(ဆောင်းပါး) မြေသလင်း ကွင်းပြင်ကျယ်ကြီး တခုမှာ အရွယ် စုံလင်တဲ့ အမျိုးသမီး၊ အမျိုးသား ၄၀၀ ကျော်လောက်ဟာအိမ်တွင်းအကြမ်းဖက်မှု နဲ့ ပတ်သက်ပြီး သီချင်းသီဆိုတာ၊
မြေသလင်း ကွင်းပြင်ကျယ်ကြီး တခုမှာ အရွယ်စုံလင်တဲ့ အမျိုးသမီး၊ အမျိုးသား ၄၀၀ ကျော်လောက်ဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သီချင်းသီဆိုတာ၊ မေးခွန်းတွေဖြေဆိုတာကို သူ့ထက်ငါပြိုင်ဆိုင် ပြီး ဖြေဆိုနေကြတာကို တွေ့မြင်ရပါတယ်။ ဒါကတော့ ကရင်နီဒုက္ခသည် အမှတ် ၁ စခန်းမှာကရင်နီ အမျိုးသမီး အစည်းအရုံး KNWO က ဦးဆောင်ပြီး ဖဲကြိုးဖြူနေ့ အခမ်းအနားမှာပြုလုပ်ပေးသွား တာပါ။
နို၀င်ဘာလ ၂၅ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်မှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေကတော့ နိုဝင်ဘာလ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၆ ရက်တာလှုပ်ရှားမှုကို ပြုလုပ်ကြပါတယ်။
ကရင်နီ ဒုက္ခသည်စခန်းထဲမှာ ရှိတဲ့ ဆယ်ကျော်သက် အမျိုးသမီးငယ်တွေဟာ စာသင်နှစ်ဆုံးအောင် ကျောင်းမတက်နိုင်ကြတဲ့ နှုန်းထားက တနှစ်နဲ့ တနှစ် များနေတာကို တွေ့ရတယ်လို ့ကရင်နီအမျိုးသမီး အစည်းအရုံး KNWOရဲ့ အထွေထွေအတွင်းရေးမှူး မော်သိုးမြာက ပြောပါတယ်။
“အမျိုးသမီးငယ်တွေ တော်တော်များများက အိမ်ထောင်ကျပြီးတဲ့အချိန်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေက ဖြစ်များတယ်။ နောက်ပြီးတော့မှ မိဘမဲ့ကလေးတွေ ဖြစ်လာတဲ့အတွက် အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတာမျိုးတွေ လျှော့ကျလာအောင် ရည်ရွယ်ချက်နဲ့ အမျိုးသမီးငယ်တွေကို ပိုပြီး focus ထားပြီးလုပ်လာတာ”
နိုဝင်ဘာလ ၁၉ ရက်နေ့မှာပဲ ကရင်နီဒုက္ခသည်စခန်းတွေမှာ “အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို လုံးဝရပ်တန့်ကြစို့” ဆိုတဲ့ စာကြောင်းနဲ့ ပိုစတာတွေ စတင်ဖြန့်ဝေခဲ့ပါတယ်။ ၁၆ ရက်တာ လှုပ်ရှားမှုကို ကရင်နီဒုက္ခသည်စခန်းထဲမှာရှိတဲ့ လူငယ်များအား ပန်းချီဆွဲခိုင်းတာ၊ ပညာပေး ဆွေးနွေးတာ၊ “အိမ်တွင်းငြိမ်းချမ်းမှ ကမ္ဘာမြေငြိမ်းချမ်းရေးဆီသို့” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကလေးငယ်တွေကို ပြဇာတ်တီထွင်ပြသခိုင်းတာ၊ အမျိုးသမီးငယ်တွေကို အဓိကရည်ရွယ်ပြီး campaign ပြုလုပ်တာနဲ့ လက်ကမ်း စာစောင်တွေကို ဖြန့်ဝေတာတို့ကို KNOW က ပြုလုပ်သွားမယ်လို့ မော်သိုးမြာက ပြောပါတယ်။
၁၆ ရက်တာ လှုပ်ရှားမှုဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် အဓိကထားပြီး လှုပ်ရှားခဲ့တာဖြစ်တယ်လို့ WLB အမျိုးသမီးများအဖွဲ့ချုပ် အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ငန်းစဉ် တာဝန်ခံ နန်းခမ်းသီထွန်းက ပြောပါတယ်။

“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်သွားအောင် ရပ်တန့်သွားအောင်ဆိုပြီး အမျိုးသမီး အဖွဲ့တွေကနေပြီးတော့မှ လှုပ်ရှားမှုတွေ လုပ်တာပေါ့နော်။ စည်းရုံးလှုံ့ဆော်မှုတွေ လှုပ်ရှားမှုတွေ အဲလိုမျိုးတွေ လုပ်တယ်”
၂၀၀၆ ခုနှစ်က စတင်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို WLB ကနေပြီး စတင်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ဘင်္ဂလားဒေ့ချ်၊ အိန္ဒိယ၊ တရုတ်နယ်စပ်နဲ့ ထိုင်း-မြန်မာနယ်စပ် တွေမှာရှိတဲ့ ပလောင်၊ မွန်၊ ကရင်နီ၊ ရှမ်း စတဲ့ အမျိုးသမီး အစည်းအရုံးတွေက လုပ်ဆောင်လေ့ရှိတယ်လို့ WLB ရဲ့ အမျိုးသမီးများ အကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ငန်းစဉ် တာဝန်ခံ နန်းခမ်းသီထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်တုန်းက