အစိုးရ၏ ငြိမ်းချမ်းရေး စစ်မှန်မှုသည် မြစ်ကြီးနား ဆွေးနွေးပွဲက သက်သေထူမည်

အစိုးရ၏ ငြိမ်းချမ်းရေး စစ်မှန်မှုသည် မြစ်ကြီးနား ဆွေးနွေးပွဲက သက်သေထူမည်
by -
ရွှေဟင်္သာ

ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ် အဖွဲ့ဝင် (၈) ဦးသည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး အဖွဲ့နှင့် ဆွေးနွေးရန် ယနေ့ နေ့လည် (၁၂) နာရီတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလမိုင်ခွန်ဂျားက ပြောပါသည်။

“ KIO ကိုယ်စားလှယ်ကိုတော့ ဆွမ်းလွတ်ဂမ်နဲ့ ဗိုလ်ချုပ် ဂွမ်မော်တို့က ဦးဆောင်ပါတယ်။ အဖွဲ့ဝင်တွေ ကတော့ (၈) ဦးပါဘဲ။ သူတို့က ဒီနေ့ (၁၂) နာရီလောက် ရောက်လာပါတယ်။ သူတို့ရဲ့ ကားတန်းကိုတော့ ကချင် လူထုတွေက သောင်းနဲ့ချီပြီးတော့ ကြိုဆိုကြပါတယ်။ သိရ သလောက် ကတော့ ၀ိုင်းမော်မြို ့ ကနေ မြစ်ကြီးနားမြို့ မနောကွင်း အထိကို ကြိုဆိုနေကြတာပါ” ဟု ဆိုပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ဖြစ်သည့် ဗီဂျေးနံဘီးယားနှင့် အဖွဲ့လည်း ရောက်ရှိနေပြီး ဖိတ်ကြား ထားသည့် အပစ်ရပ် တိုင်းရင်းသား ကိုယ်စားလှယ်များလည်း ရှေ့ဆင့် နောက်ဆင့် ရောက်ရှိနေပါသည်။ အထူးသဖြင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ(UWSP)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSA/SSPP)နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့မှ ကိုယ်စားလှယ် များလည်း ရောက်ရှိနေကြပြီး ဖြစ်ပါသည်။

ထို့အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကိုယ်စားလှယ်လည်း တက်ရောက်မည် ဖြစ်ကြောင်း KIO ဒုဥက္ကဌ အန်ဗန်လက ဆိုပါသည်။

နိုင်ငံတော် လုံခြုံရေး ၀န်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ် (၁၅) ဦးလည်းယနေ့ မနက် (၁၀) နာရီ အချိန်တွင် မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပါသည်။ ဆွေးနွေးပွဲကို မေလ (၂၈) ရက်နေ့မှ (၃၀) ရက်အထိ ဆွေးနွေးကြမည်ဟုဆိုပါသည်။

ဆွေးနွေးပွဲသည် နိုင်ငံတကာ ကိုယ်စားလှယ်များ အပါအဝင် လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် အစိုးရပိုင်း အကြီးအကဲများပါ တက်ရောက်ကြ သဖြင့် အစိုးရသည် မြစ်ကြီးနားမြို့ လုံခြုံရေးကိုအထူး တင်းကြပ် ထားပါသည်။

ယခု ဆွေးနွေး ပွဲသည် ပြီးခဲ့သည့် မတ်လ (၁၁) ရက်နေ့တွင် တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော ဆွေးနွေးပွဲ သဘော တူညီချက်အရ စစ်မက်ဖြစ် ပွားမှု လျှော့ချရေးအတွက် နှစ်ဖက် လက်ခံနိုင်သည့် စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့စည်းရေးကိုသာ အရင်ဆွေးနွေးကြ မည် ဖြစ်ပါ သည်။ နိုင်ငံရေးအရ ဆွေးနွေးပွဲကိုမူ သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် အစိုးရတို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲသို့ လွှဲအပ်သွားဖွယ်ရာ ရှိနေကြောင်း အကျိုးတော်ဆောင်များက ယူဆနေကြပါသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသည်။ သို့သော် အစိုးရဖက်မှ နယ်ခြား စောင့်တပ် အသွင်ပြောင်းလဲရန် KIO အား ဖိအားပေးခဲ့ပါသည်။

အစိုးရသည် ၄င်းတို့၏ ဖိအားပေးမှုကို လက်မခံနိုင်သော KIO အား ၂၀၁၁ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စစ်ဆင် တိုက်ခိုက်ခဲ့ရာက ယနေ့အထိ တိုက်ခိုက် နေဆဲဖြစ်ပါသည်။ ဤသို့သော အစိုးရ၏ ပေါ်လစီကြောင့် KIO အပါအဝင် နယ်ခြား စောင့်တပ်ကို လက်မခံနိုင်သော တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ရယူထားသော အပစ်အခတ် ရပ်စဲရေးလည်း  ပျက်ပျယ် သွားခဲ့ပါသည်။

စစ်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ ခဲ့ပြီးနောက် KIO အပါအဝင် တစ်ခြား လက်နက်ကိုင် အဖွဲ့ အစည်း များနှင့် နောက်ထပ် တဖန် အပစ်ရပ်ရန် ကမ်းလှမ်း လာပြန်ပါသည်။ အစိုးရ၏ ဤသို့သော လုပ်ရပ်ကြောင့် KIO သည် အပစ်အခတ် ရပ်စဲရေးထက် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုသည်သာ အရင်ဖြေရှင်းရမည့် ပြသနာဖြစ်သည်ဟု တောင်းဆို လာခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြေလည် သွားပါက အပစ်အခတ် ရပ်စဲရေးသည် အလိုလို တည်တံ့ ခိုင်မြဲ သွားမည် ဖြစ်သည်ဟု KIO မှ ခံယူခဲ့ပါသည်။ အစိုးရ ကမူ အပစ်အခတ် ရပ်စဲပြီးမှ နောက်တဆင့် နိုင်ငံရေး ကိစ္စများကို ဆွေးနွေးရန် တောင်းဆိုခဲ့ပါသည်။ ဤနေရာတွင် KIO သည် အစိုးရ၏ အရင် အပစ်ရပ်ထားမှုကို သံသယ ရှိနေသဖြင့် အစိုးရသည် အပစ်ရပ်ရေးကို ဒုတိယ အကြိမ် အသုံးချရန် ဖြစ်သည်ဟု KIO ခေါင်းဆောင်များက ပြောလာခဲ့ပါသည်။

ဤသို့ဖြင့် KIO နှင့် အစိုးရကြား တိုက်ပွဲ ပြင်းထန် လာခဲ့ပါသည်။ တိုက်ပွဲနှင့်အတူ အစိုးရသည် ၄င်းတို့ လိုချင်သော အပစ်အခတ် ရပ်စဲ ရေးကို တွေ့ဆုံဆွေးနွေးသည့် နည်းဖြင့် ကြိုးစားခဲ့ရာ KIO နှင့် (၁၄) ကြိမ်မျှ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အစိုးရ၏ စစ်မှန်သော ငြိမ်းချမ်းရေး သဘောထားဟူသည် မနက်ဖြန် ကျင်းပသော မြစ်ကြီးနားမြို့ ဆွေးနွေးပွဲမှ နိုင်ငံတကာ ရှေ့မှောက်တွင် သက်သေ တည်လိမ့်မည်ဖြစ်ပါသည်

Most read this week