အစိုးရတပ်၏ ခါယာတောင်ကျော စစ်ဆင်ရေး အောင်မြင်မှု မရသေး

အစိုးရတပ်၏ ခါယာတောင်ကျော စစ်ဆင်ရေး အောင်မြင်မှု မရသေး
by -
ရွှေဟင်္သာ

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO ဌာနချုပ် လိုင်ဇာအား စစ်ရေးအရ စိုးမိုးနိုင်သည့် (ပွိင့် ၁ဝ၁၂) ခေါ် ခါယာဘွမ် တောင်ကျောအား သိမ်းပိုက်ရန် အစိုးရတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေ သော်လည်း အောင်မြင်မှု မရသေးကြောင်း KIA ဘက်က ပြောဆိုသည်။

“ခါယာဘွမ်ကတော့ လိုင်ဇာအတွက် နောက်ဆုံး ခံကတုတ်ဆိုရင် မမှားပါဘူး။ ဒါကြောင့် အစိုးရက တန်ဘိုးကြီးကြီး ပေးပြီး ကြိုးစားနေတာပါ။ လက်နက်ကြီးဆိုရင်လည်း မြေဆူမတတ် ပစ်တယ်။ မြေပြင်တပ်ကိုလည်း အသေခံပြီး တက်တယ် ။ အသေခံတော့လဲ သေတာပေါ့ဗျာ။ ဒီနေ့ဆိုရင် မနက် (၄) နာရီကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ။ မြေပြင်တပ်ဖွဲ့နဲ့လည်း (၃) ဖက်သုံးတန် ကနေတက်တယ်။ ဒါတောင် တက်မရပါဘူး။ ဒီနေ့ကျတော့ လေယာဉ် မသုံးဘူးဗျ။ အဓိက လက်နက်ကြီးတွေဘဲ တအားသုံးတယ်။” ဟု ခါယာဘွမ် စစ်မျက်နှာရှိ တပ်မှူးတဦးက ပြောဆိုသည်။

အစိုးရတပ်များသည်၊ ခါယာတောင်ကျောကို မဒိယန်လမ်းကြောင်းမှ တကြောင်း၊ ၀ိုင်းမော်ပို့စ် လမ်းကြောင်းမှ တကြောင်း နှင့်လုံလောပို့စ်( ပွိုင့် ရ၇၁) မှတကြောင်း သုံးကြောင်းဖြင့် ပြင်းပြင်းထန်ထန် စစ်ဆင်နေကြောင်း သိရသည်။

ယခု စစ်ဆင်ရေးတွင် အစိုးရဘက်မှ လက်နက်ကြီးများ ထောင်နှင့်ချီ ပစ်ခတ်၍ စခန်းသိမ်းသည့် စနစ်ကို ကျင့်သုံးခဲ့ပြီး ယနေ့ နံနက် (၄) နာရီခန့်မှ စတင်လိုက်သည့် တိုက်ပွဲသည် နေ့လည် (၁၀) နာရီခန့်တွင် ခေတ္တရပ်နားပြီး မွန်းလွဲ တနာရီမှ ညနေ (၅) နာရီအထိ ပြန်လည် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ အင်တပ်ဘွမ်နှင့် ပွိုင့် (၇၇၁) တို့မှ ၁၀၅ မမ၊ ၁၅၅ မမ၊ ဟော်ဝစ်ဇာများ အပါအဝင် (၁၂၀) မမ တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း အဆိုပါ တပ်မှူးက ပြောဆို သည်။

“လက်နက်ကြီးကတော့ဗျာ ဘယ်လောက် ပစ်တယ်ဆိုတာ မမှန်းနိုင်တော့ဘူး။ စက်အမြောက်လိုဘဲ။ အလက်ပေါင်း လဲမနည်းဘူး ထင်ပါတယ်။ လေယာဉ်က (၂) ရက်ရှိပြီမသုံးတာ ဒီခါယာတောင်မှာပေါ့။ ဘယ်လို ရည်ရွယ်ချက် လဲတော့ မသိဘူး။ ဒါပေမဲ့ လက်နက်ကြီးကို ပိုသုံးတယ်ဗျ။ ပြီးတော့ မြေပြင်တပ်ကို အင်အားတိုးပြီး တက်တယ်ဗျ။” ဟု ပြောဆိုသည်။

အလားတူ KIA တပ်မဟာ ၁ လက်အောက်ခံ ပန်ဝါဒေသ တဝှိုက် အပါအဝင် နယ်ခြားမှတ်တိုုင် ၅ နှင့် ၆ အကြားတွင်လည်း မြေပြင်တိုုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း KIA ဘက်က ပြောဆိုသည်။ 

Most read this week