ကချင် ဒုက္ခသည် အရေး တရုတ်တို့ စိတ်မအေးဖွယ် သဘောထား

ကချင် ဒုက္ခသည် အရေး တရုတ်တို့ စိတ်မအေးဖွယ် သဘောထား
by -
ရွှေဟင်္သာ

UNHCR ပါ၀င် ပတ်သက် လာမည်ကို စိုးရိမ်သဖြင့် တရုတ်နိုင်ငံထဲ၌ ကချင်ဒုက္ခသည်များ မရှိကြောင်း၊ ငြင်းဆန်နိုင်ရန် တရုတ်ပြည်ရောက် ကချင်ဒုက္ခသည်တချို့အား နှင်ထုတ်နေရခြင်းဖြစ်ကြောင်း၊ KIO အရာရှိ တဦးကပြောပါသည်။

ယန်းလုစခန်းမှ ဒုက္ခသည်များ ပြောင်းရွေ့နေပုံ
“ ဒါကတရုတ်တို့ရဲ့ ပြည်တွင်းရေးပေါ်လစီကို ကျနော်တို့က မဝေဖန်လိုပါဘူး။ သူတို့ကတော့ UNHCR က ပါ၀င်ပတ်သက် လာမှာကို မလိုချင်ပါဘူး။ ဒါကြောင့် တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ရွေ့ဖို့ဖြစ်လာတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်။ အခုရွေ့မဲ့နေရာကလည်း တရုတ်မြန်မာနယ်စပ်ရဲ့ တရုတ်ဖက်ခြမ်းမှာ ပါဘဲ။ အတွင်းပိုင်းတော့မဟုတ်ဘူး၊ နယ်ခြားမှာပါ” ဟုဆိုပါသည်။

ပထမသုတ် အဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်ခရိုင် နမ်းခမ်းမြို့နယ်၊ တရုတ်ပြည် နောင်တောင်းခရိုင် ရွှေလီမြို့ နယ်စပ်ရှိ ဒုက္ခသည်စခန်း ခြောက်ခုထဲတွင် ယန်လုစခန်းမှ အိမ်ထောင်စု၊ (၁၀၈) စု၊ လူဦးရေ (၅၄၂) ဦး၊ နှင့် လောဝ်ဖိုင်စ ခန်းမှ အိမ်ထောင်စု (၄၈) စုထဲမှ လူဦးရေ (၁၀၀) ခန့်သည် နယ်စပ်ရှိ လာနာဇွတ်ဂျာ (Lana Zup Ja) စခန်းသို့ ယမန်နေ့က စတင်ရွေ့ပြောင်းစေခဲ့ပါသည်။

 အဆိုပါစခန်း (၆) ခုမှာ-၁ ။ Yang Lu  ( ယန်လု )။ ၂ ။ Lau Hpai (လောဝ်ဖိုင် )။ ၃ ။ Lung Krawk (လုံဂရောက် )။ ၄ ။ Na Kawng Kawng  (နားကောင်းကောင် )။ ၅ ။ Hka dawng Pa (ခဒေါင်ပါ )။ ၆ ။ Nga Nawng Pa (ငါနောင်ပါ ) တို့ဖြစ်ပါ သည်။ ယင်း စခန်း (၆) ခုတွင် နေထိုင်သည့် ဒုက္ခသည်ပေါင်း (၄၆၀၀) ခန့်ရှိသည်။ ဤဒုက္ခသည်များကို လာနာဇွတ်ဂျာ စခန်းသို့ ပြောင်းရွေ့မည်ဖြစ်သည်။ ဤဒုက္ခသည်စခန်း နေရာသည် တရုတ်မြန်မာ Gass ပိုက်လိုင်းများ ဖြတ်သန်း သွားရာ နေရာဒေသလည်းဖြစ်ပါသည်။

လာနာဇွတ်ဂျာ စခန်းသည်၊ ကချင်ပြည်နယ်၊ မန်စီမြို့နယ် ၊လွယ်ဂျာဒေသရှိ တရုတ်နယ်စပ် ဘက်ခြမ်း၌ ရှိပါသည်။ KIA တပ် မဟာ (၃) ဒေသတပ်ရင်း (၁) ဧရိယာဖြစ်ပါသည်။ လာနာဇွတ်ဂျာ စခန်းသည် ဒုက္ခသည်ဦးရေ တသောင်းကျော် ရှိပြီး၊ ထပ် တိုးဒုက္ခသည် များ အတွက် လူနေစခန်းသစ်များ ပြုပြင်တည်ဆောက်ပေးနေပါသည်။ အဆိုပါပြောင်းရွေ့ ဒုက္ခသည်များကို ဤစခန်းသို့ ပြောင်းရွေ့ခိုင်းပါသည်။

