ချင်းအမျိုးသား ညီလာခံ ကျင်းပရန် ချင်းပါတီများ ပြင်ဆင်

ချင်းအမျိုးသား ညီလာခံ ကျင်းပရန် ချင်းပါတီများ ပြင်ဆင်
by -
ရွှေဟင်္သာ

ချင်းအမျိုးသား ညီလာခံ ကျင်းပရေး အတွက် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲဝင် ပြည်တွင်း ချင်းပါတီ များနှင့် ချင်းလက်နက်ကိုင် အဖွဲ့ တို့အကြား ပူးပေါင်း ဆောင်ရွက် သွားရန် သဘောတူကြောင်း ချင်းအမျိုးသား ပါတီ မှပြောရေး ဆိုခွင့် ရှိသူ အထွေထွေ အတွင်းရေးမှူး ဆလိုင်း ကျဲအိုဘိထောင်က ပြောပါသည်။

 “ အဓိက ကတော့ ချင်းအမျိုးသား တွေရဲ့ အနာဂတ် အရေး ကိစ္စမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက် ကြမလဲ ဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ချင်းအမျိုးသား ညီလာခံ တရပ် ဖြစ်ပေါ်လာဖို့ ပြည်တွင်း ပါတီရော လက်နက်ကိုင် ပါတီတွေရော မူအရ သဘောတူ ကြပါတယ်” ဟု ဆိုပါသည်။

ညီလာခံကို (၂၀၁၃) ခုနှစ် အတွင်း ကျင်းပ သွားရန်နှင့် ချင်းပြည်နယ် မြို့တော် ဟားခါးမြို့တွင် ကျင်းပရန် ဆုံးဖြတ် ထားပါသည်။ ဤဆုံးဖြတ် ချက်ကို ချင်းအမျိုးသား ပါတီ (၅) ခုမှ ပြီးခဲ့သည့် မေလ (၃) ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသောအ စည်းအဝေးတွင် ဆုံးဖြတ် ခဲ့ပါသည်။

ယင်းပါတီ များမှာ (၁) ချင်းအမျိုးသား ပါတီ၊ (၂) ချင်းပြည်သူ့ ပါတီ၊ (၃) ဇိုမီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ (၄) တိုင်းရင်းသား လူမျိုးများ ဖွ့ံဖြိုး တိုးတက်ရေး ပါတီ နှင့် (၅) အရှိုချင်း အမျိုးသား ပါတီတို့ ဖြစ်ပါသည်။ ဤပါတီ များသည် ၂၀၁၀ ရွေးကောက် ပွဲဝင် ပါတီများ ဖြစ်ပါသည်။

ဤပါတီ များသည် လက်နက်ကိုင် လမ်းစဉ်ကို ကျင့်သုံး နေသော ချင်းအမျိုး သားတပ်ဦး (CNF) ကိုလည်း ညှိနှိုင်းပြီး သဘောတူ ခဲ့ကြပြီး ဖြစ်သည်ဟု ဆိုပါသည်။ (CNF )သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော အဖွဲ့ ဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် ဇွန်လတွင် ညီလာခံ ဖြစ်မြောက်ရေး ကော်မီတီကို ဖွဲ့စည်း သွားရန် ရှိသည်ဟု ဆိုပါသည်။

ညီလာခံ ဖြစ်မြောက်ရေး ကော်မီတီ၌ (CNF) ပါ၀င်ရန် လိုအပ် သဖြင့် ၄င်းတို့အား စောင့်ဆိုင်း နေခြင်းကြောင့် ကော်မီတီ ဖွဲ့ရန် ကြန့်ကြာ နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ချင်းအမျိုးသား တပ်ဦး မှလည်း ချင်းပါတီ များ၏ အမျိုးသား ညီလာခံ ကျင်းပရေး ဆုံးဖြတ် ချက်ကို ထောက်ခံကြောင်း ဥက္ကဌ ဦးလျံအုပ်က ဆိုပါသည်။

ယခု ကျင်းပရန် ရှိသည့် ချင်းအမျိုးသား ညီလာခံသည်၊ ချင်းလူမျိုး တို့၏ ပထမဆုံးညီလာခံ ဖြစ်ကြောင်း၊ ချင်းလူမျိုး တို့တွင် အမျိုး ကွဲပေါင်း (၅၀)ကျော် ရှိသည့် အတွက် စကား၊ စာပေ၊ ယဉ်ကျေးမှု နှင့် ရေမြေ တောတောင် သဘာဝ ဆက်သွယ်ရေး အခက်အခဲ အမျိုးမျိုး ကွဲပြားမှု ရှိနေမည် ဖြစ်သည်။ ဤသို့ကြောင့် ယခု ကျင်းပမည့် ချင်းအမျိုးသား ညီလာခံသည် ဤကွဲပြား မှုများကို မည်မျှ ပေါင်းစည်း ပေးနိုင် မည်နည်း ဆိုသည့် အပေါ်တွင်သာ မူတည် လိမ့်မည် ဖြစ်ပါသည်။

ဤသို့ကြောင့် ကျင်းပရန် ရှိသည့် ချင်းအမျိုးသား ညီလာခံသည် ချင်းလူထု၏ ထောက်ခံမှု မည်မျှ ရရှိမည် ဆိုသည့် အခြေနေ အပေါ် မူတည်ပြီး ကျယ်ပြန့် လာနိုင်မည် ဖြစ်ကြောင်း လေ့လာသူ များက ဆိုကြ ပါသည်။

Most read this week