DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်

DKBA နှင့် အစိုးရတို့၏ လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေး သဘော တူညီချက်
by -
ရွှေဟင်္သာ

အစိုးရ၏ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့နှင့် တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) တို့ ဒုတိယနေ့ အဖြစ် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) တပ်မဌာနချုပ်၌ ဆက်လက်ဆွေးနွေး ခဲ့ပါသည်။ ဤ ဆွေးနွေးပွဲမှ နှစ်ဖက်တပ်များ၊ နေရာ ချထားရေးနှင့် လက်နက်ကိုင် ပဋ္ဋိပက္ခ မဖြစ်ရေးကို အောက်ပါ အတိုင်း သဘောတူညီ ခဲ့ပါ သည်။

DSC01991
 ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ကလို့ထူးဘောမှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြံုရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။

(၁) မယ်တဝေါဒေသတွင် လှုပ်ရှားနေသော၊ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့အား၊ ဗိုလ်ချုပ်စော လားဘွယ်ဦး ဆောင်သော ကလို့ထူးဘော လက်အောက်ခံ တပ်ဖွဲ့ဖြစ်ေြ့ာင်း သဘောတူသည်။ စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတို့ တပ်ဖွဲ့ လက်နက် အပြည့်အစုံ ကိုင်ဆောင်၍ မြိုင်ကြီးငူသို့လည်း ကောင်း၊ ပတ်ဝန်းကျင်ဒေသသို့ လည်းကောင်း၊ လုံးဝဝင် ထွက်သွား လာခွင့် မရှိကြောင်း သဘောတူသည်။

(၂) အခြားမည်သည့် ပုဂ္ဂိုလ်တဦးဦးမှ ခေါင်းဆောင်၍ လည်းကောင်း၊ လိုက်ပါ၍ လည်းကောင်း၊ မြိုင်ကြီးငူ ပတ်ဝန်းကျင်ဒေသသို့ လက်နက်ခဲယမ်း အပြည့်အစုံ ကိုင်ဆောင်၍ လိုက်ပါလာပြီး အခြေချခြင်း မပြုရန် သဘောတူသည်။

(၃) ကလို့ထူးဘော တပ်ဖွဲ့ဝင်များသည်၊ မြိုင်ကြီးငူဒေသဝန်းကျင်တွင် လက်နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေးအတွက် အစိုးရ တပ်မတော်နှင့်လည်းကောင်း၊ တပ်မတော် ကွပ်ကဲမှုအောက် တပ်ဖွဲ့များနှင့် လည်းကောင်း၊ ရန်ဖက်အသွင် မဆောင်ဘဲ မိတ်ဖက်အဖြစ် ဆက်ဆံသွားရန် သဘောတူသည်။

(၄) သတ်မှတ်သည့်နေရာ၌ အခြေပြုရန် သဘောတူထားသည့် ကလို့ထူးဘော တပ်ဖွဲ့ဝင်များ၏ နေထိုင်ရေး၊ စားဝတ်နေ ရေး၊ များကို အစိုးရမှ ကူညီဆောင်ရွက်ပေးရန် သဘောတူသည်။

(၅) စောသန်းရွှေခေါ် ဗိုလ်မှူးချုပ် ဘိုဘိတပ်ဖွဲ့ဝင်များ၊ နယ်မြေကျော်လွန်၍ သွားလာလှုပ်ရှားမှုများကို ဒေသခံ တပ်မှူးများ၊ နှင့်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။

(၆) ဗိုလ်ချုပ်စောလားဘွယ် ဦးစီးသော ကလို့ထူးဘော တပ်ဖွဲ့ဝင်များ အားလုံး၏ ယူနီဖေါင်းတွင် ရင်ဘတ်၊ လက်မောင်းတံ ဆိပ်များကို ကလို့ထူးဘော တံဆိပ်တပ်ဆင်၍ သွားလာခြင်းမပြုဘဲ ကြိုတင်ညှိနှိုင်း၍ ပြည်နယ်တွင်း သွားလာရန် သဘော တူသည်။

(၇) တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာ တစုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက် ဖြင့်မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေရှင်းသွားရန် သဘောတူသည်။
DKBA နှင့် အစိုးရတို့ တွေ့ဆုံ ဆွေးနွေးပုံ (ဓါတ်ပုံ - DKBA ပြန်ကြားရေး)
ထို့အပြင် ကလို့ထူးဘော တပ်ဖွဲ့အား၊ ဆန်အိတ်တထောင်၊ ဆားတထောင်ပိသာနှင့် ဆီ (၅) ပုံး ပေးအပ်ခဲ့ပါ သည်။ ဤတွေ့ဆုံပွဲ၌ ဒီကေဘီအေဖက်မှ ဗိုလ်မှူးချုပ် စောမိုရှေး ဦးဆောင်ပြီး၊  စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ် ဘိုဘိ၊ ဗိုလ်မှူးကြီး စောမောင်လေး ( မြဝတီရုံး ဆက်ဆံရေးတာဝန်ခံ)၊ ဗိုလ်မှူးစောလုံလုံ၊ ဗိုလ်ကြီးစောကိုမျိုးတို့ အပါ၀င် အဖွဲ့ဝင် (၇)ဦး တက်ရောက်ခဲ့ပြီး၊ အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ၊ဖေါ်ဆောင်ရေးမှ ဦးအောင်သောင်း၊ ဦးဇော်ဝင်း (နယ်စပ်ရေး ရာဝန်ကြီး)၊ ဦးဇော်မင်း (ကရင်ပြည်နယ်ဝန်ကြီးချုပ်)၊ စောခင်စိုး (ပြည်ထောင်စု ငြိမ်းချမ်းရေး၊ ဖေါ်ဆောင်ရေးအဖွဲ့) နှင့်စစ် ဖက်ခေါင်းများက တက်ရောက်ဆွေးနွေးခဲ့ပါသည်။

Most read this week