RCSS နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စင်တာ၌ အလွတ် သဘော တွေ့ဆုံရန်ရှိ

RCSS နှင့် အစိုးရတို့ ငြိမ်းချမ်းရေး စင်တာ၌ အလွတ် သဘော တွေ့ဆုံရန်ရှိ
by -
ရွှေဟင်္သာ

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့သည် လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု များကို ဖြေရှင်းရန် ၀န်ကြီး ဦးအောင်မင်းတို့ နှင့် လာမည့် မေလ ၁၈ ရက်နေ့တွင်  ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာ၌ အလွတ်သဘော သွားရောက် တွေ့ဆုံ ဆွေးနွေး မည် ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်ကြီး စိုင်းမိန်က ဆိုပါသည်။

“ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်တွေ ဘာမှ အကောင်အထည် ဖော်နိုင်တာ မရှိခဲ့သေးဘူး။ သူတို့ကဘဲ ကျနော်တို့ကို ဟိုနေရာကနေ ဆုတ်ပေးဖို့၊ ဒီနေရာမှာ နေလို့ မရဘူးနဲ့ စစ်အင်အားနဲ့ လာတိုက် ခဲ့တာဘဲ ရှိပါတယ်။ ဒါကြောင့် မပြီးပြတ်သေးတဲ့ ကိစ္စတွေကို ဆက်ဆွေးနွေးဖို့ရယ်၊ ပြီးတော့ အခု လတ်တလော ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခတွေ တိုက်ခိုက်မှုတွေတော့ ဖြေရှင်းဖို့ သွားတွေ့ ရတာပါ။” ဟု ဆိုပါသည်။

ဤသို့ကြောင့် RCSS/SSA သည် တရားဝင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပေးရန် နှင့် လတ်တလော ဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှု ပြသနာများ ကို ဖြေရှင်းရန် သွားရောက် တင်ပြမည် ဖြစ်ပါသည်။

အဆိုပါ ခရီးစဉ် အတွက် ဗိုလ်မှူးကြီး စိုင်းလ နှင့် ဒု ဗိုလ်မှူးကြီး စိုင်းမြင့်တို့ ခေါင်းဆောင်သော အဖွဲ့သည် ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ ကတည်းက ရှမ်းပြည် တောင်ပိုင်း လင်းခေး ခရိုင် ဟိုမိန်းမြို့နယ်ခွဲရှိ RCSS/SSA ၏ လွိုင်တိုင်းလျှန်း ဗဟိုဌာန ချုပ်မှ ထွက်ခွာလာ ခဲ့ပြီး ဖြစ်ပါသည်။

အစိုးရ တပ်ဖွဲ့ များသည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မ ကျေးရွာ အုပ်စု အတွင်း တပ်စွဲ ထားသည့် RCSS/SSA ၏ အမှတ် ရ၀၁ စစ်ဒေသမှ တပ်စခန်း ၅ ခုကို တိုက်ခိုက် သိမ်းပိုက် ခဲ့သဖြင့် ဖြေရှင်းရန် ရှိနေပါသည်။

အစိုးရ တပ်ဖွဲ့သည် RCSS/ SSA တပ်ဖွဲ့များ သတ်မှတ် နယ်မြေမှ ၁၀ မိုင် အတွင်းသို့ ၀င်ရောက်ပြီး တပ်စခန်း အသစ် တိုးချဲ့ တည်ဆောက် ခြင်းကြောင့် တိုက်ခိုက် ရခြင်း ဖြစ်ကြောင်း အကြောင်း ပြထား ပါသည်။ ယင်းစခန်းများသည် အပစ် အခတ် ရပ်စဲစဉ် ကတည်းက ဆုတ်ခွာပေးရန် အစိုးရ ဘက်က တောင်းဆို ထားသော်လည်း  RCSS/SSA ဘက်က လက်မခံ ပယ်ချ ထားခဲ့သည့် နေရာဖြစ်ပါသည်။

ယင်းစခန်းများကို အစိုးရက ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့ ည ၉ နာရီ အချိန်တွင် ယင်း နောင်မ ကျေးရွာ အနီးရှိ မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း စခန်း၌ ပစ်ခတ်မှု တစ်ခု ဖြစ်ပွား ခဲ့ပါသည်။ ဤကိစ္စတွင် RCSS/SSA တပ်ဖွဲ့၏ လုပ်ရပ်ဟု အစိုးရဘက်က စွပ်စွဲ ထားပါသည်။

အစိုးရသည် တိုက်ခိုက်မှု ဖြစ်လေတိုင်း ယင်းတိုက်ခိုက်မှုကို  အောက်ခြေ ပြသနာသာ ဖြစ်သည်ဟု ပြောဆိုလေ့ ရှိပါသည်။ ဤပြသနာမျိုးကို ရှောင်ကျဉ်နိုင်ရန် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့တို့ ကြား တရားဝင် စောင့်ကြည့်ရေး အဖွဲ့  ဖွဲ့စည်း ထားရန် လိုအပ် လာပါသည်။ ဤကိစ္စအတွက် လာမည့် တရားဝင် ဆွေးနွေးပွဲတွင် တင်ပြရန် ရှိနေကြောင်း RCSS/SSA ခေါင်းဆောင် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က ဆိုပါသည်။

“သံသယတွေ များလာရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ဘဲ အပစ် ရပ်ထားပါစေ၊ ပြန်လည် တိုက်ခိုက် ကြတာချည်းဘဲ။ ကေအိုင်အေ နဲ့ အစိုးရကြား ဖြစ်နေတဲ့ တိုက်ပွဲကို ကြည့်လိုက်တာနဲ့ သိနိုင်တယ်။ သူတို့ဟာ အပစ်ရပ်စဲ ထားတာ ၁၇ နှစ် ရှိခဲ့ပြီးမှ ပြန်တိုက် လာလိုက်တာ ၂ နှစ် နီးပါးဘဲ၊ ဒါက ယုံကြည်မှုဟာ အဓိက ပါဘဲလို့ ပြောချင် ပါတယ်။” ဟု ဆိုပါသည်။

RCSS/SSA အဖွဲ့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး အခြေအနေကို စောင့်ကြည့် နေသည်ဟု ဆိုပါသည်။ လက်ခံနိုင်သော ရလာဒ် အပေါ်၌ မူတည်ပြီး တရားဝင် ပါတီ ထူထောင်သင့် မသင့်နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင် သင့်မသင့် ဆုံးဖြတ် သွားမည်ဟု ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ဆိုပါသည်။

RCSS နှင့် အစိုးရ တို့သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ ကတည်းက အပစ်အခတ် ရပ်စဲ လာခဲ့သော်လည်း အစိုးရ တပ်ဖွဲ့၏ ကျူးကျော် ရန်စမှုကြောင့် တိုက်ပွဲပေါင်း အကြိမ် (၅၀) ထက်မနည်း ဖြစ်ပွား ခဲ့သည်ဟု RCSS ဖက်က ဆိုပါသည်။

Most read this week