သဘောထားကြီးတာနဲ့ ကြောက်ဖား

သဘောထားကြီးတာနဲ့ ကြောက်ဖား
by -
မဇ္ဈိမ
အခုတလော  လေပြင်းတွေတိုက်၊ မိုးတွေကြီး၊ ရေတွေလျှံနဲ့ တစ်တိုင်းပြည်လုံး ဒုက္ခလှလှ တွေ့နေကြ ပါတယ်။ ဒုက္ခသေးတာနဲ့ ကြီးတာပဲကွာတယ်၊ ဒုက္ခကတော ့တွေ့ကြတာချည်းပါ။ လေတိုက်၊ မိုးကြီး၊ ရေလျှံရဲ့နောက်ဆက်တွဲအဖြစ် မီးကလည်း ခဏခဏ ပျက်ပါတယ်။ (လေမတိုက်၊ မိုး မကြီး၊ ရေမလျှံတဲ့ နွေကာလတွေတုန်းကလည်း ပျက်တာပါပဲ။) မီးတွေ ပျက်တဲ့ကိစ္စ မောင်မှန်ဘော်ဒါ လေး တစ်ယောက်နဲ့ စကားစပ်မိတော့ ဘော်ဒါလေးက ဦးမှန်တဲ့၊ မီးခဏခဏ ပျက်တာလို့ မပြောရဘူး တဲ့၊ ဒါဖြင့် ကျုပ်က ဘယ်လိုပြောရမှာတုန်းဆိုတော့ မီးခဏခဏလာတယ်လို့ ပြောရမယ်တဲ့၊ မောင်မှန်ဖြင့် ဟာခနဲကို ဖြစ်သွားတာ။ ကောင်းလိုက်တဲ့စကား၊ ကောင်းလိုက်တဲ့အတွေးအမြင်၊ မီးခဏခဏ လာတယ်လို့ ပြောရမယ်တဲ့။ မောင်မှန်တို့ လူကြီးတွေ မီးအင်မတန်ပျက်တဲ့ တိုင်းပြည်မှာနေလာတာ သက်တမ်း ကြာပါပြီ။

ဒီလို အတွေးအမြင်မျိုး တစ်ခါမှ မပေါ်ဖူးဘူး။ အခုဒီလူငယ်လေးက လူကြီးတွေကို ပညာပေးလိုက်ပြီ။ အကောင်းမြင်ကြစမ်းပါဗျားလို့ ပြောလိုက်တာပဲ။ ခွက်ထဲမှာ ရေ တစ်ဝက်ကြီးတောင် ရှိနေတယ်လို့ ပြောလိုက်တာ မောင်မှန်တို့ လူကြီးတွေ သက်ငယ်စကား သက်ကြီး ကြားလိုက်ရတာ အင်မတန် တန်ဖိုးကြီးပါတယ်ခင်ဗျာ။ ဒီလိုနိုင်ငံမျိုးမှာ နေထိုင်သူတွေဟာ ဒီလိုအတွေးအမြင်မျိုး ရှိမှသာ သက်တမ်းစေ့နေနိုင်မည် မဟုတ်လား။ အရာရာ လိုက်ခံစားနေမယ်ဆိုရင် သွေးတိုးနှလုံးနဲ့ ဦးနှောက်သွေးကြောပြတ်ပြီး ဂန့်သွားမှာ၊ မောင်မှန်တို့လို ငါးပိရည် စားပြီး သွေးတက်ရတဲ့ ဆင်းရဲသား တွေကို မဆိုထားနဲ့၊ ဆီဦးထော ပတ်စားနေတဲ့သူတွေတောင် ဗမာပြည်မှာ တစ်ချက်ကလေး တိမ်းတာ နဲ့ ဂိမ်းသွားတာ အများမြင်တဲ့အတိုင်းပဲ၊ ဒါက ကြံုတုန်းလေးတင်ပြတာပါ။ ဘယ်သဘောမှ မဟုတ်ရပါ ဘူး၊ အကောင်းမြင်တဲ့ စိတ်ကလေး ရှိရင် အသက်ရှည်မယ်၊ အဆိုးမြင်တွေများနေရင်တော့ အသက်တိုမှာပဲ။ ယောနိသော မနဿီ ကာယ ပေါ့ခင်ဗျာ၊ ဒီထက် ယောနိသော ဟာလေးတွေလည်း ရှိသေးတယ်။