ရွှေလီရှိ တရုတ် အာဏာပိုင် များသည်၊ ပြောင်းရွေ့ရမှု အခြေအနေများကို သတင်းမပေါက်ကြားနိုင်ရန် ပြောင်းရွေ့့နေစဉ် ဓါတ်ပုံရိုက်ကူးခွင့်နှင့် မှတ်တမ်းတင်ခွင့် မပေးဘဲ တားမြစ်ခဲ့သည်ဟု ဒုက္ခသည်စခန်း တာဝန်ခံများက ဆိုပါသည်။ သို့ သော် ဒုက္ခသည်များကို ပြောင်းရွေ့ရာတွင် သယ်ယူပို့ဆောင်ရေးအတွက် ကားများငှားရမ်းခွင့်ကိုမူ အကူညီပေးခဲ့ပါသည်။

ဤပြောင်းရွေ့ရေး အစီစဉ်ကို ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ရွှေလီမြို့ အာဏာပိုင်များက KIO တာဝန်ရှိသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပြီး သြဂုတ်လကုန်တွင် အပြီးပြောင်းရွေ့ရန် တိုက်တွန်းထားခဲ့ခြင်း ဖြစ်ပါသည်။

UNHCR အရာရှိများသည်၊ ထိုင်းနိုင်ငံရှိ တရုတ်သံအရာရှိများနှင့် ပြီးခဲ့သည့်ဇူလိုင် (၅) ရက်နှင့် (၆) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ဇူလိုင် (၁၁) ရက်နေ့တွင် နေပြည်တော်သို့ သွားရောက်ခဲ့ပါသည်။ UNHCR အရာရှိများ၏ ဤခရီးစဉ် နောက်ပိုင်းမှသာ တရုတ်သည် သြဂုတ်လအကုန်တွင် ကချင်ဒုက္ခသည်များ အပြီးပြောင်းရွေ့ရန် KIO အားဖိအားပေးမှု ဖြစ်လာစေခဲ့ပါသည်။
KIA ထိမ်းချုပ်သော ကချင်စစ်ပြေးဒုက္ခသည်စခန်းတနေရာ (ဓါတ်ပုံ အင်တာနက်)
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ပြေး ဒုက္ခသည်များအတွက် အမေရိကန် ဒေါ်လာသုံးသန်း အကူအညီပေးမည်ဟု ဇူလိုင်လ (၂၀) ရက်နေ့တွင် သံအမတ်သစ်ဒယ်ရစ်မက်ချဲက သတင်းစာရှင်းလင်း ကျင်းပပြီးပြောဆိုခဲ့ပါသည်။ ဤငွေကို ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့ WFP မှတဆင့် အမေရိကန်ထောက်ပံ့ရေးအဖွဲ့ (USAID) ၏ငြိမ်းချမ်းရေး အတွက် စားနပ်ရိက္ခာFood for Peace  မှဖြန့်ဝေမည်ဖြစ်သည်။

အကယ်၍ တရုတ်ပြည်နယ်စပ်၌ ကချင်ဒုက္ခသည်များ ရှိနေပါက တရုတ်ပြည်သည် UNHCR နှင့် မုချ ပူးပေါင်းဆောင်ရွက်ရ ပေတော့မည်။ ဤကဲ့သို့ တရုတ်နယ်စပ်သို့ အမေရိကန်ဝင်ရောက်လာမှုကို မနှစ်မြို့သော တရုတ်သည် သူ၏နယ်စပ်၌ က ချင်စစ်ပြေးဒုက္ခသည်များ မရှိဟု ငြင်းဆိုနိုင်ရန် ယခုလိုဒုက္ခသည်များကို အတင်းပြောင်းရွေ့ခိုင်းနေခြင်း ဖြစ်သည်ဟု ဒုက္ခ သည်အရေးကို လေ့လာနေသော သူများက ထောက်ပြနေကြပါသည်။

Most read this week