သွေးစည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များသည် ဖွံ့ဖြိုးရေး အကူအညီ သစ်များ ရရှိရေး အတွက် ဂျပန် ဝန်ကြီးချုပ် သစ်နှင့် တွေ့ဆုံ နိုင်ရန် ယမာန်နေ့ည (၁၀) နာရီ ခန့်တွင် ဂျပန် နိုင်ငံသို့ ထွက်ခွာသည်ဟု ခရီးစဉ် ထဲ၌ ပါသော အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ဒီခရီးစဉ်ဟာ အဓိက ကတော့ ဂျပန် ဝန်ကြီးချုပ် သစ်နဲ့ တွေ့ဆုံ နိုင်ဖို့ပါပဲ၊ ၀န်ကြီးချုပ် အနေနဲ့ ကတော့ မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြား စေ့ရေးကို ပိုဦးစားပေး ချင်တယ်၊ ဒီတော့ သူက လက်ရှိ ကျွှန်တော်တို့ နိုင်ငံရဲ့ အခြေ အနေကို သိချင် နေတယ်။ ပြီးတော့ ဂျပန် ODA ကတဆင့် တိုင်းရင်းသား ဒေသတွေမှာ လိုအပ် နေတဲ့ ရိက္ခာ၊ ပညာ၊ ကျန်းမာ၊ ဆေးဝါး၊ စိုက်ပျိုးရေး စတဲ့ အကူအညီတွေ ဘယ်လို ထပ်ပေး ရမလဲ ဆိုတာ တွေကိုလည်း ဆွေးနွေး လိုတယ်ပေါ့။ ဒါကြောင့် ဒီခရီးစဉ် ဖြစ်သွား တာပါ” ဟု ဆိုပါသည်။
ဂျပန် ဝန်ကြီးချုပ် သစ်နှင့် တွေ့ဆုံ နိုင်ရန် နိပွန် ဖောင်ဒေးရှင်းမှ ကမကထပြု စီစဉ်ခြင်းဖြစ် ပါသည်။ ဤခရီးစဉ်၌ UNFC အဖွဲ့မှ ကိုယ် စားလှယ်ပေါင်း (၂၀) ကျော် ပါဝင်ပြီး တွဲဖက် အတွင်းရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာမှ ဦးဆောင်ပါသည်။ ဤကိုယ်စားလှယ်ထဲ၌ အထူး သဖြင့် UNFC ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့လည်းပါ၀င်ပြီး ခရီးစဉ်သည် မတ်ချ်လ (၃၁) ရက်နေ့မှ ဧပြီလ (၆) ရက်နေ့အထိ (၇) ရက်ခန့် ကြာ မည်ဖြစ်ပါသည်။
1/4/2013 ရက်နေ့ ဂျပန် နိုင်ငံ ဒေသ စံတော်ချိန် နံနက် ၁၁း၃၀ တွင် ပထမအသုတ် အဖြစ် ရောက်ရှိ လာသော UNFC အဖွဲ့ဝင်များ ဖြစ်သည့် KIO နှင့် KNPP ကိုယ်စားလှယ် တို့အား တွေ့ရစဉ် (ဓါတ်ပုံ - Mai Kyaw Oo Facebook)
ဤခရီးစဉ်၌ ဂျပန် ဝန်ကြီးချုပ် သစ်နှင့် တွေ့ဆုံခြင်း အပြင် ဂျပန်ရောက် မြန်မာ တိုင်းရင်းသား များနှင့် တွေ့ဆုံ ရန်လည်း ဧပြီလ (၂) ရက်နေ့နှင့် (၃) ရက်နေ့ များတွင် စီစဉ် ထားသည်ဟု ဆိုပါသည်။
ဂျပန် နိုင်ငံသည် UNFC အား လူသားချင်း စာနာမှု အကူ အညီအဖြစ် ဒေါ်လာ သုံးသန်း ထောက်ပံ့ ပေးခဲ့ ပါသည်။ ဤဘတ်ဂျက်သည် နိပွန် ဖေါင်းဒေးရှင်း မှတဆင့် UNFC (၁၁) ဖွဲ့ အပါ၀င် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) တို့အား လူသားချင်း စာနာသည့် အကူ အညီများ ပေးအပ် ခဲ့ပါသည်။
ယင်းအကူ အညီသည် ပြီးခဲ့သည့် ဂျပန် ၀န်ကြီးချုပ်ဟောင်း လက်ထက်က ထောက်ပံ့ ပေးခဲ့ခြင်း ဖြစ်ပြီး မတ်လတွင် သက်တမ်း ကုန်ဆုံးခဲ့ ပါသည်။ ဤသို့ကြောင့် အကူအညီ သစ်များ ထပ်မံ ရရှိ နိုင်ရန် ယခု ၀န်ကြီးချုပ် သစ်နှင့် ထပ်မံ ဆွေးနွေးခြင်း ဖြစ်ပါသည်။
