ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ကရင်ဗုဒ္ဒ ဘာသာ တပ်မတော် တို့သည် အနာဂတ် ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် ယမန်နေ့က မြဝတီခရိုင် ဆုံဆည်းမြိုင် ကျေးရွာရှိ ဒီကေဘီအေ ဌာနချုပ်တွင် အမြင်ချင်း ဖလှယ် ခဲ့ကြပါသည်။
ထိုအမြင်ဖလှယ်မှုဆွေးနွေးပွဲတွင်၊ KNU ဖက်က ဆွေးနွေးသူများမှာ၊
၁။ ပဒိုလှငွေ (တွဲဖက်အထွေအထွေ အတွင်းရေးမှူး (၁) ---- အဖွဲ့ခေါင်းဆောင်။
၂။ ဗိုလ်ချုပ်ဖလယ်ကို ---------------------- KNLA ဒုဦးစီးချုပ်။
၃။ ပဒိုအောင်မောင်အေး ------------------- ဥက္ကဌ (ဖါအံခရိုင်)
၄။ ဗိုလ်မှူးကြီး နယ်ဒါးမြ -------------------- အဖွဲ့ဝင်
၅။ ဒုဗိုလ်မှူးကြီး နယ်ဂေါ်မြ (မောင်တေးလေး)--------------- အဖွဲ့ဝင်
၆။ ဒုဗိုလ်မှူးကြီးဖေါလို ---------------- အဖွဲ့ဝင်(၁၀၁ တပ်ရင်းမှူး)
၇။ ဗိုလ်မှူးလှဌေး ---------------- အဖွဲ့ဝင်
ဒီကေဘီအေဖက်မှ ကိုယ်စားလှယ်များမှာ
၁။ ဗိုလ်ချုပ် စောလားဖွယ်-------------- အဖွဲ့ခေါင်းဆောင်
၂။ ဗိုလ်မှူး လုံံ့လုံ------------------------ အဖွဲ့ဝင်
၃။ ဗိုလ်မှူး ဆန်းအောင် --------------- အဖွဲ့ဝင်
၄။ ဗိုလ်မှူးဟောင်း ရောဘတ်စံ-------------- အမေရိကန်နိုင်ငံ
၅။ ဗိုလ်မှူးဟောင်းကနဲနီ ------------- ကေအန်ယူ ကိုယ်စားလှယ် သြစတြေးလျားနိုင်ငံ
၆။ ဗိုလ်မှူးဟောင်း မောသို ----------------- နော်ဝေးနိုင်ငံတို့လည်း ပါ၀င်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးကြသည့်အချက်များမှာ-
(၁) အပစ်အခတ် ရပ်စဲရေး အခြေအနေကို အပြန်အလှန်ရှင်းပြခြင်း။
(၂) နိုင်ငံရေးအရ အစိုးရနှင့်ဆွေးနွေးသည့်အခါ ရပ်တည်ချက်တူညီရေး၊
(၃) အတိတ်က သင်ခန်းစာကို ယူပြီး အချင်းချင်း ပစ်ခတ်မှု မဖြစ်ရေးနှင့် မိတ်ဖက်ပဋ္ဋိပက္ခဖြင့်ဖြေရှင်းရေး။
(၄) တဖက်နှင့် တဖက်အမြင်မမှားရန်။
(၅) ကေအန်ယူ ဦးဆောင်မှုဖြင့် နို်င်ငံရေးအရလှုပ်ရှားရန်။
(၆) ကေအန်ယူနှင့် ပြန်လည်ပူးပေါင်းရေးကို တဖြည်းဖြည်း ဆွေးနွေးသွားရန် ၊ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု
ဒီကေဘီအေဖက်မှ ဗိုလ်မှူးဆန်းအောင်နှင့် ကေအန်ယူဖက်က ပဒိုလှငွေတို့က ပြောပါသည်။
“ KNU ရဲ့ လမ်းစဉ် မူဝါဒနဲ့ပတ်သက်လို့ တကြိမ်တခါမှ ငြင်းပယ်ခဲ့တာမျိုး မရှိပါဘူး။ ဖြစ်သမျှအကြောင်းကို အကောင်းလို့ဘဲ သဘော ထားပြီး၊ တစုံတရာ အခြေအနေထိ ရှေ့ဆက် အကောင်အထည် ဖေါ်သွားဦးမယ်။ အကြံဉာဏ် တွေကိုတော့ ကေအန်ယူဆီမှာဘဲ တောင်းယူရမှာပါ”ဟု ဗိုလ်မှူးဆန်းအောင်က ပြောပါသည်။
ဆွေးနွေးပြီးသည့်အခါ ဆုံဆည်းမြိုင်တွင် ရှိသည့် ဒီကေဘီအေတို့၏ ဆေးသင်တန်းနှင့် ကုတင်(၅၀)ဆေးရုံ တည်ဆောက် နေမှုကို လေ့လာခဲ့ကြပါသည်။ ထို့အတူ ပြီးခဲ့သည့် မတ်လ(၆) ရက်နေ့ကလည်း ယခုဆွေးနွေးခဲ့သော ကေအန်ယူ အဖွဲ့ သည်၊ ဗိုလ်ချုပ်ဌေမောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီ၊မှ ဗိုလ်ချုပ်ဌေမောင်၊ ဗိုလ်မှူးကြီးရင်နု ၊ အယ်ဂေါ်ထူး တို့နှင့်လည်း ဆွေးနွေးခဲ့သည်ဟု ပဒိုစောလှငွေက ပြောပါသည်။
ဒီကေဘီအေနှင့် ကေအန်ယူတို့သည်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်းတွင် ယခုဆွေးနွေးမှုသည်၊ ပထမဆုံးအကြိမ် အမြင်ချင်း ဖလှယ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဒီကေဘီအေသည်၊ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ကေအန်ယူ ထံမှ ခွဲထွက်ပြီး၊ ၁၉၉၅ တွင် တပ်အသွင် ဖွဲ့စည်းခဲ့ပါသည်။ (၂၀၁၀)ခုနှစ်တွင် ဒီကေဘီအေ နှစ်ခြမ်းကွဲပြီး၊ BGF အစိုးရ နယ် ခြားစောင့်တပ်ဖွဲ့နှင့် ဗိုလ်ချုပ်စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ ဖြစ်သွားခဲ့ပါသည်။



