“ငါတို့မြေယာတွေသိမ်းမယ်။ မြေပေါ်မြေအောက်သံယာဇာတတွေ လုယူမယ်။ အိမ်ယာတွေ မြေယာတွေ စျေးတက်မယ်။ ငါတို့ဒီလိုပဲ အငြိမ်ခံနေရမှာလား။ ငါတို့မြေ ဧက ၃၀၀၀ ကျော်သိမ်းထားတယ်။
အဲဒါတွေပြန်ရနိုင်မလား မရနိုင်ဘူးလား ဆိုတာရှိတယ်။ အားလုံးဒါတွေသိထားရမယ်။ သူများသားမယားတွေ သမီးပျိုတွေကို ဆွဲလားရမ်းလား လုပ်နေသေးတယ်။ အဲဒါသင့်တော်လား။ ရှားတောမြို့နယ်ထဲက ဗမာစစ်တပ်တစုတွေ အသက် ၁၅ နှစ် အရွယ်သာရှိသေးတဲ့ကလေးမကို တောထဲ ၅ ညတောင်ခေါ် သွားအိပ်တယ်။ ခုခံနိုင်စွမ်းရှိဖို့လိုတယ်။ ငါတို့ဟာအေးချမ်းတာကိုလိုချင်တယ်။ ဒါကြောင့် ငါတို့က ဆင်းရဲခံပြီး တိုက်နေတာ။ ငါတို့ဘဲတိုက်နေလို့မဖြစ်ဘူး။ ဒေသခံလူထုတွေကလည်း ပါဝင်ဖို့လိုတယ်။”
ကရင်နီတပ်မတော်တွေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှု ညာမိုတပ်စခန်းမှာပြုလုပ်တဲ့ သင်တန်းဆင်းပွဲမှာ ဗိုလ်ချူပ်အောင်မြတ်ရဲ့ အမှာစကားဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ ကန္တာရဝတီတိုင်း(မ်) မှ ကူးဒူက ဗိုက်ချူပ်နှင့် ယခုလို မေးမြန်းခဲ့ပါတယ်။
ကူးဒူ။ ။ KNPP အပစ်ရပ်တုန်းက တင်ပြထားတဲ့အချက် (၂၀) ထဲမှာ ဆွေးနွေးရအခက်ဆုံး အချက်က ဘယ်အချက်လဲခင်ဗျ။
ဗိုလ်ချူပ်အောင်မြတ်။ ။ ပထမဆုံးပြဿနာစဖြစ်မှာက မာဖရိုရှေ့အုပ်စုပေါ့ ယာတွေမြေတွေသိမ်းရတဲ့ကိစ္စ ၊ အဲဒီသူတို့လေ့ကျင့်ရေးကျောင်း ဆောက်တဲ့ကိစ္စ အချက်၂၀ ထဲကတချက်ပါပြီ ဦးစားပေးအနေနဲ့ ပထမအကောင်အထည်ဖော်မယ်ပြောတော့ ဟိုရွေ့ဒီရွေ့ဟိုပြောဒီပြောတော့ ဘာမှလူထုကို ပြန်ပေးတာ တော့မကြားသေးဘူး။ ပြန်မပေးတဲ့အပြင် ဟိုရွေ့ဒီရွေ့ ဟိုပြောဒီပြောလုပ်နေတယ်။ အဲဒါပထမဆုံး ပစ်ခတ်ရပ်စဲရေးက အကယ်၍ ပျက်မယ်ဆိုလို့ရှိရင် မာဖရိုရှေ့အုပ်စုမှာရှိတဲ့ လယ်ယာမြေသိမ်းတဲ့ ပြသာနာဘဲဖြစ်မှာဘဲ။
ကူးဒူ ။ ။ ဒီပြဿနာကမပြီးဘူး ဆိုလို့ရှိရင် ဗိုလ်ချူပ်တို့စစ်တပ်ဘက်အနေနဲ့ဘယ်လို ဆက်လုပ်မလဲ။