“ကျနော်တို့ ဖက်က တင်ပြဖို့ ရှိတာက ဂျပန် နိုင်ငံရဲ့ လူသားချင်း စာနာတဲ့ အကူ အညီတွေဟာ ကျနော်တို့ တိုင်းရင်းသား ဒေသတွေမှာ ထပ်မံ လိုအပ် နေသေးတဲ့ အကြောင်း၊ ပြီးတော့ သူတို့ ပေးခဲ့တဲ့ အကူအညီ တွေကြောင့် ကျနော်တို့ ဒုက္ခသည် တွေမှာ ဘယ်လောက် အကျိုး ဖြစ်ထွန်း စေခဲ့တယ် ဆိုတဲ့ သက်သေ တွေပေါ့ အဲတာ တွေကို ကျနော်တို့ တင်ပြ သွားဖို့ ရှိပါတယ်။ သဘော ကတော့ ဂျပန် နိုင်ငံရဲ့ အကူ အညီတွေဟာ ငြိမ်းချမ်းရေး အတွက် အထောက်အကူ ဖြစ်တယ် ပေါ့ဗျာ။ အဲဒါကို ဂျပန် ၀န်ကြီးချုပ် သစ်ကို တင်ပြမယ်” ဟု ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် တာကပေါမှ ပြောပါသည်။
ထို့အပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီသည် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့နှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှု အကြို ညှိနှိုင်းပွဲ (၁/၂၀၁၃) ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မကြာခင်က ကျင်းပ နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ဤဆွေးနွေး ပွဲမှ နားလည်မှု ရရှိ ခဲ့သော မြန်မာ နိုင်ငံ၏ အမျိုးသား ရင်ကြား စေ့ရေး အခြေ အနေ များကိုလည်း ဂျပန် ၀န်ကြီးချုပ် သစ်အား တင်ပြ သွားမည် ဖြစ်ပါသည်။
ဂျပန် နိုင်ငံသည် UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့ တို့၏ နိုင်ငံရေး ဆွေးနွေးပွဲ များတွင် Observer (လေ့လာ စောင့်ကြည့်သူ) အနေဖြင့် တက်ရောက် လိုကြောင်း သဘောထား ပေးခဲ့ပြီး ဖြစ်ပါသည်။ ဤသို့သော ဆန္ဒကြောင့် အမျိုးသားရင်ကြား စေ့ရေး အခြေ အနေအား တင်ပြ လိုခြင်း ဖြစ်ပါသည်။ အလားတူ UNFC သည် ဂျပန် နိုင်ငံ ကဲ့သို့ပင် UN, အမေရိကန် (US), ဗြိတိသျှ (UK), တရုတ် (China), ထိုင်း(Thai) စသည့် နိုင်ငံ များကိုလည်း လေ့လာ စောင့်ကြည့်သူ (Observer) နိုင်ငံ များအဖြစ် တက်ရောက်ရန် ကမ်းလှမ်းထား ခဲ့ပါသည်။
ဤအထဲမှ အမေရိကန် နိုင်ငံ (US) အနေဖြင့် UNFC ၏ ဖိတ်ကြား ချက်ကို လက်ခံ သဘော တူကြောင်း ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့က အကြောင်းပြန် ခဲ့ပါသည်။ ဤကဲ့ သို့ပင် ထိုင်း အစိုးရ အားလည်း လာမည့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေး ပွဲတွင် ပါဝင် တက်ရောက် ပေးပါ ရန် UNFC ဖက်မှ လိုလား နေပါသည်။
ဤသို့ကြောင့် UNFC ၏ ယခု ခရီးစဉ်သည် အရေး ကြီးသော ခရီးစဉ် တခုဖြစ်သလို ဒုတိယ မြောက် ဂျပန်နိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါ သည်။



