ပြည်ခိုင်ဖြိုးပါတီကနေ သမ္မတက ဝင်မယ်။ မဝင်ဘူးဆိုတာကအစ ပွတ်တိုက်မှု ဆန်ဆန်မြင်တွေ့ လာရ တာတွေ အပါအဝင် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေအတွက် ရက်နည်းတယ် လို့ သတင်းထွက်နေတာ အဆုံးစုံလို့ပါပဲ။ အဲဒီအထဲကမှ ပြည်သူတွေအတွက် နိုင်ငံရေးအရ အားတက် စေမဲ့ အပြုသဘောဆောင်တဲ့ သတင်းတပုဒ်ကို စာရေးသူ ဖတ်မိပါတယ်။ ဒါက သမ္မတ ဦးသိန်းစိန် မပြိုင်တော့ဘူး။ ပြိုင်မယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ အန်အယ်လ်ဒီ ပါတီက ရွေးကောက်ပွဲဝင် မယ်ဆိုတဲ့ သတင်းလည်း မဟုတ်ပါဘူး။ ၈၈ မျိုးဆက်တွေထဲက ၄ ဦး အန်အယ်လ်ဒီကနေ ဝင်ပြိုင် မယ်ဆိုတာလည်း မဟုတ်ပါဘူး။ အဲဒီသတင်းကတော့ ပြည်သူတွေအားကိုးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ အတိုက်အခံ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်လုပ်ပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်သွားမယ်။ အဲဒီအတွက် ညှိနှိုင်းမှုတွေ ပြုလုပ်သွားမယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ဇူလိုင်လ ၁၁ ရက်နေက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ ပါတီအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာ နိုင်ငံအနှံ့ မဲဆန္ဒနယ်နဲ့ နေရာပေါင်း ၁,၂၀ဝ နီးပါးမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ယခင် မဟာမိတ်တွေ ဖြစ်တဲ့ CRPP အဖွဲ့ဝင် တိုင်းရင်းသားခေါင်းဆောင်တွေ ယှဉ်ပြိုင်မယ်ဆိုတဲ့ မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာက စခဲ့တယ်လို့ ဆိုရမှာပါ။ ဒါက အတန်ငယ် ဆက်ဆံရေးအေးခဲနေတဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတွေအကြား ဆက်ဆံမှုတွေ ပြန်လည်စတင်နိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ဘက်က စခင်းပေးတဲ့ လမ်းစပဲ ဖြစ်ပါတယ်။
CRPP လို့ခေါ်တဲ့ လွှတ်တော်ခေါ်ယူရေး ကိုယ်စားပြုကော်မတီဆိုတာက ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အပါဝင် တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အစိုးရက လွှတ်တော် ခေါ်ယူပေးခြင်း မရှိခဲ့တဲ့အတွက် လွှတ်တော်ခေါ်ယူပေးဖို့ စုပေါင်းဖွဲ့စည်းခဲ့တဲ့အဖွဲ့ပဲ ဖြစ်ပါတယ်။
တနည်းပြောရရင်တော့ စစ်အစိုးရလက်ထက်မှာ ကျောချင်းကပ် လက်ချင်းချိတ်ခဲ့တဲ့ အဖွဲ့လို့ ဆိုရ မှာပါ။ အဲဒီအဖွဲ့ထဲမှာ အန်အယ်လ်ဒီက တာဝန်ရှိသူတွေအပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးနေရှင်နယ်ကွန်ကရက် စတဲ့ပါတီ တွေက ခေါင်းဆောင်တွေ ပါဝင်ခဲ့တာပါ။ လောလောဆယ် ဇူလိုင်လ ၁၄ ရက်နေ့လောက်အထိ NLD အနေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD နဲ့ စတင်တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်သလို ကျန်တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆွေးနွေးဖို့ ရှိနေပါတယ်။