အမြင်နှစ်မျိုး အကောင်းအဆိုးလေးတွေပေါ့၊ ဆင်ခြင်တုံတရားရှိတာနဲ့ သူရဲဘောကြောင်တာ ဘယ်လိုခွဲခြားမလဲဆိုတဲ့ မေးခွန်းလေးကို စာဖတ်ပရိသတ်ကြီး ကိုယ့်ဟာကိုယ် နည်းနည်းလောက် ဖြေကြပါလား။ ပြီးမှ မောင်မှန်စာကို ဆက်ဖတ်ပါ။ မောင်မှန်ကလည်း ဖြေပြမှာဆိုတော့ ပြီးမှ အဖြေ တိုက်ကြည့်ကြတာပေါ့။ မောင်မှန်အဖြေက ဒီလိုပါ။ မောင်မှန်သူရဲဘောကြောင်ရင် ဆင်ခြင်တုံ တရားရှိတယ်လို့ သတ်မှတ်ပြီး သူတစ်ပါး ဆင်ခြင်တုံတရားရှိရင်တော့ သူရဲဘောကြောင်တယ်လို့ မောင်မှန်က သတ်မှတ်ပါတယ်။ မောင်မှန်အဖြေ မိုက်တယ်မို့လား၊ ပရိသတ်ကြီး အဆင်ပြေရင် လက်ခုပ်သံလေး ကြားချင်ပါ တယ်။ ပရိသတ်ကြီးနဲ့ အဖြေချင်းပါ တူနေတယ်ဆိုရင်တော့လည်း လက်ခုပ်ကို ပိုပြီး ကျယ်ကျယ်တီးပါတော့။

နောက်တစ်ခု သဘောထားကြီးတာနဲ့ ကြောက်ဖား ဘယ်လိုခွဲခြားမလဲဆိုတာ ဆန်းစစ်ကြည့်ရ အောင်။ ရှေ့က မောင်မှန်အဖြေအတိုင်းဆိုရင် ကိုယ်က ကြောက်ဖား ဖားရင်သဘောထားကြီးတယ်ပေါ့။ သူများ သဘောထားကြီးရင်တော့ ကြောက်ဖား၊ ဒါပေမဲ့ဒီကိစ္စကျ ပေါ့ပေါ့ဆဆ နောက်တောက်တောက် သွားလုပ်လို့ မရဘူး။ ဘာလို့လဲဆိုတော့ဒီကနေ့ ဗမာနိုင်ငံရေးမှာ သဘောထားကြီး တာလား။ ကြောက်ဖားလား မကွဲပြားတဲ့ ကိစ္စတွေက ပူပူနွေးနွေး ဖြစ်ပျက်နေလို့ပါခင်ဗျာ။

လက်ရှိဗမာနိုင်ငံရေးမှာ သဘောထားကြီးဖို့ တိုက်တွန်းသံတွေ အတော်ကြားရတယ်။ သဘောထား ကြီးတယ်။ သဘောထားကြီးတယ်နဲ့ ချီးမွမ်းထောမနာပြုသံတွေလည်း  စိပ်စိပ်ကလေး ကြားလာရ တယ်။ အညိုးအတေး အာဃာတ မထားနဲ့၊ ကလဲ့စား မချေကြနဲ့ စတာတွေနဲ့ တစ်တွဲတည်းပေါ့လေ။  သဘောထားကြီးတယ်ဆိုတာ ဗမာစကားရဲ့အဓိပ္ပာယ်က ကိုယ်က အနိုင်ရလိုက်တဲ့အခါ ရှုံးသွားတဲ့ တစ်ဖက်သားကို အနိုင်အထက်မပြုဘဲ ခွင့်လွှတ်ပေးလိုက်တာလို့ နားလည်ပါတယ်။

ကြောက်ဖားကတော့ ရှင်းပါတယ်။ ကြောက်လို့မို့ ဖားရတာ၊ ဒါပေမဲ့ အဲ့ဒီနှစ်ခုက ရောတတ်တယ်။ ရောချလို့လည်း ရတယ်။ ကြောက်ဖားကို သဘောထားကြီးတယ်၊ သဘောထားကြီးတယ်ဆိုပြီး ပရိသတ်က ဝိုင်းပြီး ဘေးတီးပေးလိုက်ရင် ကြောက်ဖားဟာ သဘောထားကြီး သယောင်ယောင် ဖြစ်ကရောပဲ။ စဉ်းစား ကြည့်ကြပါခင်ဗျာ၊ ကိုယ်က ဘယ်သူ့ကိုမှလည်း အနိုင်မရ၊ အာဏာမရပါ၊ ပါဝါ မပြနိုင်ဘဲ ဘယ့်နှယ် လုပ် သဘောထားကြီးတယ် ပြောမလဲ၊ အဲ့ဒီလို ပြောရင်ကို အောက်ကလည်း နေသေး၊ မှတ်မိလားလည်း ပြောသေးတဲ့ အပေါက်မျိုးဖြစ်နေမှာပါ။ ဖြစ်ချင်းဖြစ် ကြောက်ဖားပဲ ဖြစ်မှာပေါ့။ ဘယ်လိုလုပ် သဘောထားကြီးတယ် ဖြစ်မလဲ။ နောက်တစ်ခုက ခွင့်လွှတ်ပြီး အာဃာတ မထားရအောင်လည်း ကိုယ်က ဘာမှ လုပ်လို့ရတာ မဟုတ်ဘူးလေ။

စစ်အာဏာရှင်စနစ်က မားမားမတ်မတ် မတ်တပ်ကြီး ရပ်ပြီး မောင်မှန်တို့ကို စပ်ဖြဲဖြဲ လုပ်ပြနေတာ မြင်ရဲသားနဲ့။ ကိုယ်တွေကသာ မချိသွားဖြဲလေးတွေနဲ့ သဘောထား ကြီးပါတယ်။ ခွင့်လွှတ်ပါတယ်၊ အာဃာတ မထားပါဘူး၊ စစ်အာဏာရှင် စနစ်ကြီးရယ် သွားပြောရင် ဟိုက တဟီးဟီး တဟားဟား အော်ရယ်မှာ သေချာတယ်။ အောက်နားက ကြောက်ဖားကို သဘောထားကြီးတယ်လို့ အပြော တအား မကြီးလိုက်ပါနဲ့။ ဘယ်ဂလောက် သဘောထားကြီးကြောင်း ပြချင်၊ ပြချင် မနိုင်သလောက် ဘယ်လိုမှ ပြမရကြောင်းပါခင်ဗျာ။

အထက်ကလို မရှင်းမရှင်း စပ်ဖျဉ်းဖျဉ်း ဖြစ်ရတာတွေ နောက်ရှိသေးတယ်။ ရွေးကောက်ပွဲကြီး နီးလာပြီဆိုတော့ ဆရာမောင်သာရရဲ့ ရင်ခုန်သံ နည်းနည်းမြန်သည် ဆိုတဲ့ ဝတ္ထုအမည်လို မြန်ရုံမက ဝုန်းဒိုင်းကျဲသူတွေတောင် ကျဲနေကြပြီပေါ့။ လွှတ်တော်ထဲ ကိုယ့်လူနည်းလို့ ရှုံးရတာ ဒီတစ်ခါ ကိုယ့်လူ များအောင် ဝုန်းရမယ်၊ ဘာညာဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ရှုံးကြွေးဆပ်ဖို့ လက်ခမောင်း တခတ်ခတ်၊ ဟန်ရေး တပြပြ ကြိုးဝိုင်းနားမှာ ပြင်ဆင်နေတာ အားရစရာကြီး ခင်ဗျာ။  အဲ့သလို ပြင်ဆင်နေတဲ့ ပါတီကြီးရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ပြည်ပသတင်းဌာနတစ်ခုက အင်တာဗျူး ပါတယ်။

