PNLO ၏ ပထမဆုံး အကြိမ် ညီလာခံ ပြီးဆုံး

PNLO ၏ ပထမဆုံး အကြိမ် ညီလာခံ ပြီးဆုံး
by -
ရွှေဟင်္သာ

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) သည် ပအိုဝ်း တမျိုးသားလုံး ပါ၀င်သော အမျိုးသား ညီလာခံ တရပ်  ကျင်းပရန် လိုအပ်သည်ဟု မကြာခင် ပြီးဆုံး သွားသည့် အဖွဲ့ချုပ် ညီလာခံမှ ဆုံးဖြတ် ခဲ့ကြောင်း PNLO ဂုဏ်ထူးဆောင် နာယက ခွန်ဥက္ကာက ဆိုပါသည်။

“ အမျိုးသား ညီလာခံ ဖြစ်လာဖို့တော့  ပြည်တွင်းက ပအိုဝ်းနိုင်ငံရေး အဖွဲ့တွေနဲ့ ညှိနှိုင်း သွားရမှာ ဖြစ်သလို ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်က ပအိုဝ်း အဖွဲ့တွေနဲ့လည်း နှီးနှော ဖလှယ်ပွဲတွေ ကျင်းပရာ ကနေ အမျိုးသား ညီလာခံ အထိ ကျင်းပနိုင်ဖို့ တဖြည်းဖြည်း ညှိနှိုင်း ယူရမှာပေါ့လေ။” ဟု ဆိုပါသည်။

ထို့အပြင် အစိုးရနှင့် ရယူခဲ့သည့် အပစ်အခတ် ရပ်စဲရေးကို ဆက်လက် ထိန်းသိမ်း သွားမှာ ဖြစ်ပြီး သဘောတူထား သော ဒေသ ဖွ့့ံဖြိုးရေး လုပ်ငန်းများကို ပူးတွဲ ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေးကိုလည်း မဟာမိတ်များနှင့် တွေ့ဆုံဆွေးနွေးပြီး တပ်ပေါင်းစု မူအတိုင်း လက်ခံ ကျင့်သုံး သွားမည်ဖြစ်သည်။

PNLO ညီလာခံကို ထိုင်းမြန်မာ နယ်စပ် မဲဟောင်ဆောင်မြို့အနီး မြန်မာနုုိင်ငံတွင်းရှိ လေဗွာ တပ်စခန်း၌ ကျင်းပ ခဲ့ပါသည်။ ညီလာခံကို မေလ (၁၇) ရက်နေ့မှ (၂၁) ရက် အထိ (၅) ရက်ကြာ ကျင်းပ ခဲ့ပြီး ကိုယ်စားလှယ်ပေါင်း တစ်ရာကျော် တက်ရောက် ခဲ့ပါသည်။  ထိုအထဲမှ ညီလာခံ လေ့လာ သူများနှင့်  ဖိတ်ကြား ထားသော မဟာမိတ် ကိုယ်စားလှယ်များလည်း တက်ရောက် ခဲ့ပါသည်။

ပထမ အကြိမ် PNLO ညီလာခံမှ ရွေးချယ် လိုက်သော ခေါင်းဆောင် သစ်များမှာ ခွန်မြင့်ထွန်း (ဥက္ကဌ)၊ ဗိုလ်မှူးကြီး ခွန်သူရိန် (ဒုဥက္ကဌ)၊ ဗိုလ်မှူးကြီးအောင်ကျော် (အထွေထွေ အတွင်းရေးမှူး)၊ ခွန်သောမတ်စ် (တွဲဘက် အထွေထွေအ တွင်းရေးမှူး ၁)၊ နန်းနွယ်နွယ် (တွဲဘက် အထွေထွေ အတွင်းရေးမှူး၂ )၊ ခွန်တင်ရွှေဦး (ဗဟို အလုပ် အမှုဆောင်)၊ ဗိုလ်မှူး ခွန်အုန်းမောင် (ဗဟို အလုပ်အမှုဆောင်)၊ ခွန်ထွန်းတင် (ဗဟိုကော်မီတီ)၊ ဗိုလ်မှူးခွန်ဇွဲထို (ဗဟိုကော်မီတီ)၊ ဗိုလ်မှူး ခွန်ကျော်ထင် (ဗဟိုကော်မီတီ)၊ နန်းဖြူပြာ (ဗဟိုကော်မီတီ) ၊ ခွန်ထွန်း (အရံဗဟိုကော်မီတီ) ၊ခွန်နေထူး (အရံဗဟိုကော်မီတီ)၊ ခွန်မင်းသိန်း (အရံဗဟိုကော်မီတီ)၊ ခွန်ဟောဝ်မျတ် (အရံ ဗဟိုကော်မီတီ)တို့ကို ရွေးချယ်တင် မြောက် ခဲ့ကြပါသည်။

PNLO သည် ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်း အမျိုးသား အဖွဲ့ (PNO) အဖွဲ့ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်း ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။ PNLO ဖွဲ့စည်းခဲ့သော ခေါင်းဆောင်များမှာ ဥက္ကဌဟောင်း ခွန်ဥက္ကာနှင့် ဒုဥက္ကဌဟောင်း ခွန်တိဆောင်တို့က ဦးဆောင်ခဲ့ပါသည်။ ယင်းခေါင်းဆောင်များသည် အသက်ကြီးရင့်လာပြီးဖြစ် သည့်အတွက် လက်ရှိ၌ ဂုဏ်ထူးဆောင် နာယကများ အဖြစ် ဆက်လက် တာဝန် ထမ်းဆောင်ကြပါသည်။

PNLO သည် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် ဖြစ်ပြီး ၂၀၁၃ ခုနှစ် အစောပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော အဖွဲ့ ဖြစ်ပါသည်။

၄င်းတို့၏ ရည်ရွယ်ချက်မှာ  ပအိုဝ်း အမျိုးသားအတွက် တန်းတူးရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး ဖြစ်ပါသည်။ ပါတီ ညီလာခံကို (၃)နှစ် တစ်ကြိမ် ကျင်းပ သွားမည်ဖြစ်ပြီး ဤသက်တမ်း အတွင်း ပအိုဝ်း အမျိုးသား ညီလာခံ တရပ်ဖြစ်ပေါ်လာ စေရန် ပြည်တွင်းရှိ ၂၀၁၀ ရွေးကောက်ပွဲဝင် ပအိုဝ်း အမျိုးသား အဖွဲ့ (PNO)နှင့် ညှိနှိုင်း သွားမည်ဖြစ်ပါသည်။

Most read this week