ကရင့်ရေးရာ နှီးနှော ဖလှယ်ပွဲကြီး စတင် ကျင်းပရန်ရှိ

ကရင့်ရေးရာ နှီးနှော ဖလှယ်ပွဲကြီး စတင် ကျင်းပရန်ရှိ
by -
ရွှေဟင်္သာ

ကရင့် လူမျိုးရေးရာ နှီးနှော ဖလှယ်ပွဲ တရပ်ကို လာမည့် ဖေဖေါ်ဝါရီ (၂၇) ရက်နေ့မှ မတ်လ (၁) ရက်နေ့ အထိ ကျင်းပရန်ရှိ သည်ဟု ဆွေးနွေးပွဲကို တက်ရောက်မည့် ကိုယ်စားလှယ် တဦးက ဆိုပါသည်။ ဤဆွေးနွေးပွဲကို ကရင်ပြည်နယ် ဖါပွန်မြို့ နယ်၊ သံလွင်မြစ်ချောင်း နံဘေးရှိ KNU နယ်စပ် စခန်း တနေရာ၌ ကျင်းပမည်ဖြစ်ပါ သည်။

ဤဆွေးနွေးပွဲ၌ KNU နှင့်ပါတ်သက်သည့် အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးနှင့် ငြိမ်းချမ်းရေး သဘောထားများ၊ ကရင်စာပေ ယဉ်ကျေးမှုနှင့် ပါတ်သက်သည့် အခြေအနေများ၊ ကျန်းမာရေးများ၊ လူမှုဖုံလှုံရေးနှင့် ပြည်တွင်း ဒုက္ခသည်များ ပြန်လည်နေရာ ချထားရေးများ၊ နှင့် အခြားကရင့်ရေးရာ ကိစ္စများဆွေးနွေးကြမည်ဟု ဆိုပါသည်။

“ ပြည်တွင်း ဒုက္ခသည်များ အရေးမှာ နေရာချဖို့ ဦးသိန်းအစိုးရကလည်း လက်ခံသလို၊ ကေအန်ယူက လည်းလက်ခံ ပါတယ်။ ဒါကို ထည့်သွင်း စဉ်းစားသွားမှာပါ။ အခုဖြစ်နေတာက ဦးသိန်းစိန် အစိုးရက လက်ခံတယ်ဆိုပေမဲ့ နေရာချထားပြီး ရင် စစ်တပ်က မောင်းထုတ်လိုက်ရင်လည်း မဖြစ်ဘူးလေ။ ပြည်တွင်းဒုက္ခသည်တွေရဲ့ ဆန္ဒကတော့ နေရာချရင် အတည် ဖြစ်ဖို့ပေါ့လေ။ ခဏခဏပြောင်းနေရရင် မဖြစ်ဘူးတဲ့။ အဲဒီလိုဘဲ ပြည်ပ ဒုက္ခတွေ ကလည်း မပြန်ရဲသေးဘူးလေ။ ဒါမျိုးတွေ ပေါ့လေ။ စိတ်ဝင်စားတဲ့ ကရင်တွေအားလုံး ဆွေးနွေးကြမှာပါ။ တက်ရောက်ချင်တဲ့ သူတွေရှိရင်လည်း မဲဆောက်က ကေအန်ယူ အဖွဲ့အစည်းထံမှာ စုံစမ်းနိုင်ပါတယ်။ ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးက ဆိုပါသည်။

ပြည်ပရောက် ကရင်တွေလည်း တက်ရောက်ကြမည်ဖြစ်ပါသည်။ အထူးသဖြင့်၊ အမေရိကန်၊ အစ္စရေး၊ တောင်ကိုးရီးယား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ နယူးဇီးလန်၊ သြစတြေးလျ၊ လန်ဒန်နဲ့ နော်ဝေးဆွီဒင်က ကရင်လူမျိုးများလည်း တက်ရောက် ကြမည်ဖြစ်ပါသည်။

ဤကဲ့သို့ဆွေးနွေးပွဲမျိုး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ ဒုတိယ အပါတ်ကလည်း မဲဖေါ်ဂေ ဒေသ၌ ရှိသည့် မဲသရစ်မှ သေ့ဘေ့ဗွာထ စခန်း (ပဒိုမန်းရှာအား သင်းဂြိုဟ်သည့်နေရာ)တွင်လည်း ကျင်းပခဲ့ကြပါသည်။ ၄င်းဆွေးနွေးပွဲတွင် အစိုးရနှင့်ဆွေးနွေးရေး နှင့် အပစ်အခတ် ရပ်စဲရေးကို ဦးစားပေးပြီး ဆွေးနွေးခဲ့ကြပါသည်။ ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး၊ အကြောင်းအ ရာများ ပိုမို ကျယ်ပြန့်သည့် အပြင် တက်ရောက် သူများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ထားသည်ဟု ဆွေးနွေးပွဲတက် ရောက်သူများက ပြောကြားခဲ့ပါသည်။

Most read this week