မန်တုံနှင့် နမ့်ခမ်းမြို့အနီးတွင် T.N.L.A နှင့် အစိုးရ တပ်များ တိုက်ပွဲ ပြင်းထန်နေ

မန်တုံနှင့် နမ့်ခမ်းမြို့အနီးတွင် T.N.L.A နှင့် အစိုးရ တပ်များ တိုက်ပွဲ ပြင်းထန်နေ
by -
ရွှေဟင်္သာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (T.N.L.A) တပ်ရင်း ၄၇၈ နှင့် မန်တုံမြို့နယ် အခြေစိုက် အစိုးရ ခမရ ၃၆၇ တို့ သည် ယနေ့ ၃၀ ရက် ညနေ ၁၈း၄၅ မှ ည (၈) နာရီ အချိန်ထိနမ့်ခမ်း-မန်တုံ မြို့နယ် အစပ် နားအော်ကြီးနှင့် ထာတ်ကျဲတ် ဘုရားတောင် အကြား တောင်တန်း စခန်းများတွင် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား နေဆဲဟု TNLA ပြောခွင့်ရသူက ဆိုပါသည်။

“ အစိုးရ တပ်အင်အားက (၃၀၀) လောက် ရှိမယ်။ သူတို့က RCSS ယူနီဖေါင်း ၀တ်တွေလည်း ပါတယ်။ ကျနော်တို့ ပျောက်ကျား စခန်းတွေကိုချဉ်းကပ် လာလို့ တိုက်ပွဲဖြစ်တာပါ။ စစ်ကြောင်း၂ ကြောင်းလောက် ရှိမယ်။ သူတို့ ခပ်စိပ်စိပ် စစ်ဆင်လာပုံ ထောက်ရင် TNLA ကို တဖက်သတ် စစ်ဆင်လာတဲ့ သဘောဘဲ” ဟု ဆိုပါသည်။

အစိုးရတပ်များ၏ စစ်ကြောင်း တကြောင်းသည် RCSS ၀တ်စုံများ ၀တ်ဆင်ပြီး ယမန်နေ့က နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာထိ ကားစီးလာပြီး ၄င်းကျေးရွာမှ တဆင့်ခြေလျှင်ဖြင့် တောလမ်းအတိုင်း ညအချိန်တွင် တအာင်း တပ်ဖွဲ့ရှိရာ တောင်တန်းသို့ ချဉ်းကပ် လာခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယ စစ်ကြောင်းသည် နားအော်ကြီးဘက်မှ ၀င်လာပြီး ခိုမုန်းတွင် တိုးချဲ့နေရာ ယူထားသော ခလရ ၁၃၀ နှင့် ခမရ ၅၀၃ တပ်ဖွဲ့ဝင်များဖြစ်သည်၊ ၄င်းတို့၏ အရှေ့ဘက်တွင် ဂစ်ပိုက်လိုင်း လုံခြံုရေး ယူထားသည့် အွယ်လောရွာ မှအင်အား ၁၀၀ ကျော်နှင့် တအာင်းတပ်ဖွဲ့ကို ညှပ်ပြီး တိုက်စစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု တအာင်းတပ်မှူး တစ်ဦးကဆိုပါသည်။

အစိုးရ တပ်ဖွဲ့များသည် TNLA ကို အပြင်းအထန် တိုက်ခိုက် နေသဖြင့် နယ်မြေခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေကြောင်း ဒေသခံများက ဆိုပါသည်။ အစိုးရသည် KIA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဆင်ပြေသဖြင့် KIA တပ်မဟာ (၄)ရှိ TNLA များအား ပြင်းထန်စွာ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု တွက်ဆနေကြပါသည်။

Most read this week