ဗိုလ်ချူပ်အောင်မြတ် ။ ။ အဲဒါမရရအောင်တော့ တိုက်ပွဲဝင်ရမှာပေါ့။ အဲဒါမှမရရင် ကျနော်တို့အမျိုးသားအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်တာ နှစ်ပေါင်း ၆၀ရှိပြီဘဲ ။ ၆၀ တောင်ကျော်သွားပြီ အဲဒီကိစ္စကလေးနဲ့သူတို့က ပြန်လည်မပေးရင် ပြသာနာအများကြီးဖြစ်နိုင်တယ်။
ကူးဒူ ။ ။ စစ်ရေးလေ့ကျင့်ကျောင်းအနေနဲ့တကယ်လို့ တခြားနည်းလမ်းတွေနဲ့ ဥပမာ စစ်လေ့ကျင့်ရေးကျောင်းနဲ့ မထားတော့ဘဲနဲ့ စာသင်ကျောင်းတို့ဖြစ်ဖြစ် အများပြည်သူသုံးတဲ့ အဆောက်အဦးထားမယ်ဆိုရင်ကော ဗိုလ်ချူပ်အနေနဲ့ဘယ်လိုမြင်ပါသလဲ။
ဗိုလ်ချူပ်အောင်မြတ်။ ။ အဲလိုမျိုးဆိုလိုရှိရင် တရားဝင်လူထုအဖွဲ့အစည်း အများပြည်သူသုံးနိုင်တဲ့ စာသင်ကျောင်းတို့ ဖွံ့ဖြိုးရေးလုပ်ငန်းတို့ ဆိုရင်လက်ခံတယ်။
ကူးဒူ။ ။ KNPP တင်ပြထားတဲ့ အချက် (၂၀)ထဲက စစ်လေ့ကျင့်ရေးကျောင်းက ဘာဖြစ်လို့အရေးကြီးလဲ။
ဗိုလ်ချူပ်အောင်မြတ် ။ ။ အရေးကြီးတာပေါ့ ဘာဖြစ်လို့အရေးကြီးလဲဆိုတော့ ဘိုးစဉ်ဘောင်ဆက်ပိုင်ထားတဲ့ လုပ်စားကိုင်စားတဲ့ လယ်ယာမြေမရှိမဲ့ရှိမဲ့ လယ်ယာတကွက် အသက်မွေးဝမ်းကျောင်း လုပ်လာတဲ့ဟာဘဲပေါ့ ။ ဒီထက်ပိုအရေးကြီးတာ ဘယ်မှာရှိတော့မလဲ။ ဒါကလူထုအနေနဲ့ပြောနေတာ။
ကူးဒူ ။ ။ ဒီတင်ပြထားအချက်၂၀ အထဲမှာ ဒီတပ်ကိစ္စနဲ့ပတ်သက်ပြီး မပြေမလည် ဖြစ်နေတဲ့အပေါ်မှာ ဗိုလ်ချူပ်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။
ဗိုလ်ချူပ်အောင်မြတ် ။ ။ နှုတ်ဂတိပေါ့ ရိက္ခာပို့မယ် သို့မဟုတ်ရင် သွားလာမယ်ဆို လမ်းမကြီးအတိုင်း သွားလာဖို့ နောက် စခန်းအပြင်မထွက်ဖို့ ရှင်းလင်းရေးမလုပ်ဖို့ ပစ်ခတ်ရပ်စဲပြီဘဲ တိုက်ဖို့ခိုက်ဖို့ ရှင်းလင်းဖို့ နယ်မြေစိုးမိုးဖို့လိုသေးလား။ အများအားဖြင့် ဖြစ်တာက နယ်မြေစိုးမိုးရေးအကြောင်းပြပြီးတော့မှ စစ်ကြောင်းတွေထွက် ဘာတွေထွက်တော့ အဲဒီလိုမျိုးထွက်လာရင်တော့ ဖြစ်ကြအုံးမှာဘဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ နုတ်ဂတိတွေအရ သူတို့တိုင်းမှူးတွေနဲ့ နုတ်ဂတိအရ အဲဒီလိုမျိုး ပြောထားကြတော့ ရှင်းရှင်းပြောမယ်ဆိုရင် သူ့လူတွေ သူ့တပ်တွေကို မနိုင်ဘူး ။ ဒုတိယအချက်က အပြောတမျိုး အလုပ်တမျိုး နောက်ဥပမာ မြေသွားတိုင်းမယ်။ စစ်တပ်ဆိုတာ မြေတိုင်းတဲ့အမျိုးမှမဟုတ်ဘဲ မြေတိုင်းဌာနရှိတယ်။ ဘာဖြစ်လို့သွားတိုင်းစရာလိုလဲ။ လမ်းပြင်မယ်ဆိုလည်း စစ်တပ်ကလမ်းပြင်ဖို့မှ မဟုတ်ဘူး။ ပြင်ဖို့အခြေအနေလဲမဖြစ်ဘူး လမ်းပြင်ဖို့ ဆောက်လုပ်ရေးတို့ရှိတာဘဲ ဆောက်လုပ်ရေးဌာနက လုပ်ရမဲ့ကိစ္စ တပ်ကဘာလို့သွားလုပ်မလဲ တပ်ကသွားလုပ်ရင်တော့ဖြစ်မှာဘဲ။
ကူးဒူ။ ။ ဒီတပ်ရဲ့စစ်လေ့ကျင့်ရေးကျောင်းနဲ့ ပတ်သက်ပြီးတော့ရော ဗိုလ်ချူပ်အနေနဲ့ KNPP ပါတီဘက်အနေနဲ့ဖြစ်ဖြစ် စစ်တပ်ဘက်ဖြစ်ဖြစ် ဗိုလ်ချူပ်အနေနဲ့ ဘယ်လိုပြောချင်လဲ။
ဗိုလ်ချူပ်အောင်မြတ်။ ။ သူတို့ပြည်ထောင်စုဝန်ကြီးနဲ့ KNPP နဲ့ ပြောနေတာကတမျိုးပေါ့ နောက်တပ်က လှုပ်ရှားနေတာ တမျိုးဖြစ်နေတယ်။ ဥပမာ ဆိုလို့ရှိရင် အချက် ၂၀ က တိတိကျကျ အဖြေတခုမှ မရဘူး။ ဒီကိစ္စတွေက အဖြေမပေးလို့ရှိရင်တော့ ကြာလာရင်တော့ ပေါက်ကွဲလာမယ့်အလားလာရှိတယ်။ ဘာဖြစ်လဲဆိုလို့ရှိရင်တော့ KNPP လုပ်နေတဲ့ ကိစ္စ ကရင်နီတပ်မတော် အလုပ်လုပ်နေတဲ့ကိစ္စ သူ့လူမျိုး သူ့အမျိုးသားကို ကာကွယ်စောင့်ရှောက်ဖို့ ဘဲတာဝန်ရှိတာကော အဲတော့ လူထုကတောင်းဆိုလာမည့် အခြေအနေပြောင်းလဲလာမယ်ဆိုရင်တော့ တိုက်ဖို့ခိုက်ဖို့ကတော့ အဆင်သင့်ပါဘဲ။ ဘာဖြစ်လဲဆိုတော့ အကောင်းဆုံးငြိမ်းချမ်းရေးဖြစ်စဉ်ပေါ့ ။ သူတို့ပြောနေတာက ငြိမ်းချမ်းရေး ဥပမာစာချူပ်စာတမ်းအရ လက်မှတ်ထိုးတဲ့ကိစ္စ အပစ်အခတ်ရပ်စဲရေး အဆင့်တောင်မရှိသေးဘူး။ သေချာစာဖတ်ကြည့်ပါ။ ပြည်ထောင်စုအစိုးရဘဲပြောပြော ပြည်နယ်အဆင့်ဘဲပြောပြော တိတိကျကျစာအချက် နှစ်ချက်လား သုံးချက်လား အဲဒီမှာသေချာဖတ်ကြည့် နှစ်ဖက်အပစ်ခတ်ရပ်စဲတယ်လို့လက်မှတ်မထိုးဘူးနော် ။ ပစ်ခတ်ရပ်စဲရေးအတွက် လုပ်ဆောင်တာဘဲရှိတယ်။ အဲဒီလုပ်ဆောင်တဲ့သဘောဘဲရှိတယ်။ နှစ်ဖက်တပ်စလုံးက သတိအနေအထားရှိကြတယ်။ အချက် ၂၀ တောင်းဆိုတာက ဘာမှမရဘူးဆိုတော့ ဘာမှ မရတာနဲ့အတူတူတော့ တိုက်ပွဲဝင်ဖို့တော့ ဆုံးဖြတ်ချက်ချထားတယ်။ အကောင်းဆုံးကိုတော့ ကရင်နီတပ်မတော်အနေနဲ့လုပ်သွားမယ်။ အဆိုးဆုံးကို ရင်ဆိုင်ဖို့တော့ အဆင်သင့်ဘဲ ။