ဆွေးနွေးမှုအနေထားအရ ဝင်ပြိုင်မဲ့ မဲဆန္ဒနယ်တဘက်နဲ့ တဘက်အတိအကျ ထွက်ပေါ်မလာသေး တာကြောင့် ခေါင်းဆောင်တွေပြိုင်မဲ့ မဲဆန္ဒနယ်တွေမှာ မပြိုင်ဘူးဆိုတာ လောက်ကိုပဲ သဘောတူ နိုင်သေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၉၀ ရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရခဲ့တဲ့ ပါတီကြီး နှစ်ခုက မဟာမိတ်ကိစ္စအတွက် စကားပြော လာတာကတော့ ကြိုဆိုစရာ ကိစ္စရပ်ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီပါတီနှစ်ပါတီက သက်ဆိုင်ရာ လူထုတွေကို ကိုယ်စားပြုနိုင်စွမ်းရှိတဲ့ ပါတီ တွေဖြစ်ပြီး လာမဲ့ရွေးကောက်ပွဲမှာ မဲရနိုင်ချေများတဲ့ ပါတီတွေ ဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်ခြင်း အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ ညီညွှတ်မှုဟာ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးသမိုင်းမှတ်တမ်းဆိုးတွေကို ချေဖျက်ပစ်ဖို့နဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ မူလ ရပိုင်ခွင့်တွေ၊ ဒီမိုကရေစီအခွင့်ရေးတွေ လက်ဝယ် ရရှိဖို့အတွက် အရေးပါတယ်ဆိုတာ အားလုံးက လက်ခံထားတဲ့ အယူအဆတရပ် ဖြစ်ပါတယ်။
သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အင်္ဂလိပ်၊ ဂျပန်တို့ကို တော်လှန်ပြီး လွတ်လပ်ရေး အရယူခဲ့တာကအစ တိုင်းရင်းသားအင်အားစု အားလုံးက ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်ခဲ့ကြလို့ လွတ်လပ်ရေးရခဲ့တာပါ။
ခေတ်သစ်မြန်မာနိုင်ငံကို စတင်စေမဲ့ အရေးပါတဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုရာမှာလည်း တိုင်းရင်းသား တွေနဲ့ ညီညွတ်စွာ လက်တွဲဆောင်ရွက်နိုင်ခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့လည်း ဦးဆောင်သူအဖြစ် တိုင်းရင်းသားအားလုံးကို တန်းတူရည်တူ ဆက်ဆံခဲ့သလို ပါတီကြီးဝါဒလို လူမျိုးကြီးဝါဒလို ကိစ္စမျိုးတွေကို မထားခဲ့တဲ့အတွက် ပင်လုံစာချုပ် ချုပ်ဆိုခြင်းအပါအဝင် လွတ်လပ်ရေးကြိုးပမ်းမှုက အောင်မြင်ခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်ရပ်ထဲရှိပါတယ်။ ၁၉၆၂ ခုနှစ်ကစလို့ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့တဲ့ ပြဿနာနဲ့ လွတ်လပ်ရေးနဲ့အတူစခဲ့တဲ့ တိုင်းရင်းသား တန်းတူရေးပြဿနာပါ။ တိုင်းရင်းသား တန်းတူအရေးက ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခွင့်အရေး နဲ့လည်း သက်ဆိုင်ပါတယ်။ မြန်မာပြည်မှာ နှစ် ၆၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့လည်း ဆက်စပ်ပါ တယ်။ ဒီမိုကရေစီနဲ့ တန်းတူရေးပြဿနာက ခေါင်းနဲ့ ပန်းလိုကပ်နေတာပါ။ တစ်ခုနဲ့ တစ်ခု ဒွန်တွဲ နေတဲ့အတွက် ဖယ်ထားလို့ မရပါဘူး။
အနီးစပ်ဆုံး ပြန်ကြည့်မယ်ဆိုရင် ၈ လေးလုံးအရေးတော်ပုံဆိုတာ လူထုပါဝင်မှု အားအကောင်းဆုံး လှုပ်ရှားမှုကြီးပါပဲ။ အဲဒီလို အရေးတော်ပုံတောင်မှ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ခြင်း မရှိခဲ့တဲ့အတွက် ပြည်သူတွေအနေနဲ့ ဘာမှမရခဲ့တာ သက်သေပါပဲ။ အဲဒီနောက်ပိုင်း တပ်မတော်အစိုးရသုံးခဲ့တဲ့ ဗျူဟာတွေအကြားမှာလည်း အတိုက်အခံတွေကို အရင်ထိန်းလိုက်ပြီးရင်း တိုင်းရင်းသား အင်အားစုတွေကို နှိပ်ကွပ်လိုက်နဲ့ ဟန်ချက်ညီညီနဲ့ စုစု စည်းစည်းလှုပ်ရှားလို့မရအောင် စနစ်တကျဖြိုခွင်းခံခဲ့ရတယ်ဆိုတာလည်း အားလုံးအသိပါပဲ။
