ဘိလပ်မြေစက်ရုံတည်ဆောက်ရန် KNU သထုံခရိုင် ပဏာမသဘောတူ

ဘိလပ်မြေစက်ရုံတည်ဆောက်ရန် KNU သထုံခရိုင် ပဏာမသဘောတူ
by -
ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ မိကရင်ကျေးရွာအနီးတွင် ဘိလပ်မြေစက်ရုံသစ် တည်ဆောက်ရန်ရှိသည့် မြန်မာပြည် တွင်းအခြေစိုက် Myanmar Ji Dong Cenment ကုမ္ပဏီသည် ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင်၊ တပ်မဟာ(၁)နှင့် အကြိုပဏာမ သဘောတူညီမှု ရရှိပြီဖြစ်သည်ဟု သိရသည်။

ဘိလပ်မြေစက်ရုံအသစ်တည်ဆောက်ရန် ဇန်နဝါရီ ပထမအပတ်က KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောကျော်လင်း၊ သထုံခရိုင်ဥက္ကဌ စောပန်းနု၊ တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ်မှူးကြီး စောပလိ ဦးဆောင်သည့် အဖွဲ့နှင့် ယင်းကုမ္ပဏီ တာဝန်ခံ ဆန်းညွှန့်ဝင်း ပါ၀င်သည့် အဖွဲ့တို့သည် သထုံခရိုင် တစ်နေရာတွင် တွေ့ဆုံပြီး နှစ်ဖက်ပဏာမသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ KNU သထုံဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်စောကျော်မြင့်က “ဒေသခံတွေက KNU ဦးဆောင်တာကို လက်ခံတယ်။ ကျနော်တို့ကလည်း ဒေသခံတွေ လက်ခံမှကုမ္ပဏီကို ခွင့်ပြုမယ်။ အခု ကုမ္ပဏီနဲ့ ကျနော်တို့အကြား ပဏာမသဘောတူအဆင့်ပဲ ရှိသေးတယ်။ နောက် နှစ်လ၊ သုံးလကြာမှ ကုမ္ပဏီနဲ့ ဒေသခံအကြား အသေးစိတ်ညှိုနှိုင်းပြီး ဒေသခံအတွက် အကြိုးရှိမှ နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုကြမယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရန် တွေ့ဆုံမှုတွင် Myanmar Ji Dong Cenment ကုမ္ပဏီဘက် က ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ရေမီးရရှိရေးနှင့် လမ်းတံတားများ လုပ်ဆောင်ပေး သွားမည့်အပြင် ရရှိလာမည့် အကျိုးအမြတ်ထဲတွင် ဒေသခံများအား ခံစားခွင့်ပေးဆောင် သွားမည်ဟု KNUကို ပြောဆိုခဲ့ကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် မိကရင်ဘိလပ်မြေစက်ရုံတည်ဆောက်မည့်ကိစ္စတွင် KNU ဘက်မှ ဦးဆောင်တာဝန်ခံပေးနိုင်ပါက မိကရင်ဒေသရှိ ဒေသခံနှင့်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် ပါ၀င်လက်မှတ်ထိုးပေးမည်ဟု KNU သထုံခရိုင်က ဆိုသည်။

မိကရင်ဆရာတော် အရှင်ဝဏ္ဏိတက “ဒေသခံတွေနှင့် ဘန်းကြီးတွေကတော့ ဆိုးကျိုးများမရှိဘဲ အပြန် အလှန်အားဖြင့် အကျိုးရှိရင် ခွင့်ပြုနိုင်ဖို့ ရှိပါတယ်။ ဆရာတော် အသိပေးချင်တာတစ်ခုက မြိုင်ကလေး ဘိလပ်မြေစက်ရုံလိုမျိုး မဖြစ်ဖို့ပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် မိကရင်ဒေသခံလူငယ်တစ်ဦးဖြစ်သူ စောထွန်းဝင်းမင်းက ယခုလက်ရှိအချိန်တွင် တည်ဆောက် လုပ်ဆောင်မည့်အစား နှစ်အနည်းငယ်စောင့်၍ ယခုထက် ပွင့်လင်းမြင်သာမှုရှိလာသည့်အချိန်မှသာ တည် ဆောက်စေလိုကြောင်း၊ စက်ရုံတည်ဆောက်ခြင်းအားဖြင့် ဒေသခံလူထုများအတွက် ဆိုကျိုးကောင်းကျိုး မည်မျှ ရရှိမည်ကို သိထားရန်လိုကြောင်းနှင့် နေရာပြန်လည်ချထားရေး၊ ဒေသခံရိုးရာဓလေ့နှင့် ကိုက်ညီမှုရှိ မရှိ တာဝန်ယူရမည့် ပုဂ္ဂိုလ်များလိုကြောင်း ပြောဆိုသည်။

လက်ရှိ မြန်မာပြည်တွင်းအခြေစိုက်သည့် Myanmar Ji Dong Cenment ကုမ္ပဏီသည် မိကရင်ဘိလပ်မြေ စက်ရုံသစ်တည်ဆောက်ဖြစ်ပါက တစ်ရက်လျှင် ဘိလပ်မြေ တန်ချိန် (၅၀၀၀) ထုတ်လုပ်သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်အတွင်း၌လည်း ဖားအံမြို့နယ်၊ မိကရင်ကျေးရွာအနီးတွင် (Myanmar Cement and Mineral Production)အမည်ရှိ ကုမ္ပဏီမှ တန်တစ်သောင်းထွက်ရှိမည့် ဘိလပ်မြေစက်ရုံ လာရောက် တည်ဆောက်ရန် ကြိုးပမ်းဆောင်မှုများ ရှိခဲ့သည်။

Most read this week