသည့် အဆင့်မှာပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုတည်းမကဘဲ တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အခြားပါ၀င်သင့် ပါဝင်ထိုက်သူများပါ၀င်စေရမည်သဘော သက်ရောက်ပေသည်။

သို့ဖြင့် အစိုးရသည်နိင်ငံရေး ဆွေးနွေးပွဲတွင် ၄င်းတို့နှင့်သင့်မြတ်သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်လုပ်ဆောင်ပါက ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးလုပ်ငန်း အောင်မြင်မည် မဟုတ်ပေ။

အပစ်ရပ်လက်မှတ်ထိုးရေးနှင့် အစိုးရ၏စေတနာ

ယခုအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးမည့် အချိန်သည် ရွေးကောက်ပွဲကျင်းပချိ်န်နှင့် အလွန်နီးကပ် နေပေသည်။ အကယ်၍ အောက်တိုဘာ ၁၀ ရက်နေ့တွင် လက်မှတ်ထိုးဖြစ်ပါက နိ၀င်ဘာ ၈ ရက်ရွေး ကောက်ပွဲနှင့် တလပင် ခွာပါသည်။ စာချုပ်အရ အပစ်ရပ်လက်မှတ်ထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးမူဘောင် ရေးဆွဲနိုင်ခဲ့လျှင်တောင်  နိုင်ငံရေးဆွေးနွေးပွဲကို ရက်ပေါင်း ၉၀ အတွင်းကျင်းပပါက ၎င်းအချိန်သည် အစိုးရအသစ်အာဏါလွဲချိန်ဖြစ်၍ ယခုအစိုးရလုပ်ဆောင်နိင်မည်လားဟု မေးစရာဖြစ် လာပါသည်။

သို့ဖြင့် အစိုးရသည် ယခုအပစ်အခတ်ရပ်စဲရေးကို အားလုံးပါ၀င်အောင် အသေအချာပြုလုပ်ပြီး နိုင်ငံရေး မူဘောင်ရေးဆွဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်ကို နောက်အစိုးရလက်ကို လွဲပေးပါက ပိုပြီး လက်တွေ့ပေဦးမည်။

သို့သော် ၀န်ကြီးဦးအောင်မင်းနှင့် မြန်မာငြိမ်းချမ်းစင်တာမှ တာဝန်ရှိသူများသည် အပစ်ရပ်စာချုပ်ကို ယခုအစိုးရလက်ထက်တွင် လက်မှတ်မထိုးနိုင်ပါက နောက်အစိုးရလက်ထက်တွင် အသစ်ပြန်စရမည် ဟုဆိုပြီး အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နည်းမျိုးစုံဖြင့် ဖိအားပေးလာသည်ကို တွေ့ရပေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး လက်မှတ်ထိုးမထိုး မဆုံးဖြတ်ရသေးဘဲ အပစ်ခတ်ရပ်စဲရေး အခန်းအနားတက်ရောက်ရန် နိုင်ငံခြာဧည့်သည်များအား ဖိတ်ခေါ်ခြင်း၊ အပစ်အရပ်စာချုပ်နှင့်စာချုပ်ပါ လုပ်ငန်းစဉ်များကို မီဒီယာ၊ လူထုအဖွဲ့အစည်းများနှင့် သံဃာတော်များအား ချပြနေခြင်းဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများကို လက်မှတ်ထိုးရန် ဖိအားပေးနေသည်။

စစ်ရေးအားဖြင့်သော်လည်ကောင်း၊ နိင်ငံရေးအားဖြင့်သော်လည်ကောင်း၊ ဖိအားပေးနည်းသည် ပြည်တွင်းငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။ တဦးအပေါ်တဦးယုံကြည်မှုဖြင့်သာ တည်ဆောက်နိင်မည်။ အစိုးရအနေဖြင့် တိုင်းပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကို အမှန်တကယ် အဆုံးသတ်လိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ယုံကြည်မှုကို တိုးပွားစေနိုင် သည့် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုများရပ်စဲခြင်းအပါအဝင် ၎င်းတို့တောင်းဆိုနေသော အပစ်ခတ်ရပ်စဲရေးနှင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးတွင် အားလုံးပါ၀င်နိုင်ရေး၊ ပြည်နယ်များကို အာဏာပိုခွဲဝေပေးနိင်မည့် ၂၀၀၈ အ ခြေခံဥပဒေပြင်ဆင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့်ကို အပြောမဟုတ်ဘဲ အလုပ်နှင့်သက်သေပြရန်လိုအပ်ပေသည်။ သို့ဖြင့် ပြည်တွင်းငြိမ်ချမ်းရေးသည် အစိုးရ၏လက်ထဲ တွင်သာ ရှိနေသည်ဟု ထင်မြင်မိပါသည်။

ဆောင်းပါး-ဗညားလတိုပ်

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...