အစိုးရအား စစ်ရေး ထိန်းချုပ် နယ်မြေများ သတ်မှတ် ပေးရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ တောင်းဆိုစာ ရေးသား ပေးပို့ ထားကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်ကြီး စိုင်းဆိုင်မိန်းက ဆိုသည်။
“ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဦးအောင်မင်းနဲ့ ကျနော်တို့ အဖွဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံမှာ တွေ့စဉ်က ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို မပျက်စီး စေရန်နှင့် နှစ်ဖက်စလုံး ထိန်းသိမ်း လုပ်ဆောင် ကြရန် ဦးအောင် မင်းက ပြောကြား ထားတယ်လေ။ အဲဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲ အားလုံး ကိစ္စဟာ အစိုးရ ဘက်ကဘဲ စပြီး ချိုးဖောက် နေတာကို တွေ့ရတယ်။ ဒါကြောင့် နယ်မြေ သတ်မှတ်ရေး ဆွေးနွေးပွဲကို တောင်းဆိုရခြင်း ဖြစ်တယ်။” ဟု ဆိုသည်။
အစိုးရနှင့် ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးအား ထိခိုက်လာမည် စိုးသဖြင့် နှစ်ဖက် နယ်မြေ သတ်မှတ်ရေး ဆွေးနွေးပွဲ ထပ်မံ ပြုလုပ်ပေးရန် RCSS/ SSA ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်မှ သမ္မတ ဦးသိန်းစိန်ထံ လိပ်မူ၍ စာရေး တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် RCSS တို့ အပစ်အခတ် ရပ်စဲရေး သဘော တူညီခဲ့သည့်နောက် ဒေသတွင်း တိုက်ပွဲ အကြိမ် (၅၀) ခန့် ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ ကတိချိုးဖောက်ပြီး နယ်မြေ ကျူးကျော် ၀င်ရောက်လာခြင်းကြောင့် ဖြစ်ကြောင်း စိုင်းဆိုင်မိန်းက ဆက်လက် ပြောဆိုသည်။
ထို့အပြင် လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ကလည်း RCSS ဌာနချုပ် နယ်မြေပြုလုပ်ရန် တောင်းဆိုထားသည့် မိုင်းထား ဒေသတွင် အခြေစိုက်ထားသည့် လွယ်မွတ်နမ့်လျဲန်း တောင်ကုန်းနှင့် ဟိုမိန်းဒေသရှိ လွယ်လန်းတောင် တပ်စခန်းတို့အား ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် အစိုးရဘက်က ရာဇသံ ပေးခဲ့ကြောင်း သိရသည်။
ယင်းတပ်စခန်းများအား RCSS ဘက်မှ ဆုတ်ခွာပေးခြင်း မရှိသည့်အပေါ် ရှမ်းပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးအောင်သူမှ လာရောက် ညှိနှိုင်းခဲ့ပြီး မတ်လ (၂၀) ရက်နေ့ အပြီး ဆုတ်ခွာပေးရန် ထပ်မံ ပြောဆိုခဲ့သည်။
သို့သော် ဟိုမိန်းဒေသရှိ လွယ်လန်းတောင်အား RCSS ဘက်မှ မတ်လ (၁၁) ရက်နေ့ကတည်းက ဆုတ်ခွာခဲ့သော်လည်း အစိုးရတပ်က ယင်းတပ်စခန်းအား လက်နက်ကြီးဖြင့် ပတ်ခတ်ခဲ့ကြောင်းနှင့် စခန်းသိမ်း တိုက်ပွဲသဏ္ဍာန်ပြုလုပ်သိမ်းယူခဲ့ကြောင်း သိရသည်။



