နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက် ထိခိုက်မှုများရှိ

နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက် ထိခိုက်မှုများရှိ
by -
စောသိန်းမြင့်

ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများရှိ ...

ကရင်ပြည်နယ် ဝေါ်လေဒေသ၊ ဖလူးကျေးနယ်တွင် နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များအကြား ယမန်နေ့နှင့် ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယခင်တိုက်ပွဲများထက် ပြင်းထန်သောကြောင့် နှစ်ဘက်ထိခိုက်မှုများ ရှိသည်ဟု သိရှိရသည်။

ယနေ့ နံနက် ၈နာရီခန့်မှ ညနေ ၄နာရီအကျော်အထိ ဖြစ်ပွားခဲ့သည့် KNLA၊ DKBA ပူးပေါင်းတပ်ဖွဲ့နှင့် နအဖ စကခ(၁၂) လက်အောက်ခံ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲတွင် နအဖဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု အတိအကျ မသိရှိရသော်လည်း နအဖ ဘက်မှ လက်နက်ကြီးကျည်မြောက်များစွာ ပစ်ခတ်ခဲ့သောကြောင့် DKBA တပ်သား ၂ဦး ကျည်ဆံထိမှန်ခဲ့သည်ဟု  ဒီကေဘီ အေ တပ်မဟာ ၅မှ စစ်ဆင်ရေးမှူး ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။

၎င်းက “နအဖဘက်က လက်နက်ကြီး အလုံး ၁၀၀ထက်မနည်း လိုက်လံပစ်ခတ်တော့ ကျနော်တို့ဘက်က ၂ယောက် ထိတယ်။ ဒဏ်ရာအပြင်းအထန်တော့ မဟုတ်ဘူး။  ကျနော်တို့လူတွေလည်း တက်လာတဲ့ နအဖစစ်ကြောင်း အပိုင်စောင့်ပစ်တော့ နအဖ ဘက်ကလည်း တော်တော် အထိနာတယ်။ အရေအတွက်တော့ မသိရှိရသေးဘူး။”ဟု ပြောသည်။

အလားတူ ယမန်နေ့ကလည်း အဆိုပါ တပ်ဖွဲ့ဝင်များအကြား နှစ်ဘက်ပစ်ခတ်မှုတွင် နအဖတပ်မှူးတပ်သား ၂၀ဦးခန့် ထိခိုက် သေဆုံးခဲ့ရာ နအဖဘက်မှ လက်နက်ကြီးကျည်အလုံး ၁၀၀ကျော် ပစ်ခတ်ခဲ့သော်လည်း ကရင်တပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ကြောင်း ကရင်တပ်ဖွဲ့ဘက်က ပြောသည်။

ထိုပစ်ခတ်မှုကြောင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့နယ် မဲ့ကော်ကင်းကျေးရွာအနီးတွင် လက်နက်ကြီးအလုံး ၁၀ကျော် ကျ ရောက်ခဲ့သောကြောင့် ထိုင်းဘက်ခြမ်းမှ နယ်စပ်လုံခြံုရေးတပ်များ တိုးမြှင့်ချထားလိုက်သည်ဟု သိရသည်။

၎င်းတိုက်ပွဲများကြောင့် မြန်မာပြည်ဘက်ခြမ်းရှိ ရာနှင့်ချီသည့် ဖလူးကျေးနယ်မှ ဒေသခံလူထုများ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေး ခိုလှုံခဲ့ရသည်ဟု ၎င်းယာယီစစ်ပြေးဒုက္ခသည်များအား ကျန်းမာရေးနှင့် နေထိုင်ရေးနှင့် စားနပ်ရိက္ခာများကို ကူညီဆောင်ရွက် ပေးနေသည့် ကျန်းမာရေးလုပ်သားများက ပြောသည်။

Most read this week