ပြီးခဲ့တဲ့ သုံးလေးနှစ်အခြေအနေပြီးခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုတွေက ဘာကြောင့် မအောင်မြင်သလဲလို့ ပြန်သုံးသပ် ကြည့်မယ်ဆိုရင် တဘက်က အလျှော့ပေးချင်တာ နည်းလို့ဆိုတာထက် အတိုက်အခံနဲ့ တိုင်းရင်း သားအင်အားစုတွေအကြား လုံလောက်တဲ့ ပြင်ဆင်မှုတွေ မရှိခဲ့တာ အထင်းသား မြင်တွေ့ရပါတယ်။
မူအရ တဘက်နဲ့ တဘက်ထောက်ခံကြတာတွေရှိပေမဲ့ အစကတည်းက ချဉ်းကပ်မှုတွေ မတူခဲ့ကြတဲ့ အတွက် လှုပ်ရှားမှုတွေက ဟန်ချက်ညီ မဖြစ်ခဲ့ပါဘူး။ တိုင်းရင်းသားအင်အားစုလို့ပြောရင် လွှတ်တော်ထဲ ရောက်နေသူတွေ၊ လွှတ်တော်ပြင်ပပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေလို့ ခွဲခြားနိုင်မှာဖြစ်ပေမဲ့ တကယ်နိုင်ငံရေးအရ အားသာပြီး အတိုက်အခံအဖြစ် တသက်လုံးရပ်တည်လာခဲ့သူတွေက လွှတ်တော်ပြင်ပက ပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေပါ။ သူတို့တွေအနေနဲ့ လွှတ်တော်အတွင်းမှာ Power Balance အရ မဖြစ်နိုင်ဘူးလို့ ယူဆ တာကြောင့် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဆက်စပ်ဖြစ်ပေါ်လာမဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေး ပွဲမှသာ ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်မယ်လို့ ယူဆခဲ့တာ တွေ့ရပါတယ်။ လွှတ်တော်အတွင်း ပြင်မယ်ဆိုရင်တောင် ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေမဲ့ ပုဒ်မတွေကို အရင်ပြင်ဆင်စေလိုတာ တွေ့ရပါတယ်။
လွှတ်တော်အတွင်း ဝင်ရောက်သွားတဲ့ NLD ဦးဆောင်တဲ့ အတိုက်ခံတွေကတော့ ပုဒ်မ ၅၉(စ)၊ ၄၃၆ စသဖြင့် အဓိက ထားခဲ့တာပါ။
ရှုံးနိမ့်မှုတွေက ဥပဒေပါပြဌာန်းချက်ကြောင့်လို့ ဆိုနိုင်ပေမဲ့ ဆန်းစစ်ကြည့်ရင် အလွယ်တကူ ပြင်နိုင် ဖွယ်ရှိတဲ့ ပုဒ်မတွေတောင် မပြင်နိုင်ခဲ့တာက အတိုက်ခံနဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့ပြီး မဟာဗျူဟာကျကျ စနစ်တကျချဉ်းကပ်မှုတွေ ပြင်ဆင်မှုတွေ မရှိခဲ့တာကြောင့် ဆိုရင်လည်းမှားမယ် မထင်ပါဘူး။
ဆိုလိုတာက နိုင်ငံရေးအရ ဖြစ်နိုင်ခြေကို ကြည့်ပြီး အနိမ့်ဆုံး ဘယ်ပုဒ်မတွေကို အရင်ရအောင် ဦးစားပေးအနေနဲ့ စကြမယ်ဆိုတဲ့ တစိတ်တဝမ်းတည်းနဲ့ ဘုံသဘောတူညီမှုမျိုးတွေကိုပါ။
ပြန်ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်မှုအတွက် ဖြစ်လာခဲ့တဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ခဲ့မယ်ဆိုရင် ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုတွေကစလို့ ၆ ပွင့်ဆိုင်တွေ့ဆုံမှုတွေအဆုံး အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေအကြား ဟန်ချက်ညီမှု မရှိခဲ့ပါဘူး။