လာမယ့်ရွေးကောက်ပွဲရဲ့ အကြီးမားဆုံး စိန်ခေါ်မှုက ဘာများပါလဲတဲ့၊ အဖြေက ၁၉၉၀ တုန်းကလို ဖြစ်မှာစိုးတာပါပဲတဲ့။ ကျွန်တော်တို့က ဒါမျိုး အတွေ့အကြံုရှိသတဲ့၊ အာဏာလွှဲ မပေးတာကိုပြော တာလို့ မောင်မှန် နားလည်ပါတယ်။ အဲ့ဒီပါတီက ခေါင်းဆောင်ကြီးကို ပါပဲ၊ မြစ်ဝကျွန်းပေါ် တရားပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက် မေးခွန်းတစ်ခု မေးပါတယ်။ ပါတီ အနိုင်ရခဲ့ရင် အာဏာလွှဲမပေးဘူး၊  စစ်တပ်က အာဏာသိမ်းလိမ့်မယ်လို့ ပြောသံတွေ ကြားနေတယ်။ ဘယ်လိုသဘောရပါသလဲတဲ့။  ခေါင်းဆောင်ကြီးက ဒီလိုပြောကြတာဟာ ပါတီကို မဲမထည့်စေချင်လို့ ပြောတဲ့ စကား ဖြစ်တယ်။ ပြည်သူ ကို စော်ကားရာ ရောက်တယ်။ နောက်ပြီးတပ်မတော်ကို စော်ကားလိုက်တာလည်း  ဖြစ်တယ်လို့ ဖြေပါတယ်။

အရင်ဆုံး စပ်ဖျဉ်းဖျဉ်းဖြစ်ရတာကတော့ တစ်ပါတီတည်း နှစ်သံ ကွဲနေတာပါပဲ။  တစ်ယောက်က ၉၀ လို့ ဖြေမှာကို စိုးရိမ်နေတယ်။ ဘယ်လိုဖြေလို့ မေ့လို့ ရမှာလဲ ယုံပါ ရင်သို့ တိုးဝှေ့ဆဲပါခိုင် ဆိုတဲ့ အက်စ်ကဲနက် သီချင်းလို ဖြစ်နေတယ်။ တစ်ယောက်ကတော့ အဲ့သလို တွေးတာဟာ စစ်တပ်ကို လည်း စော်ကားရာ ရောက်သတဲ့၊ (မြေမျိုလိမ့်မယ်၊ အပါယ်ကျလိမ့်မယ်၊ မရင်ရွှေလိုနောက် ဘဝခွေးဖြစ် လိမ့်မယ်လို့ မပြောတာ တော်သေးရဲ့) အဲ့ဒီနှစ်သံ ဘယ်ဟာမှန်မှန် မောင်မှန်လို လူပြိန်းက မသိဘူး၊ ဒါကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်ရတာပါ။

ဉာဏ်မီသလောက် တွေးကြည့်တာတော့ ၂၀၀၈ ဥပဒေ ဆိုတာကိုက အခိုင်အမာတည်တံ့နေသ၍ တပ်က ဘာမှ လုပ်စရာ လိုမယ်မထင်ပါဘူး။ ၂၀၀၈ ခုနှစ် ဥပဒေဆိုတာကိုက တပ်က အာဏာကို ရယူထားလိုက်တာပဲလေ၊ လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုရဲ့အဖြေက သက်သေပါပဲ။ တပ်မတော်သားကိုယ်စားလှယ် နှစ်ဆယ့်ငါး ရာခိုင်နှုန်းက သဘောမတူရင် လွှတ်တော် ထဲလေတောင် လည်လို့ မရတာ လက်တွေ့ပါပဲ။ ဒါလည်း အားလုံးသိပြီး သားပါ။နောက်ဆုံးစပ်ဖျဉ်းဖျဉ်းက တပ်က အာဏာသိမ်းနိုင်တယ်လို့ ပြောကြတာကို (ဟုတ်ချင်မှလည်း ဟုတ်မယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး၊) ပြည်သူနဲ့ တပ်ကိုစော်ကားတာပဲလို့ မှတ်ချက်ပြုလိုက်တာပါ။ မောင်မှန်ဖြင့်် ဘယ်လိုနားလည်ရမလဲတောင် မသိပါခင်ဗျာ၊ ဖြစ်ဖူးလို့၊ ဖြစ်တတ်လို့ စိုးရိမ်မိတာ ကြောက်မိတာ ဘယ်သူ့ကိုမှ စော်ကားတာ မဟုတ်ဘူး ထင်ပါတယ်။

သဘောထားကြီးတာနဲ့ ကြောက်ဖား ရှင်းလင်းကွဲပြားကြပါစေ ခင်ဗျာ။

ဆောင်းပါးရှင် - မောင်မှန်

Most read this week

December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 10, 2025
+++  ဖုံးကွယ်ထားရသည့် မျက်ရည်များ +++ ကရင်နီ စစ်ဘေးရှောင် တစ်ဦး ဖြစ်သူ ဒေါ်ကားခူဖောက...