ဂိတ်ကြေးကို သုံးပုံတပုံ လျှော့ချ

ဂိတ်ကြေးကို သုံးပုံတပုံ လျှော့ချ
by -
ရွှေဟင်္သာ

ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံ ရွာကြားရှိ ဂိတ်ကြေး များကို သုံးပုံတပုံ လျှော့ချ ခဲ့သည်ဟု မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါသည်။ ထို့ပြင် အရှည် (၉) မိုင် ရှိသည့် လမ်းတွင် ဂိတ် (၈) နေရာ ထားရှိ ရာက အခု (၃) နေရာသာ ထားရှိမည် ဖြစ်သည်။

Three_02

“ဂိတ်နေရာကတော့ လျှော့ပေမဲ့ ကောက်တဲ့ အဖွဲ့ကတော့ အဲဒီ (၈) ဖွဲ့ အတိုင်းပါဘဲ နေရာတွေကို စုလိုက်တာဘဲ ကွာပါတယ်။

ဒါပေမဲ့ ဂိတ်ကြေး ကတော့ အရင်က ဆိုရင် ဘုရားသုံးဆူနဲ့ ချောင်းဆုံဟာ ကုန်တင်ကား တစီးကို ကျပ်(၂၅၀၀၀၀) ကျပါတယ်။ ဒါပေမဲ့ အခုတော့ (၁၅၀၀၀၀) ဘဲ ပေးရတော့တယ်“ဟု စီးပွားရေး သမားတဦးက ပြောပါသည်။

ဘုရားသုံးဆူမြို့နယ်တွင်းရှိ ဂိတ်များ လျှော့ချရေး ညှိနှိုင်း အစည်းအဝေးကို မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီ အချိန် တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူးမြို့ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သွား ပါ သည်။ အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ဘုရားသုံးဆူ မြို့တွင်းရှိ အာဏာပိုင် အဖွဲ့ပေါင်းစုံ၊ စီးပွားရေး သမားများ၊ လိုင်ကား သမားများ၊ ကရင်ငြိမ်းချမ်းရေး အဖွဲ့ ပေါင်းစုံနှင့် မွန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု အစည်း အဝေး တက်ရောက်သူက ဆိုပါသည်။

စီးပွါးရေး သမား ကုန်သည်များက ဤကဲ့သို့ ဂိတ်ကြေးများ လွန်းသည့်အတွက် စီးပွားရေး တွက်ချေ မကိုက်လာရာကနေ ဘုရားသုံးဆူ ဌာနဆိုင်ရာသို့ တင်ပြ လာသောကြောင့် ယခုကဲ့သို့ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပေးရသည်ဟုလဲ ဆိုပါသည်။

ထိုဂိတ်များသည် အရှေ့တောင်တိုင်း တိုင်းမှုး၏ ညွှန်ကြားချက်အရ ရုပ်သိမ်းရခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ မလျှော့ချပါက စီးပွားရေးအရ ထိခိုက်နေရပြီး ကုန်သွယ်မှုပါ နစ်နာခဲ့ရပါသည်။ ဘုရားသုံးဆူ နယ်စပ်သည်၊  ထိုင်းမြန်မာ နှစ်နိုင်ငံ တရားဝင် ကုန်သွယ်ရေး လမ်းကြောင်း မဟုတ်သော်လည်း နားလည်မှုဖြင့် ကုန် သွယ်နေကြပြီး  ပြည်ပ ပို့ကုန်ထက် ပြည်တွင်း သွင်းကုန်က ပိုများပါသည်။

Most read this week