NLD နဲ့ တိုင်းရင်းသား မဟာမိတ်တွေအကြား နောက်ဆုံးသုံးနှစ်အတွင်း ဆက်ဆံရေးကလည်း တတ်နိုင်သမျှပြန်ပြီး ခြံုငုံသုံးသပ်ရမယ်ဆိုရင် အခုလို CRPP နဲ့ မဟာမိတ်ပြန်ဖွဲ့မယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ပြောမလာခင်အချိန်အထိ သိပ်ပြီးကောင်းလှတဲ့ ပုံစံမှာ ရှိမနေပါ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲအပြီး NLD လွှတ်တော်ထဲဝင်သွားပြီးကတည်းက နဂိုမဟာမိတ်ဟောင်းတွေဖြစ်ခဲ့တဲ့ SNLD ဦးခွန်ထွန်းဦး၊ ရခိုင်က ဦးအေးသာအောင် စတဲ့ UNA အုပ်စုတွေနဲ့လည်း သိပ်အလွမ်း မသင့်ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယ ပင်လုံကို သူမ ဦးဆောင်မှုနဲ့ စတင်မယ်ဆိုပြီး လွှတ်တော်ထဲ ဝင်သွားကတည်းက ကချင်စစ်ပွဲလို ကိစ္စတွေ အပါအဝင် တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုပေးမှုတွေ မရှိမှုတွေအပေါ် တိုင်းရင်းသားတွေဘက် က ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း သူတို့ကိုယ်စားလှယ်တွေ ရန်ကုန်ရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တာတွေ ရှိပါတယ်။ သူတို့ လုပ်နေတဲ့ အပစ်ခတ်ရပ်စဲပြီး ဆက်လက်ကျင်းပမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အန်အယ်လ်ဒီအနေနဲ့ ပါဝင်လာနိုင်ရေးအပါဝင် သူတို့ အရေးနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီအနေနဲ့ စကားပိုပြောပေးစေချင်တဲ့ သဘောတွေလည်းပါ ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း တိုင်းရင်းသားတွေအနေနဲ့ သူမရဲ့ အနေထားပေါ် နားလည် နိုင်စွမ်းမရှိဘူးလို့ ယူဆခဲ့ပုံပေါ်ပါတယ်။ အခြေအနေ အချိန်အခါအရလည်း ဖြစ်နိုင်ပါတယ်။
ဒီကြားထဲ ကျောင်းသားသပိတ်နဲ့ ပညာရေးဥပဒေဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ NLD နဲ့ ဒီမိုကရက်အင်အားစု အချို့အကြား သဘောထားကွဲလွဲစရာတွေ ကြံုခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ သုံးလေးနှစ်တာကာလကို ပြန်ခြံုငုံကြည့်ခဲ့မယ်ဆိုရင် ဟိုဟာလည်းမရ ဒီဟာလည်းမရ အတိုက်အခံအချင်းချင်း မဟာမိတ်အချင်းချင်း ခေတ်စနစ်ဆိုးတွေမှာတုန်းက မိုးထဲလေထဲ ကျောချင်းကပ်လာသူတွေအချင်းချင်းလည်းကွဲတော့မလားဆိုတဲ့ အခြေနေပါ။
နောက်ဆုံးမေလလောက်က အခြေနေကို ပြန်ကြည့်မယ်ဆိုရင် NLD ပါတီအနေနဲ့ တိုင်းရင်းသား ဒေသတွေမှာပါမကျန် နဂိုရင်းနှီးခဲ့တဲ့ မဟာမိတ်တွေနဲ့ပါ ထိပ်တိုက်ပြိုင်တော့မလားဆိုပြီး စိုးရိမ်ခဲ့ရ တာပါ။ အထက်ဖော်ပြပါ အခြေနေတွေကြောင့်လည်း ပြည်သူတွေ အားကိုးတဲ့ အတိုက်ခံ ဒီမိုကရေစီ အင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေရဲ့ ကြိုးစားမှုတွေက သိပ်ပြီး အရာမထင်ဖြစ်ခဲ့ရ တာဆိုရင်လည်း မှားမယ်မထင်ပါဘူး။
လက်ရှိအခင်းကျင်းအရ ညီညွတ်ဖို့လို
လက်ရှိနိုင်ငံရေးအခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် တဘက်မှာလည်း အာဏာရှိသူ အသိုင်းဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေရပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေရသလို တဘက်မှာလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူရေးအတွက် ကြိုးပမ်းနေကြရတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