ကူးဒူ ။ ။ ဒီအချက် ၂၀ ထဲကတပ်ကိစ္စတွေကတကယ်လို့ မပြေမလည်ဖြစ်လို့ရှိရင် ဒီပစ်ခတ်ရပ်စဲရေးကို သဘောတူထားတဲ့ဟာကို ပျက်ပြယ်သွားနိုင်လားပေါ့။
ဗိုလ်ချူပ်အောင်မြတ် ။ ။ ဒါကနိုင်ငံရေးအခြေအနေပေါ်မှာမူတည်တယ်။ နောက်ပြီးတော့ တပ်ပေါင်းစု မဟာမိတ်ရေးရာပေါ်မှာလည်း မူတည်တယ်။ ကျနော်တို့လုပ်နေတာ ကျနော်တို့ တမျိုးသားတည်းအတွက်လုပ်နေတာမှ မဟုတ်တာ။ တခြားတိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းစွာ အတူတူနေထိုင်သွားမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တိုက်ပွဲဝင်ကြတာ တဦးတယောက် တတိုင်းရင်းသားတည်းကောင်းစားဖို့ လုပ်နေတာမဟုတ်ဘူး။ ဘဝတူတိုင်းရင်းသားတွေနဲ့ အေးတူပူမျှပေါ့ လုပ်သွားဖို့ရှိတယ်။ အစီအစဉ်ရှိတယ်။
ကူးဒူ။ ။ နောက်ဆုံးဒီ KNPP တပ်ရဲ့အခြေအနေကို ဗိုလ်ချူပ်ကျနော့်ကိုပြောပြပေးလို့ရမလား။
ဗိုလ်ချူပ်အောင်မြတ် ။ ။ တပ်အခြေအနေကတော့ ဘယ်သူစစ်တိုက်ချင်မလဲ သူ့တပ်ရော ကိုယ့်တပ်ရောပေါ့ ပစ်ခတ်ရပ်စဲရင် သူ့တပ်ထဲမှာလည်း အများကြီးဝမ်းသာမယ်။ ဒါပေမဲ့လို့ အာဏာရှင်ဆန်ဆန် လုပ်နေတဲ့အထက်ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး ၊ ကိုယ်ကျိုးမှု ၊ ကိုယ်ကျိုးကိစ္စကို ဦးထိပ်ထားတဲ့ တပ်မှူးတွေကရှိနေတော့ ရှင်းရှင်းပြောရရင် အာဏာရှင်ဆန်ဆန်လုပ်နေတဲ့လူရှိနေတော့ သူတို့ခမျာလည်း ဒုက္ခရောက်နေရတာကိုး။
ကရင်နီတပ်မတော်အဖြစ် နှစ်ပေါင်း (၄၀) ကျော်ကြာ တာဝန်ထမ်းဆာင်ခဲ့ရတဲ့ ဗိုလ်ချူပ်အောင်မြတ်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ မပြေလည်နိုင်တဲ့တပ်ကိစ္စထဲမှာ ဖရူဆိုမြို့နယ်က အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်နေတာကလည်း အဓိက ပြသာနာတခုဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်ခင်ဗျ။



