အစိုးရစစ်တပ် ချုံခိုတိုက်ခိုက် ခံရပြန်

အစိုးရစစ်တပ် ချုံခိုတိုက်ခိုက် ခံရပြန်
by -
စောသိန်းမြင့်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါ်လေဒေသတွင် ယမန်နေ့က ရိက္ခာသယ်လာသည့် အစိုးရစစ်တပ်အား ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များက ၂ကြိမ် ချုံခို တိုက်ခိုက်ခဲ့သည့် အတွက် အစိုးရ တပ်ဘက်မှ ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဝေါ်လေဒေသတွင် ယမန်နေ့က ရိက္ခာသယ်လာသည့် အစိုးရစစ်တပ်အား ထိုဒေသရှိ ကရင်တပ်ဖွဲ့ဝင်များက ၂ကြိမ် ချုံခို တိုက်ခိုက်ခဲ့သည့် အတွက် အစိုးရ တပ်ဘက်မှ ၄ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည့်အပြင် ၆ဘီးကားတစီးလည်း ပျက်ဆီးသွားသည်ဟု သိရသည်။

ဝေါ်လေစခန်းရှိ အစိုးရစစ်တပ် ခြေမြန်တပ်ရင်း -ခမရ (၃၄၆) ကနေပြီး ကနဲလေးစခန်းသို့ တပ်ရိက္ခာပို့ ဆောင်ရန် ၆ဘီးကားတစ်စီးနှင့်အတူ သွားခဲ့ရာ ယမန်နေ့ ညနေ ၄နာရီခွဲခန့်အချိန်၌ ဖောမုဘောထာနေရာ သို့ ရောက်ရှိစဉ် ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁တို့မှ ချုံခိုတိုက် ခိုက် ခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း (၂၀၁)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး စောကြည်အောင်က ပြောသည်။

၎င်းက “ကျနော်တို့ လူတွေ သူတို့ (နအဖ)အလာကို စောင့်ပြီး တိုက်ခိုက်တာ။ အဲဒီမှာ တပ်ကြပ်ကြီး တစ် ယောက်အပါအဝင် ၃ ယောက်သေဆုံးခဲ့ပြီးတော့ ၂ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီ နောက် မိနစ် ၂၀ခန့် အကြာမှာ အဲဒီတပ်ကို အူပူးနီမှာ ကျနော်တို့လူတွေ နောက်တခါထပ်ပစ်ရာမှာ တပ်သား ၁ယောက်သေ တယ်။ ၂ယောက် ထပ်မံ ဒဏ်ရာရရှိခဲ့တယ်။ ကျနော်ဘက်က ထိခိုက်တာမရှိဘူး”ဟု ပြောသည်။

ထို့အပြင် ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်တွင် ဝေါ်လေဒေသ အူကလေ့ထာ့စခန်းရှိ အစိုးရစစ်တပ် တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၃ တပ်ရင်းမှ တပ်သားတဦးသည် စခန်းမှနေ၍ တောင်ကုန်းအောက်သို့ ရေ ဆင်းချိုးနေစဉ် ကရင်တပ်ဖွဲ့များထောင်ထားသည့် မြေမြှုပ်မိုင်းတလုံးတက်နင်းမိခဲ့ရာ ခြေနှစ်ဘက်စလုံး ပေါင်ရင်းအထိ ပြတ်သွားခဲ့သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်တော် DKBAမှ တပ်မှူး တဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် KNLA တပ်ရင်း ၁၇ နှင့် ၁၈ တို့ပူးပေါင်း၍ ကျိုက်ဒုံမြို့ ၏ အရှေ့ဘက် (၅) မိုင်ခန့်အကွာအဝေးရှိ ပူးရေးနှင့် ရှိုးကျိုးကြားတွင် အစိုးရစစ်တပ် ခမရ (၃၇၁)အား ချုံခို တိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဘက်မှ ၁ဦး သေဆုံးကာ ၅ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကားတစီး တိမ်း မှောက်ခဲ့သည်။ မတ်လ ၁ရက်နေ့ တွင်လည်း ၎င်း KNLA တပ်ဖွဲ့များက ရွာသစ်ကျေးရွာစခန်းရှိ အစိုးရစစ်တပ် ခြေလျင်တပ်ရင်း ခလရ(၉၇) အား သွားရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်မှ စခန်းမှူး တဦးကျဆုံး ခဲ့သည် ဟု ကေအဲန်ယူက ပြောသည်။

Most read this week