စီးပွားရေး စီမံကိန်း နေရာများတွင် စစ်ရေး လှုပ်ရှားမှု ပိုများလာ

စီးပွားရေး စီမံကိန်း နေရာများတွင် စစ်ရေး လှုပ်ရှားမှု ပိုများလာ
by -
ရွှေဟသာင်္

ရှမ်းပြည် မြောက်ပိုင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA၊ ရှမ်းပြည် တိုးတက်ရေး တပ်မတော် SSPP၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့၏ လှုပ်ရှား နယ်မြေ အတွင်း၌ အစိုးရ တပ်ဖွဲ့များ အင်အား တိုးချဲ့ ချထား နေကြောင်း SSPP ပြောရေး ဆိုခွင့် ရှိသူ တဦးက ဆိုပါသည်။

“ကျနော်တို့ SSPP ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ အစိုးရ ဘက်မှ ရာဇသံ ပေးထားတယ်။ အဲဒီ ရာဇသံ ပေးထားတဲ့  တပ်ရင်း (၁၉၂) လွယ်လန်းစခန်း ဘက်ကိုဘဲ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ကတည်းက လက်နက်ကြီးတွေ တပ်အင်အားတွေ ထပ်ပြီး ချခဲ့တယ်။ ဒီနေ့လဲ  မိုင်းရှုုးမြို့နယ် ဘက်မှာလဲ တပ်အင်အား အပါ၀င်ပေါ့ လက်နက် ခဲယမ်းတွေ ထပ်ဖြည့် ထားပြန်တယ်။”ဟု SSPP/SSA ပြောခွင့်ရ ဗိုလ်မှုုးဆိုင်လက ပြောပါသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်မြို့နယ်ရှိ SSPP/SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ် လန်းစခန်း ရှိရာ မိုင်ကောင်းဘက်သို့ သော်လည်းကောင်း၊ ရှမ်းပြည် အလယ်ပိုင်း ကွန်ဟိန်းမြို့နယ်မှ ကာလိ- မိုင်းရှုုးမြို့နယ် သို့ ဘီးတပ် လက်နက်ကြီးနှင့်တကွ တပ်အင်အား လက်နက်အင်အား များစွာ ဖြည့်တင်နေကြောင်း ဆိုပါသည်။ အင်အား ဖြည့်နေသည့် အစိုးရ တပ်ဖွဲ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့နှင့် အရှေ့လယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့တို့ ဖြစ်ကြောင်း ဆိုပါသည်။

ထိုနည်းတူ ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်မဟာ (၄) နယ်မြေ အတွင်းသို့လည်း အစိုးရ တပ်ဖွဲ့မှ တပ်အင်အား များစွာ တိုးချဲ့ ချထားနေကြောင်း KIA အရာရှိ တစ်ဦးက ဆိုပါသည်။ တအာင်း TNLA တပ်ဖွဲ့ တပ်စွဲထားသည့် တပ်နေရာ (၅) ခု အတွင်းသို့လည်း အစိုးရ တပ်ဖွဲ့များ လက်နက်အင်အား လူအင်အားများစွာဖြင့် ယမာန်နေ့တွင် ထပ်မံ တိုးချလာခြင်း ရှိ ကြောင်း အတွင်းရေးမှုုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော်က ပြောပါသည်။

SSPP တပ်ဖွဲ့များ စစ်ရေးလှုပ်ရှားနေချိန်(ဓါတ်ပုံ SSPP)

“မနေ့က ရှမ်းမြောက်ပိုင်း အစိုးရတပ်ဖွဲ့များက နမ့်ဆန်မြို့နယ်ဘက်မှာ စစ်ကြောင်း (၂) ကြောင်းတိုးချလာ ခဲ့တယ်။ နမ့်ခန်းမြို့နယ် ဘက်သို့ စစ်ကား အစီး (၃၀) ခန့် လားရှိုးမြို့မှ တက်လာတာ ရှိတယ်။ ကွတ်ခိုင်၊ မန်တုံဘက်မှာလဲ စစ်အင်အား တိုးလာတာ ရှိတယ်။ ကြည့်ရတာ ဗမာဘက်က ထိုးစစ် အကြီးအကျယ် ဆင်တဲ့ ပုံစံရှိတယ်။” ဟု ဗိုလ်မှုုးတာဘုန်းကျော် က ဆိုပါသည်။

အစိုးရ၏ ယင်းသို့ သော စစ်ရေး လှုပ်ရှားမှု များကြောင့် လက်ရှိ အပစ်ရပ် ထားသော တိုင်းရင်းသား အဖွဲ့များ နှင့် အစိုးရအ ကြား ပြုလုပ်နေသော အပစ်အခတ် ရပ်စဲရေး ကိစ္စနှင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုအပေါ် သံသယဖြစ်ဖွယ် ရှိလာသည်ဟု ဗိုလ်မှူးက ဆိုပါသည်။

အစိုးရ၏ စစ်ရေး လှုပ်ရှားများသည် ရခိုင်ပြည်နယ်မှ ရှမ်းပြည်မြောက်ပိုင်းသို့ သွယ်တန်းမည့် ဂစ်တ်ပိုင်းလိုင်း တလျှောက်၌ လှုပ်ရှား နေခြင်း ဖြစ်သည်။ ဤလမ်းကြောင်း၌ ရှိနေသော ကချင် KIA တပ်ဖွဲ့နှင့် တအာင်း TNLA တပ်ဖွဲ့တို့ကို ရှင်းလင်း တိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း KIA၊TNLA ဘက်က ဆိုပါသည်။ ၄င်းအပြင် SSPP/SSA တပ်ဖွဲ့များ နေရာကို စစ်ဆင်လိုခြင်းမှာ သံလွှင်မြစ် တလျှောက် ရေကာတာ တည်ဆောက်ရန် ရည်ရွယ်ထားသည်ဟု ခန့်မှန်း ထားကြောင်း SSA ဘက်မှ ဆိုပါသည်။

Most read this week