KNU လည်း ရာဇသံအပေး ခံရနိုင်ဖွယ်ရှိ

KNU လည်း ရာဇသံအပေး ခံရနိုင်ဖွယ်ရှိ
by -
ရွှေဟင်္သာ

ခိုင်မာသည့် အပစ်အခတ် ရပ်စဲရေး မပြုလုပ် နိုင်သရွေ့ အစိုးရ၏ ရာဇသံ ပေးခြင်းကို အချိန်မရွေး ခံရနိုင်ဖွယ် ရှိကြောင်း ကရင် အမျိုးသား အစည်းအရုံး KNU တွဲဖက် အတွင်းရေးမှူး ဗဒိုမန်းမန်းက ပြောသည်။

“ဘာမှ အတည်တကျ သဘော တူညီချက်တွေ မရရှိသေးတော့ တခြား တိုင်းရင်းသားတွေ ခံနေရသလို ကျနော်တို့ KNU အဖွဲ့ကလဲ အချိန်မရွေး အစိုးရရဲ့ ရာဇသံပေးခြင်းကို ခံရနိုင်ဖွယ် ရှိမှာဘဲ။ အဲတာကြောင့် အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့က ပြောနေတာဖြစ်ပါတယ်။” ဟု ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ မြဝတီမြို့ တွေ့ဆုံပွဲ၌ ကရင်ခေါင်းဆောင်များဘက်က ထပ်မံ တင်ပြခဲ့ကြောင်း သိရသည်။

လောလောဆယ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA၊ ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကောင်စီ RCSS/ SSA စသည့် ရှမ်းတပ်ဖွဲ့များအား တပ်စခန်းနေရာ ပြောင်းရွှေ့ပေးရေးနှင့် ပတ်သက်၍ အစိုးရတပ်က ဖိအားပေးခဲ့ရာမှ ယခုလအတွင်း တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်။

ယင်းကိစ္စအပေါ် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှု မရှိသည့် သဘော သက်ရောက်သည်ဟု KNU က ဝေဖန် ထောက်ပြခဲ့ပြီး အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုရှိစေရန် ၎င်းတို့ အနေဖြင့် အစိုးရထံ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်းနှင့် အစိုးရတပ်မှ KUN ကို အချိန်မရွေးဖိအားပေး လာနိုင်ကြောင်း ဗဒို မန်းမန်းက သုံးသပ် ပြောဆိုသည်။  

KNU နှင့် အစိုးရ နှစ်ဖက် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့၊ ဘားအံမြို့ ဇွဲကပင်ဟိုတယ် ဆွေးနွေးပွဲတွင် အချက် (၄) ချက်ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သလို စက်တင်ဘာလ (၃) ရက်နေ့က ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များနှင့် ဆွေးနွေးပွဲတွင်လည်း နှစ်ဖက်တပ်များ လိုက်နာသင့်သည့် ကျင့်ဝတ်ဆိုင်ရာများကို သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲ၌ KNU တပ်မဟာ (၁) မှ (၇) အထိ ဒေသများအတွင်း အစိုးရတပ် စခန်းပေါင်း (၃၀၀) နီးပါး တပ်စွဲထားသည့် အနက် နေရာ (၉၀) ခန့်ကို ရွှေ့ပြောင်း ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့သလို KNU ၏ တပ်နေရာ ချထားမှုကိုလည်း တင်ပြခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇန္နဝါရီလ (၅) ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့စဉ်ကလည်း တပ်နေရာ ချထားရေးကိစ္စများ ဆက်လက် ဆွေးနွေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။

 အထက်ပါ အခြေအနေများအရ အပစ်အခတ်ရပ်စဲရေးနှင့် တပ်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အစိုးရ၏ စစ်ဖက်ဆိုင်ရာ ခေါင်းဆောင်များနှင့် လာမည့် မတ်လတွင် ကရင်ပြည်နယ်အတွင်း ထပ်မံ တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက လွန်ခဲ့သည့် ဇန္နဝါရီလက ပြောဆိုခဲ့ ဖူးသည်။

Most read this week