ထိုင်းနိုင်ငံ စံခလဘူရီမြို့နယ်မှာ “အမျိုးသမီးနဲ့ ခလေးအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းမဖက်ရေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ workshop တစ်ခုကို (၄)ရက်တာ ပြုလုပ်ခဲ့ပါတယ်။ သာမာန်လိင်အကြမ်းဖက်မှုအပြင် တခြားသွယ်ဝိုက်တဲ့နည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပုံသဏ္ဍာန် အမျိုးမျိုးတွေကို ပိုမိုသိရှိလာရတယ်လို့ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်တဲ့ ဦးဗညားအောင်က ပြောပါတယ်။
“သာမာန် လိင်ကိစ္စဆိုရင် တချို့ထင်တာက ကလေးသူငယ်တွေမှာ မုဒိန်းမှုတို့ပဲ တချို့က နားလည်တယ်။ မုဒိန်းမှုမြောက်မှပဲ လိင်အကြမ်းဖက်မှုမြောက်တယ် ဆိုတဲ့ပုံစံမျိုး ဖြစ်တယ်လို့ ယေဘုယျအနေနဲ့သိထား ကြတယ်။ ဒါပေမယ့် သူ့ရဲ့အဓိပ္ပါယ် သတ်မှတ်ချက်ကတော့ အဲလိုမဟုတ်ဘူး။ တခြားနည်းနဲ့စိတ်ပိုင်းဆိုင် ရာအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊အကြမ်းဖက်နိုင်တဲ့နည်း တွေ၊ အကြမ်းဖက်တဲ့နည်းတွေ၊ အကြမ်းဖက်မှုနဲ့ အကျံုးဝင်တဲ့ပုံစံတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ သိခဲ့ရတယ်”
ကရင်နီပြည်တွင်းက အမျိုးသမီးတွေကတော့ မိမိအပေါ် အကြမ်းဖက်မှုဖြစ်နေတာတောင်မှ အကြမ်းဖက်မှု ဖြစ်တယ်လို့ နားမလည်တဲ့လူတွေ အများအပြားရှိတယ်လို့ ကရင်နီပြည်တွင်း ဖရူဆိုမြို့နယ်က ဒေသခံ တယောက်က ပြောပါတယ်။
“အသက်ငယ်တဲ့ ကောင်မလေးတွေဆိုတော့ သူ့အပေါ် အကြမ်းဖက်မှု ဖြစ်မှာ သူလည်း သတိမထားမိဘူး။ တချို့ကျတော့ ကိုယ့်ကို မကောင်းတာကြံစည်မယ်အဲလိုမျိုးပဲ သဘောပေါက်တာ”
နိုင်ငံတကာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကို ပြည်ပမှာအခြေစိုက်နေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေသာမက ပြည်တွင်းက ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်၊ မန္တလေး၊ ရခိုင် စတဲ့ ဒေသတွေမှာလဲ ကျင်းပကြတယ်လို့ WLB ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ စောစံငြိမ်းသူက ပြောပါတယ်။
“ပြည်တွင်းနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်မယ့် တာဝန်ခံရှိတာပေါ့။ တာဝန်ခံကနေ ပြည်တွင်းက နေလုပ်နေတဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေက သူတွေလည်း ဖြစ်တယ်။ သူတို့နဲ့ ဖုန်းတွေ အီးမေးလ်တွေ ချိတ်ဆက်ပြီးတော့လုပ်တယ်။ အရင်တုန်းကတော့ အဲလောက်ထိ မကျယ်ပြန့်ဘူးပေါ့။ ခါတိုင်းနှစ်တွေက statement ထုတ်လိုက်တယ်ဆိုရင် အဲဒီ statement ကို ပြည်တွင်းမှာ ဖြန့်ဝေပေးတာမျိုးတွေ လုပ်ဖြစ်ကြတာပေါ့။ ဒီနှစ်မှာကျတော့ စကားဝိုင်းတွေ၊ ဆွေးနွေးပွဲတွေ ပို့စကဒ်တွေ ဖြန့်တယ်”
အမျိုးသမီးများ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့မှ အဓိက စည်းရုံးလှုံ့ဆော်သွားတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေရဲ့ ၁၆ ရက်တာ လှုပ်ရှားမှုကို နယ်စပ်မှာရှိနေတဲ့ သူတွေက အတော်အတန် ရင်းနှီးမှု ရှိနေပေမယ့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး မပြောရဲကြဘူး။ တချို့မိဘတွေကလည်း လက်မခံနိုင်ကြသေးဘူး။
မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်အစိုးရသစ် တက်လာခဲ့ပေမယ့် ကချင်၊ ကရင်၊ ကရင်နီနဲ့ ရှမ်း စတဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ စစ်တပ်နဲ့ အုပ်ချုပ်သူအာဏာပိုင်တွေကနေ ပုံစံအမျိုးမျိုးနဲ့ ဒေသခံပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကတော့ ရှိမြဲရှိနေဆဲပဲလို့ KNOW က မော်သိုးမြာက ပြောသွားပါတယ်။



