မြန်မာအပေါ် ပိတ်ဆို့ထားမှုများ EU နိုင်ငံများကဆိုင်းငံ့ထား

မြန်မာအပေါ် ပိတ်ဆို့ထားမှုများ EU နိုင်ငံများကဆိုင်းငံ့ထား
by -
ရွှေဟင်္သာ

နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုမှ ယာယီ ဆိုင်းငံ့ထားသော အီးယူ ပိတ်ဆို့မှုများ အားလုံးလုံးဝ ဖွင့်ပေးမည်ဟု ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ၀ါဆောမြို့တွင် သ တင်းထောက်များကို ပြောကြားခဲ့ပါသည်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်နို်င်ငံခြားရေးဝန်ကြီး

ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski သည်၊ လာမည့်ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမြို့၌ ကျင်းပမည့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအတွက် မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ထားရန် အီးယူအဖွဲ့ဝင်နိုင်ငံများ သဘောတူညီထား ကြကြောင်း ကြေညာချက် ထုန်ပြန်ပြီးနောက် ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။

အီးယူနိုင်ငံများမှ ဆိုင်းငံ့ထားမည့် ပိတ်ဆို့မှုများထဲတွင် သစ်လုပ်ငန်း၊ သစ်အချောထည် လုပ်ငန်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများ ပါ၀င်ကြသည်။ ဤလုပ်ငန်းများ၌ ပါ၀င်သော EU ကုမ္ပဏီ (၈၀၀) ကျော်နှင့် ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ အပါ၀င် မြန်မာစစ် အစိုးရက ထိန်းချုပ်ထားသည့် ကုမ္ပဏီ (၅၂) ခု၏ ရင်းနှီးမြှုပ်နှံခွင့်တို့ အကြံုးဝင်ပါသည်။ ထို့အပြင် စစ် အစိုးရအဖွဲ့ဝင်များ၊ ၄င်းတို့နှင့် နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ဦးအပေါ်၌လည်း ဥရောပပြည်ဝင်ခွင့် ဗီဇာပိတ်ပင်မှုများ ပါ၀င်ပါသည်။

သို့သော်လည်း ဤယာယီ ဆိုင်းငံ့ထားမည့် ပိတ်ဆို့မှုများထဲတွင် စစ်လက်နက်ပစ္စည်း ရောင်းချမှုများ မပါ၀င်ခဲ့ချေ။ ပိတ်ဆို့မှု ကို (၁၂) လတိတိ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ်စောင့် ကြည့်နေမှာဖြစ်ပြီး လာမည့် အောက်တို ဘာလတွင် ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါသည်။

အကယ်၍သမ္မတ ဦးသိန်းစိန်အစိုးရသည်၊ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်၌ ဆက်လက် လျှောက်လှမ်း နေမည်ဆိုပါက (၁၂) လ မတိုင်ခင်သော်လည်း အီးယူအနေနှင့် ပိတ်ဆို့မှုများကို ပြန်လည် ရုပ်သိမ်းသွားနိုင်ဖွယ်ရှိသည်ဟုဆို ပါသည်။

ပိုလန် နိုင်ငံခြားရေးဝန်ကြီးသည်၊ ပိုလန်နိုင်ငံသည်လည်း စစ်အစိုးရ လက်အောက် ကျရောက်ခဲ့ရဖူးကြောင်း၊ အသွင် ကူးပြောင်းရေး ဆောင်ရွက်လိုက်ခြင်းအားဖြင့် ပိုလန်သည် နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ သဖြင့် မြန်မာ စစ်ဗိုလ်ချုပ်များ အနေနှင့်လည်း စံနမူနာယူစရာဟု ပြောဆိုခဲ့ပါသည်။

မြန်မာအစိုးရသည် နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးရေးကို ရည်မှန်းပြီး ပြီးခဲ့သည့် ဧပြီလ (၁) ရက်နေ့၌ လွတ်လပ်ပြီး တရားမျှတသော ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။ ဤရွေးကောက်ပွဲ၌ NLD က အပြတ်အသတ်နိုင် ခဲ့သည့်အတွက် ပိတ်ဆို့မှုများ လျှော့ပေးရန် အမေရိကန်အပါ၀င် အနောက်နိုင်ငံများက သဘောထားပြောင်းလာခဲ့ပါသည်။

Most read this week