ယမန်နေ့က ကချင်ပြည် လွတ်လပ်ရေးတပ်မတော် KIA မှ လက်လွတ်လိုက်သည့် ကာကင်းစခန်းရှိ အစိုးရ တပ်များသည် တပ်ရင်း (၂၄) ဌာနချုပ်စခန်း တည်ရှိရာ ဖွန်းပျန်ဘွမ်အား ဆက်လက် သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ဟု တိုက်ပွဲ ကြီးကြပ်နေသည့် KIA အရာရှိ တဦးက ပြောသည်။
“(၅) ကြိမ်တိတိ တက်ထိုးတယ်။ တက်လာတိုင်း လန်ကျသွားပါတယ်။ မနက်က (၁၀) နာရီ လောက်မှာ တိုက်ပွဲစပါ တယ်။ အပြန်အလှန် အနီးကပ် တိုက်ခိုက် ပါတယ်။ တကြိမ်တက်တိုင်း လန်ကျတာနဲ့ ဆုတ်တယ်။ ပြီးတော့ တပ်ပြင် ပြီးတာနဲ့ ပြန်တိုက်တယ်။ အကျအဆုံးများ လိမ့်မယ် ထင်တယ်၊ နောက် (၅) ကြိမ်လဲ ပြည့်တော့ ဆုတ်သွားခဲ့တယ်။ အဲဒါနဲ့ ကျနော်တို့က မနေ့က သူတို့ သိမ်းထားတဲ့ လကန်ဘွမ်ပိုစ့် ကာကင်းကို ပြန်တိုက်ပြီး ၀ိုင်းထားလိုက်တယ်။ လက်နက် ကြီးတွေကတော့ ပွိုင့် (၇၇၁) ကနေ တလစပ် မနားတမ်းပစ်ပေးခဲ့တယ်။ လေယာဉ်ကတော့ ဒီနေ့ မလာဘူးဗျ။” ဟု ဆိုသည်။
http://www.facebook.com/photo.php?v=408792725867599&set=vb.100002106266061&type=2&theater
ယင်းစခန်းအား တက်ထိုးနေသည့် အထူးတပ်များနှင့် စကခ(၂၁)တပ်ဖွဲ့များကို Bum Re Bum ခေါ် ပွိုင့် ရ၇၁ အောက် ဖက်ရှိ လုံလော့ အစိုးရ စခန်းမှ တပ်ဖွဲ့များက စစ်ကူပေးနေကြောင်း သိရသည်။ သို့သော် ယင်းစစ်ကူတပ်များနှင့် KIA တပ်ရင်း (၂၃)မှ ချထားသော တပ်ဖွဲ့များ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် အကူတပ်များလည်း ပြန်လည် ဆုတ်ခွာခဲ့ရကြောင်းနှင့် KIA ဘက်က ၀ုိင်းရံ ပိတ်ဆို့ထားပြီး ယနေ့ညနေ ၄ နာရီ အချိန်ခန့်အထိ တိုက်ခိုက်နေဆဲဖြစ်သည်ဟု KIA ဘက်က ပြောဆိုသည်။
![]()
ယနေ့ တိုက်ပွဲတွင် အစိုးရ အထူးတပ်များ ပိတ်မိနေသော်လည်း ဒင်းနေရာသို့ လေကြောင်းမှ တိုက်ခိုက်ခြင်း မရှိပေ။ အစိုးရနှင့် KIA နှစ်ဘက်တပ်များ ရှုပ်ထွေးနေသည့်အတွက် လေကြောင်းပစ်ကူ မသုံးဖြင်း ဖြစ်နိုင်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုခဲ့သော်လည်း မြစ်ကြီးနား-လိုင်ဇာ လမ်းကြောင်းပေါ်ရှိ နမ့်ဆန်ယန် ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက လေကြောင်းမှ ဗုံးကျဲခဲ့ကြောင်း သိရသည်။
ယနေ့ တိုက်ပွဲတွင် နှစ်ဖက် မြေပြင်တပ်များ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း အစိုးရဘက်မှ လက်နက်ကြီး ပစ်အား အသုံးပြုမှု နည်းပါးကြောင်းနှင့် ဒေါ့ဖုန်းယန် အထက်ဖက်ရှိ ဟန်းကိုင်တောင်မှ အစိုးရ လက်နက်ကြီး ပစ်ကူများအား KIA မှ ယမန်နေ့က သွားရောက် တိုက်ခိုက်ခဲ့သည့်အတွက် လက်နက်ကြီး ပစ်ကူ နည်းပါးခြင်း ဖြစ်နိုင်ကြောင်း အကဲခတ်များက သုံးသပ်ပြောဆိုသည်။



