၈၈ ကျောင်းသား ကိုမြအေး လာရောက် တွေ့ဆုံမှုကို KNPP ကြိုဆို

၈၈ ကျောင်းသား ကိုမြအေး လာရောက် တွေ့ဆုံမှုကို KNPP ကြိုဆို
by -
ရွှေဟင်္သာ

ကိုမြအေး ဦးဆောင်သည့် (၆) ဦးပါ ၈၈ ကျောင်းသားများ အဖွဲ့သည် လာမည့် စက်တင်ဘာလ (၁၀) ရက်နေ့ တွေ့ဆုံရေး အစီအစဉ်၌ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ ထိန်းချုပ် နယ်မြေသို့ အရောက် လာနိုင်လျှင် ပိုမို သင့်တော်ကြောင်း KNPP အတွင်း ရေးမှူး (၂) ဦး အောင်ဆန်းမြင့်မှ ပြောပါသည်။

ဇွန်လ(၈)ရက်နေ့၌လည်း ကိုမြအေးတို့အဖွဲ့သည် KIO အဖွဲ့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့

“ လွိုင်ကော်မှာက ကျွှန်တော်တို့ ဆက်ဆံရေးရုံး တာဝန်ခံ တစ်ယောက် နှစ်ယောက်ပဲ ရှိတယ်လေ၊ အဲဒီမှာ ကျွှန်တော်တို့ ခေါင်းဆောင်ကြီး တွေသိပ်မှမရှိတာ၊ ဖြစ်နိုင်ရင် ကျွှန်တော်တို့ ထိန်းချုပ် နယ်မြေကို လာနိုင်ရင် ပိုကောင်းတာပေါ့၊ ဒီမှာ ခေါင်းဆောင်ကြီး တွေနဲ့ တွေ့ရမယ်၊ ဒါမှ ငြိမ်းချမ်းရေး ကိစ္စတွေကို အကျယ်တဝင့် ဆွေးနွေးနိုင်မယ်လေ” ဟု အတွင်း ရေးမှူး (၂) ဦးအောင်ဆန်းမြင့်မှ ပြောပါသည်။

ကိုမြအေးမှာ ၈၈ ကျောင်းသား အဖွဲ့အစည်း အတွင်း၌ ငြိမ်းချမ်းရေး ကိစ္စရပ်များကို ဆောင်ရွက်ရန် အတွက် အဓိက တာဝန် ယူထားသူတစ် ဦးဖြစ်ပါသည်။

“အဆိုပါ ခရီးစဉ် အတွင်း၌ လက်ရှိ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်း တွေရဲ့ အခြေအနေ၊ အပစ်အခတ် ရပ်စဲထားတဲ့ အပေါ်မှာ ရှိနေတဲ့ အခြေအနေ၊ နောက်အနာဂတ် အတွက်ကို တိုင်းရင်းသားတွေ တန်းတူ ညီမျှရေး အခွင့်အရေးတွေ ရရှိ ဖို့အတွက် ဘယ်လို ပူးပေါင်း ဆောင် ရွက် မလဲဆိုတဲ့ အပိုင်းပါပဲ။ ဒါတွေ ကျွန်တော်တို့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ တဖြေးဖြေးတော့ ကျွန်တော်တို့ လိုချင်တဲ့ တိုင်းပြည် ငြိမ်း ချမ်းဖို့ ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ် လာဖို့ဆိုတဲ့ ဟာကိုတော့ အားလုံး ဝိုင်းဝန်း လုပ်မှ ရမှာ ဆိုတော့ အဲဒီအခြေခံ သဘောတရားဟာကိုပဲ ဆုတ်ကိုင် ထားပြီး ဆွေးနွေး သွားမှာပါ ဟု ကိုမြအေးမှ RFA သတင်း ဌာနနှင့် မေးမြန်းခန်း၌ ထုတ်ဖော်ပြောကြား ခဲ့ပါသည်။

သို့သော်လည်း လက်ရှိ အစိုးရနှင့် တိုင်းရင်းသားတို့ အကြား ဖြစ်ပွားနေသည့် ပဋိပက္ခမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာစစ်တပ်ကြား ဖြစ်ပွားနေသည့် ပြသနာရပ် ဖြစ်၍ ပြေလည်ရန် ခက်ခဲကြောင်း ဦးအောင်ဆန်းမြင့်မှ ပြောပါသည်။

၄င်းခရီးစဉ် အတွင်း၌ ကိုမြအေး ဦးဆောင်သည့် (၈၈) ကျောင်းသားများ အဖွဲ့တို့သည့် KNPP ခေါင်းဆောင်များနှင့် တွေ့ဆုံရန်ရှိသလို ကရင် နီလူငယ်အဖွဲ့အစည်း များနှင့်လည်း တွေ့ဆုံရန် ရှိသည်ဟုဆိုပါသည်။

 “ကျွှန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ၏ သဘော တူညီချက် တွေက လွှတ်တော်တွေမှာ တရားဝင် ဥပဒေနဲ့ တိတိကျကျ ဖြစ် မလာ သေးဘူး၊ ကျွှန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေ ကလည်း နိုင်ငံတော် လုံခြံုရေးကို ထိပါး လောက်အောင်ကို တပ်နေ ရာ ချထားဖို့ မတောင်းဆိုကြ ပါဘူး၊ ဒါကြောင့် အစိုးရ စစ်တပ်နဲ့ ကျွှန်တော်တို့ ကြားမှာ အကြေအလည် ညှိုနှိုင်း ရအုံးမှာ ဖြစ်ပါတယ်၊ အခု လိုမျိုး ကြားလူ ပါလာ ပြီးတော့ ဝိုင်းဝန်း ဆောက်ရွက် ပေးတာတော့ ကျွှန်တော်တို့ ကြိုဆိုတယ်၊ သူတို့ ဘယ်လောက် အတိုင်းအတာ အထိ လုပ်နိုင်မလဲ ဆိုတာ ကျွှန်တော်တို့ မပြောနိုင်ဘူး၊ ကျွှန်တော်တို့ စောင့်ကြည့် သွားပါ့မယ်” ဟု ဦးအောင်ဆန်းမြင့်က ပြောပါသည်။

အစိုးရနှင့် KNPP တို့ သည် အချက် (၁၄) ချက်ပါ ပြည်ထောင်စု အဆင့်သဘော တူညီချက်ကို လက်မှတ်ရေးထိုး ခဲ့ပါသည်။ အဆိုပါ (၁၄) ချက်၌ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး အဖွဲ့ ထားရှိရန်၊ အပစ်အခတ် ရပ်စဲရေး ကာလ၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ စောင့် ကြည့်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ နေရာချထားရေး အတွက် ဆွေးနွေးကြရန် သဘောတူထားကြပြီးဖြစ်သည်။

နှစ်ဖက် တပ်များ အခြေအနေ မှာလည်း လောလောဆယ်၌ နှစ်ဖက်စလုံး မှ ပြသနာမဖြစ်ရန် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေကြရ သည်ဟုသိရှိရပါသည်။
KNPP နှင့် အစိုးရတို့၏ ပြည်ထောင်စု အဆင့် တွေ့ဆုံပွဲကို လာမည့်လအတွင်း ပြုလုပ်သွားရန်ရှိသည်ဟု ဦးအောင်ဆန်းမြင့်မှ ပြောပါသည်။ ယခု လောလောဆယ်၌ အစိုးရဘက်မှ တွေ့ဆုံပွဲများ ထပ်နေ၍ တွေ့ဆုံရန် မအားသေးကြောင်း အကြောင်း ပြန်ထားပါသည်။

Most read this week