အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်နယ် မဲဆွယ် ခရီးစဉ် အတွက် ယနေ့ မနက်ပိုင်းတွင် အောင်ပန်း မြို့၌ ဟောပြောခဲ့ပါသည်။ ထို့နောက် ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ကလောမြို့သို့ ဆက်လက် ထွက်ခွာ သွားခဲ့ပါသည်။

အောင်ပန်းမြို့တွင်း ဟောပြောမှုတွင် ဒေါ်အောင်ဆန်းစုကြည်သည်၊ “မိမိလာသည့် လမ်းခရီးတစ်လျှောက်တွင် တောင်ကတုံးများ တွေ့ခဲ့ရ သောကြောင့် ပြည်သူလူထုအား သစ်ပင် စိုက်ရန် ပြောကြားခဲ့ကြောင်း၊ ပြည်သူလူထုအား ဟင်းစားငါး မပေးဘဲ ငါးမျှားနည်းကို သာပေးမည် ဖြစ်ပြီး ငါးမျှားရန် နေရာကိုလည်း လုပ်ဆောင်ပေးသွားမည်ဟု ထည့်သွင်းပြောကြား သွားသည်ဟု ဟောပြောပွဲကို တက်ရောက်ခဲ့သည့် အောင်ပန်းသား တဦးကပြောပါသည်။
![]()
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်၊ ရှမ်းပြည်နယ်မှ စစ်တပ်နယ်မြေ တခုဖြစ်သော က လောမြို့ကို သွားရောက်ပြီး ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်းပြောခဲ့ပါသည်။ မိန့်ခွန်းထဲ၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖို့ တပ်မတော်ကလည်း ပူးပေါင်း ပါ၀င်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ် ပြောင်းလဲဖို့ တပ်မတော်ရဲ့ အကူအညီနဲ့ ပူးပေါင်း ပါ၀င်မှုလည်း လိုအပ်တယ်လို့ ဒေါ် အောင်ဆန်းစုကြည်က ပြောပါတယ်။
“(ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို) မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီ အခြေခံ အဆောက်အဦးက မခိုင်မြဲနိုင်ပါဘူး။ ဒီလို ပြောင်းလဲတဲ့ အချက်ကို ပြောင်းလဲတဲ့နေရာမှာ တပ်မတော်ကလည်း ပါဖို့ လိုတယ်ဆိုတာ အတိအလင်း ပြောပါရစေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေခိုင်မာမှ ကျမတို့နိုင်ငံ ခိုင်မြဲမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်း လဲဖို့ဆိုတာ တပ်မတော်ရဲ့ ပူးပေါင်းပါ၀င်မှု လိုအပ်တာမို့လို့ တပ်မတော်ကလည်း ကျမတို့နဲ့အတူတူ ဒီမိုကရေစီပန်းတိုင်ကို ချီတက်ချင်တယ်ဆိုတာကို ပြခြင်းအားဖြင့် တပ်မတော်သား အားလုံး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲပေးကြပါ။”![]()
ထို့အပြင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလက ရှိခဲ့သည့် ပြည်သူနဲ့ တပ်မတော် အပြန်အလှန် ချစ်ခင်မှု၊ အားကိုးမှု ရှိခဲ့တဲ့ အ ခြေအနေမျိုး အခုလည်း ဖြစ်စေချင် ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေး အရေးကြီးတဲ့ အကြောင်း၊ တရားဥပဒေ စိုးမိုးရေးဟာ ပြည်သူလူထုကို အကြောက်တရားကနေ အကာအကွယ် ပေး နိုင်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ကလောမြို့ခံ အန်အယ်ဒီ ပါတီဝင် တဦးကပြောပါသည်။
ကလောမြို့တွင် ယနေ့နေ့လည် ၁၂ နာရီ ၀န်းကျင်တွင် ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၂ နာရီခွဲဝန်းကျင်တွင် ကလောမြို့မှ ဟဲဟိုးမြို့သို့ ထွက်ခွာသွားခဲ့သည်ဟု သိရပါသည်။ ဒေါ်အောင်ဆန်းစု ကြည်သည်၊ ကြားဖြတ်ရွေး ကောက်ပွဲ စည်းရုံးရေးအတွက် ထားဝယ်၊ ပုသိမ်၊ လှည်းကူး၊ ဖျာပုံ ၊ မြစ်ကြီးနား နှင့် ရှမ်းပြည် နယ်သို့ ခရီးထွက်ခဲ့ပြီးဖြစ် ပါသည်။



