လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်

လိုင်ဇာဌာနချုပ်ကို သုံးဖက်သုံးတန်မှ စစ်ဆင်ရန် အစိုးရပြင်ဆင်
by -
ရွှေဟင်္သာ

Gho ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ်ကို သုံးဖက် သုံးတန်မှ တိုက်ခိုက်ရန် အစိုးရတပ်က စစ်ရေးအရ ပြင်ဆင်နေကြောင်း KIO အဖွဲ့က ပြောဆိုလိုက်သည်။

“ကျနော်တို့ ဗဟိုကို လမ်းကြောင်း (၃) ခုကနေ ချဉ်းကပ်ဖို့သူတို့ ပြင်ဆင်နေတာရှိတယ်၊ ဂန်တောင်ယန် - ဝိုင်းမော်လမ်းကြောင်း၊ ဒေါ့ ဖုန်းယန်း - ဗန်းမော်လမ်းကြောင်း၊ စတန်ပါမှာ ဗျူဟာ တစ်ခု ဖွင့်ထားပြီး တစ်ကြောင်း ချထားတယ်၊ အဲဒီ သုံးကြောင်းနဲ့ ကျွှန်တော်တို့ဌာန ချုပ်ကို စစ်ဆင်ရေးကြီးလုပ်မယ့် အနေအထားရှိတယ်” ဟု KIA ပြောခွင့်ရ ဦးလနန်မှ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောသည်။

လောလောဆယ် အနေအထားအရ ဒေါ့ဖုန်းယန်း - ဗန်းမော် လမ်းကြောင်း၌ အစိုးရတပ် အင်အား (၄၀၀) ခန့်နှင့် စတန်ပါ ဗျူဟာ လမ်းကြောင်း၌ အင်အား (၄၀၀) နီးပါးခန့် ရောက်ရှိနေကြောင်း၊ ထို့အပြင် ဂန်တောင်ယန် - ဝိုင်းမော် လမ်းကြောင်း၌ စစ်ကား (၁၀) စီးဖြင့် အင်အား (၂၀၀) ကျော်က လက်နက်ကြီး များနှင့် ရောက်ရှိနေပြီး စုစုပေါင်း တပ်ရင်း (၈) ရင်းခန့် အင်အား ဖြည့်တင်းထားကြောင်း သိရသည်ဟု ဦးလနန်က ဆက်ပြောသည်။

ထို့အပြင် ယခုစစ်ဆင်ရေးအတွက် အသုံးပြုရန် အထူးတပ်ရင်း (ကွန်မန်ဒို) များလည်း ပါဝင်နေသလို ရဟတ်ယာဉ်များဖြင့် လေကြောင်း ပစ်ကူများ ပိုမိုအသုံးပြုပြီး လက်နက်ကြီးများ ယခင်ကထက် ပိုမိုအသုံးပြု ဖွယ် ရှိသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

ထို့အပြင် KIA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုအား ကာကွယ်ရန် အစိုးရတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းများက ပစ်ကူပေးနေခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီလို ပြင်ဆင်မှုတွေကိုကြည့်ရင် ဒါဟာ ကျွှန်တော်တို့ လိုင်ဇာကို စစ်ဆင်ရေး လုပ်မယ့် အနေအထားလို့ တွက်လို့ရပါတယ်၊ ဒီနေရာမှာ သူတို့ကလက်နက်ကြီးနဲ့ လေကြောင်းပစ်ကူကို အဓိကထားပြီး ပြင်းပြင်း ထန်ထန်ကို အရင်တိုက်လာနိုင်ဖွယ်ရှိပါတယ်၊ ဒါပေမဲ့ သူတို့ထင် သလို ဖြစ်ချင်မှဖြစ်မှာပါ” ဟု ဦးလနန်က ပြောသည်။

ဓါတ်ပုံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် (KIA)

လက်ရှိအခြေအနေ၌ လိုင်ဇာဌာနချုပ်နှင့် အနီးဆုံးနေရာသို့ အစိုးရတပ်များ ချဉ်းကပ်ရောက်ရှိနေသည့် အတွက် ယခုရက်ပိုင်းအတွင်း ပြင်းထန်သည့် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင်ဖွယ်ရှိသည်ဟု KIA မှ တွက်ဆထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၄) ရက်နေ့ လဂျားယန်စစ်ဆင်ရေး၌ အစိုးရတပ်က အင်အား (၄၀၀) ခန့်အသုံးပြုခဲ့ သလို ထိခိုက်ဒါဏ်ရာရသူ တစ်ရာခန့် ရှိနိုင်ကြောင်းနှင့် ဒဏ်ရာ ရသူများအား ရှေကတန်းစစ်မြေပြင်တွင် ချန်ထားခဲ့ကြောင်း ဖမ်းဆီမိသည့် သုံ့ပန်းများက ပြောကြောင်း ဦးလနန်က ဆိုသည်။  

Most read this week