မေလ (၆) ရက်နေ့မှ (၁၀) ရက်နေ့ အထိ ကျင်းပသော ၁၂ ကြိမ်မြောက် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ပါတီ ညီလာခံမှ လုပ်ငန်းစဉ် (၅) ရပ် ချမှတ် ခဲ့ကြောင်း ဥက္ကဌသစ်ဖြစ်သူ အေဘယ်ဒွိက ဆိုပါသည်။
“ ညီလာခံ ကတော့ ကိုယ်စားလှယ်ပေါင်း (၂၀၀) နီးပါး တက်တယ်။ အဲဒီထဲက အမြဲတမ်း ဗဟို ကော်မီတီဝင် (၅) ဦး၊ဗဟိုကော်မီတီဝင်(၁၅) ဦးနဲ့အရန်ကော်မီတီဝင် (၁၂) ဦးကိုရွေးချယ် ခဲ့ပါတယ်။ လစ်လပ်နေတဲ့ ပါတီ ဥက္ကဌ ရာထူး ကိုတော့ လက်ရှိယာယီ ဥက္ကဌတာဝန် ထမ်းဆောင်နေတဲ့ ကျနော့်ကိုဘဲ တင်မြှောက်ကြပါ တယ်။” ဟု ဆိုပါသည်။

ညီလာခံမှ ပါတီ လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ် ခဲ့ပါသည်။ အဓိက အားဖြင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် တပ်ပေါင်းစုရေးရာများ ဖြစ်ပါသည်။ KNPP သည် အစိုးရ၏၂၀၀၈ အခြေခံ ဥပဒေကို လက်မခံနိုင်သဖြင့်၂၀၁၅ ခုနှစ်တွင်ကျင်းပသော အစိုးရ၏ အထွေထွေ ရွေးကောက်ပွဲ ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ဆိုပါသည်။
KNPP သည် အစိုးရ ပြည်နယ် အဆင့်နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဖွဲ့နှင့်နိုင်ငံရေးအရ ဆွေးနွေး ခဲ့သော်လည်း လက်တွေ့ အကောင်အထည် ဖေါ်မှုမရှိသေးပေ။ သို့သော်လည်း KNPP သည် ယင်းဆွေးနွေးမှု များကို ပထမ ခြေလှမ်း အဖြစ် သဘော ထားကြောင်း၊ဤသို့ကြောင့် ရှေ့ဆက် ဆွေးနွေး သွားရန် လိုအပ်သည်ဟု ညီလာခံမှ ချမှတ်ကြောင်း ဆိုပါသည်။
စစ်ရေး အရဆုံးဖြတ် ရာတွင်လည်း KNPP သည် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို လက်ခံကြောင်း၊ ဤတပ်မတော်ထဲသို့ ပြည်နယ်တိုင်း အသီးသီးများမှ အချိုးကျ ပါ၀င်သော စနစ်ကိုသာ လက်ခံကြောင်း ဆိုပါသည်။
စီးပွားရေး ကိစ္စများတွင်မူ KNPP သည် တရားဝင် ရသင့် ရထိုက်သော စီးပွားရေးရာများကို ဥပဒေနှင့် အညီ ဆောင်ရွက်သွားရန် လိုလားကြောင်း ဆိုပါသည်။ KNPP သည် ပါတီ ရံပုံငွေ အပြင်လူထု စီးပွားရေး လုပ်ငန်းကိုပါမြှင့်တင် သွားရန် လိုလားလျှက် ရှိပါသည်။
လူမှုရေးအရ ဆုံးဖြတ်ချက်တွင်လည်း KNPP သည် ကရင်နီ တမျိုးသားလုံး အတွက် ဘုံစာပေ တခု ဖြစ်မြောက်လာရန် ကြိုးစားသွားမည်ဟု ဆိုပါသည်။
တပ်ပေါင်းစု ရေးရာကိုလည်း KNPP သည် ဖက်ဒရယ် ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေးအတွက် တခြား တိုင်းရင်းသားများနှင့်အတူ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဆုံးဖြတ် ထားပါသည်။
ထို့အပြင် ပါတီ စည်းကမ်း ထိမ်းသိမ်းရေး ကိစ္စ၊ လူထု စည်းရုံးရေး လုပ်ငန်း၊ အပစ်အခတ် ရပ်စဲရေး လုပ်ငန်း၊၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အပေါ် သဘောထား ကိစ္စများကိုလည်း ဆွေးနွေး ဆုံးဖြတ် ခဲ့ပါသည်။
ပါတီ ညီလာခံမှ ရွေးချယ် လိုက်သော KNPP အမြဲတမ်း ဗဟို ကော်မီတီ ခေါင်းဆောင်သစ်များမှာ အေဘယ်ဒွိ (ဥက္ကဌ)၊ ဗိုလ်ချုပ် ဘီထူး (စစ်ဦးစီးချုပ်)၊ ဗိုလ်မှူးချုပ် အောင်မြတ် (ဒုဦးစီးချုပ်)၊ ဗိုလ်မှူးကြီး ဘုန်းနိုင်နှင့် ခွန်ရှားရယ်တို့ ဖြစ်ပါသည်။ ညီလာခံကို ထိုင်းမြန်မာ နယ်စပ် မဲဟောင်ဆောင် ခရိုင် ညာမို စခန်း တွင်ကျင်းပ ခဲ့ကြပါသည်။
KNPP ညီလာခံသည် (၄) နှစ်တကြိမ် ကျင်းပ ခဲ့ပြီး (၁၁) ကြိမ်မြောက် ညီလာခံကို၂၀၀၉ ခုနှစ်တွင် ကျင်းပ ခဲ့ပါသည်။ KNPP သည် ၁၉၄၈ ခုနှစ်တွင် စတင် တော်လှန်ခဲ့ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူရေးနှင့် အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေး အတွက် တိုက်ပွဲ ၀င်နေသော ပါတီဖြစ်သည်။