အပြောင်းလဲတရပ်အတွက် လက်ရှိအချိန်ဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲရေး ဖြစ်လာဖို့ဆိုတာကလည်း ညီညွတ်မှုတွေရှိမှ ရမဲ့ အခြေနေပါ။ ညီညွှတ်ရမဲ့ အခြေအနေမှာ တဘက်နဲ့ တဘက်နားလည်ပေးနိုင်ဖို့ လိုပါတယ်။ အခက်ခဲတွေကတော့ တဖွဲ့နဲ့တဖွဲ့ တပါတီနဲ့တပါတီ မျိုးနွယ်စု တခုနဲ့ တစ်ခုတူကြမှာ မဟုတ်ပါဘူး။ အနေအထားချင်း တူကြ မှာ မဟုတ်သလို နိုင်ငံရေးအရ ချဉ်းကပ်ပုံကလည်း တူကြမှာ မဟုတ်ပါဘူး။ ပြည်သူတွေကတော့ အတိုက်ခံတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေကို လူထုရဲ့ အားကိုးရာ အဖြစ် မြင်နေဆဲပါ ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် အဖြစ် မြင်မြဲပါပဲ။ တိုင်းရင်းသားတွေအနေနဲ့့လည်း သူတို့ရဲ့ မူလအခွင့်ရေးတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးနေဆဲပါပဲ။
မကြာခင် အနီးကပ်ဆုံးနဲ့ မဖြစ်မနေဖြတ်သန်းရမှာက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပဲ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အတိုက်ခံဒီမိုကရေစီ အင်အားစုတွေအပါဝင် တိုင်းရင်းသား အင်အားစုတွေ အနေနဲ့ နိုင်သင့်နိုင်ထိုက်တဲ့ မဲဆန္ဒနယ်တွေမှာ နိုင်ထားဖို့ လိုပါတယ်။
အဲဒီအတွက်လည်း ထိပ်တိုက်မတွေ့ကြဖို့ လိုပါတယ်။ သူအားကောင်းတဲ့နေရာမှာ သူပြိုင် ကိုယ်အားကောင်းတဲ့ နေရာမှာ ကိုယ်ပြိုင်ဆိုတဲ့ သဘောမျိုးပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မှာ အန်အယ်လ်ဒီနဲ့ အရင်မဟာမိတ်ဟောင်း တိုင်းရင်းသားပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ အတွက် ဆွေးနွေးမှုတွေလုပ်လာပြီး တချို့ပါတီတွေနဲ့ဆိုရင် မူအရ သဘောတူညီမှုတွေရှိလာတာ ကြိုဆိုစရာပါ။
တဘက်က စီအာပီပီဆိုရင် တိုင်းရင်းသား ကိုယ်စားပြုမှု အနေထားအရ အနည်းငယ် နည်းနေသေးတဲ့ အတွက် CRPP ထက် ကိုယ်စားပြုမှု ပိုမြင့်နိုင်တဲ့ အနေထားအထိ စဉ်းစားနိုင်ရင် ပိုကောင်းမယ် ထင်ပါတယ်။ ဥပမာအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် တပ်ပေါင်းစု UNFC ကိုပါ သြဇာ ရှိနိုင်မဲ့ ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ UNA လို မဟာမိတ်အဖွဲ့မျိုးဆိုရင် ပိုအထောက်ကူပြုစေနိုင် မှာ ဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ အန်အယ်လ်ဒီအပေါ်ဝန်းရံမှုအားလည်း ပိုကောင်းလာပါစေလိမ့်မယ်။ (မှတ်ချက် ။ ။ UNA ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် ဒေသများမှ တိုင်းရင်းသားပါတီ ၁၁ ပါတီ ပါဝင်)
မကြာခင်လာတော့မဲ့ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမဲ့ အခင်းကျင်းတွေမှာ အတိုက်ခံ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အရေအတွက် များများနဲ့ ဟန်ချက်ညီစွာနဲ့ ညီညီညွှတ်ညွှတ် ပါဝင်လှုပ်ရှားနိုင်မှသာ ပြည်သူတွေလိုလားတဲ့ အနေထားကို ရောက်လာဖို့အတွက် ခြေလှမ်းတွေ လှမ်းထားနိုင်မှာပါ။ ဒါ့အပြင် စုစည်းမှုရှိထားရင် ၂၀၁၅ နောက်ပိုင်း နိုင်ငံရေး အရ ဆွေးနွေးတဲ့ အချိန်မှာလည်း အင်အားကောင်းကောင်းနဲ့ ထိန်းညှိဆွေးနွေးနိုင်ပါလိမ့်မယ်။ မဖြစ်မနေဖြတ်သန်းရမဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အင်အားစုတွေအကြား ညီညီညွှတ်ညွှတ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူတွေရဲ့ မူလရပိုင်ခွင့်တွေအတွက် ခြေလှမ်းလှမ်းပြီးသား ဖြစ်နေပါလိမ့်မယ်။







