ကချင်ပြည် ဖားကန့်မြို့နယ်၌ တိုက်ပွဲ ပြင်းထန်နေ

ကချင်ပြည် ဖားကန့်မြို့နယ်၌ တိုက်ပွဲ ပြင်းထန်နေ
by -
ရွှေဟင်္သာ

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ် လုံးခင်း ကျေးရွာ အုပ်စု တောမှော်၊ လမောင်ကုန်း စတဲ့ ရွာ တစ်ဝိုက်ရှိ KIA တပ်ရင်း (၆) တပ်စခန်းကို အစိုးရ တပ်များက ယနေ့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် နေကြောင်း KIA တပ်မဟာ (၂) မှ အရာရှိ တစ်ဦးက ပြောသည်။

“ဖားကန့် မြို့နယ်မှာ ရှိတဲ့ ကံစီ ကျေးရွာ အနီးရှိ နမ်မောဘွမ် (ဆန်ခါမောဘွမ်) မှာ ရှိတဲ့ တပ်ရင်း (၆) စခန်းကို မနေ့ (၁၁) နာရီ ကတည်းက တိုက်လာတာပါ။ ဒီနေ့ မနက် ၁၀ နာရီ အချိန်မှာလည်း တိုက်ပွဲတွေ ထပ်ဖြစ်တယ်။ ပြီးတော့ ပန်ကြာမောဘွမ် တောင်ဖက်မှာလဲ ကြိုကြား ကြိုကြား ဖြစ်နေတယ်။” ဟု ဆိုသည်။

ယင်းတပ်စခန်းအား ယမန်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သလို အစိုးရတပ်က ရဟတ်ယာဉ် (၂) စင်း အသုံးပြု၍ တိုက်ခိုက်ခဲ့သော်လည်း အစိုးရတပ်ဘက်က ထိခို်က နစ်နာမှုများကြောင်း KIA ဘက်က ပြောဆိုသည်။

တိုက်ပွဲတွင် အထိနာခဲ့သော အစိုးရ တပ်ဖွဲ့များသည် အိမ်ခြေတရာ မျှရှိသည့် နားလုံ ကျေးရွာအား ယနေ့ညနေ (၃) နာရီ (၁၅) မိနစ် အချိန်တွင် မီးရှို့ ခဲ့ပါသည်။  

“ဒီနေ့လည်း လေယာဉ် ၂ စင်းနဲ့ လာပျံဝဲ ခဲ့သေးတယ်။ ပစ်ခတ်မှုတော့ မရှိသေးဘူး။ တိုက်ပွဲ ကတော့ ဆက်ဖြစ်နေဆဲပါ။ KIA တပ်စခန်းကို သိမ်းဖို့ အစိုးရ တပ်က  လာတိုက်နေတာ ဖြစ်တယ်” ဟု ၄င်းက ဆိုသည်။

ထို့ပြင် ဖါးကန့် ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် KIA တပ်ရင်း(၆) ဧရိယာရှိ ကံစီးကျေးရွာ ပတ်ဝန်းကျင်အား နေ့စဉ် ပစ်ခတ် နေခြင်းကြောင့် လီဆူး တိုင်းရင်းသားများ အခြေချ နေထိုင်သည့် ဗော်ဇာဒီး ရွာသားများက လုံးခင်း ကျေးရွာ ဖက်သို့ ပြောင်းရွှေ့ခဲ့ရသည်။  

ဖါးကန့်လွင်ပြင်၏ အလှတရားများ

အလားတူ ဇန်နဝါရီလ (၁၆) ရက်နေ့ မွန်းလွဲ (၃) နာရီ အချိန်ခန့်က ဖားကန့်မြို့ ဗျူဟာကုန်းမှနေ၍ မော်ဝမ်းကျေးရွာရှိ နှစ်ခြင်း ခရစ်ယာန် အသင်းတော် ဘုရားရှိခိုး ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) အား သိမ်းပိုက်ရန် အစိုးရဘက်က ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း KIA ဘက်က သုံးသပ်ပြောဆိုခဲ့ပြီး ယခုလ (၁၄) ရက်နေ့ ကတည်းက ထိုးစစ်စတင်ခဲ့ကြောင်း နှင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ ချီတက်လာကြောင်း KIA တပ်မှူးက ဆိုသည်။
 
အလားတူ ဖားကန့် မြို့ခံ တဦးကလည်း “အစိုးရ တပ်ဖွဲ့တွေ စစ်ယာဉ်တန်းနဲ့ တက်လာတိုင်း တိုက်ပွဲဖြစ်လေ့ ရှိတယ်ဗျ။ အခုလဲ ကြည့်ပေါ့ဗျာ ယာဉ်တန်းနဲ့ တက်လာတာ မကြာသေးဘူး တိုက်ပွဲကစနေပြီလေ။ မနေ့က တိုက်ပွဲ အပြင်းအထန် ဖြစ်တော့ မော်ဝမ်းကျေရွာက ခရစ်ယာန် ဘုရားရှိခိုး ဆုတောင်း ကျောင်းဆောင်ကို ဖားကန့်မြို့ ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီး လိုက်တယ်ဗျ။” ဟု ဆိုသည်။

Most read this week