ဦးသိန်းစိန် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်သင့်မသင့် ကရင်လူထု ဆန္ဒကို ရယူရန် ကေအန်ယူသည်၊ ဖေဖေါ်ဝါရီလ (၈၊၉၊၁၀) ရက်နေ့ (၃) ရက်တိုင် ဆွေးနွေးပွဲ (Workshop) တရပ်ကို ကရင်ပြည်နယ် ဖါပွန်မြို့နယ် တနေရာတွင် ကျင်းပ ခဲ့ပါသည်။
ယင်းဆွေးနွေးပွဲသို့ ပြည်တွင်းပြည်ပ ကရင် ပညာရှင် များနှင့် လူထုလူတန်းစား အဖွဲ့အစည်းများက တက်ရောက်ကြပါသည်။ သတင်းပေါက်ကြားမှုကို စိုးရိမ်သည့်အတွက် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး တယ်လီဖုန်း အဆက်အသွယ် မရှိသည့် နေရာ၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ဖိတ်ကြားခံရပြီး ကျန်းမာရေးအရ မသွားရောက်နိုင်သူ ကရင်နိုင်ငံရေး သမားတဦးက ပြောပါ သည်။
“ ကျနော်က ဆွေးနွေးချင်တယ်၊ ခရီးဝေးတော့ မသွားနိုင်ဘူးလေ၊ အပစ်အခတ်ရပ်စဲရေးကို ကျနော်အနေနဲ့ လက် ခံတယ် ။ ဒါပေမဲ့ အပစ်ရပ်ပြီးရင် ကျနော်တို့ ဘာလုပ်ကြမှာလဲ မေးစရာပါ။ ကရင်အဖွဲ့အစည်းတွေ အချင်း ဘယ်လိုညီ ညွတ် မှုတွေတည် ဆောက်ကြမလဲ၊ ပြီးတော့ပြန်ကြဲနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ လူထုအနေအထား၊ အစိုးရနဲ့ ဘာကိုဆွေးနွေးကြမလဲ၊ နောက်စီးပွားရေး၊ ပြည်နယ်လူ့ အခွင့်အရေးနဲ့ ဒုက္ခသည်ပြသနာ တွေကို ဒီလိုပွဲမျိုးမှာ အကြံပေး ချင်ပါတယ်။ ဒါပေမဲ့ မသွားနိုင်တော့ဘူး လေ။ ဖြစ်သင့်တာက အဆင်ပြေတဲ့နေရာမှာဘဲ ကျင်းပသင့်ပါတယ်” ဟု ကျင်းပသို့ မတက်ရောက်နိုင်သည့် ဖိတ်ကြားခံရသည့် ကရင်နိုင်ငံရေးသမားတဦးက ဆိုပါသည်။
KNU သည် ပြီးခဲ့သည့် ဇန္နာဝါရီလ (၁၂) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူလက် မှတ်ရေးထိုးခဲ့ပါသည်။ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂)မြို့ပေါ် ဆက်ဆံရေးရုံး၊ ထားရှိရေး နှင့် (၃) တပ်ဖွဲ့များ အပြန်အလှန် အသိပေးပြီး သွားလာရေး၊ တို့ကို မူအရ သဘောတူထားခဲ့ပြီး ဆက်လက် ဆွေးနွေးရန်၊ လက်မှတ်ရေးထိုးခဲ့ပါသည်။ ပြည်နယ်အ ဆင့်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် နိုင်ငံရေး အရ နောက်တဆင့်ဆွေးနွေးရန် ဖြစ်ပါသည်။
Karen_agreeယခုကျင်းပသော (KNU Workshop) သည်၊ အပစ်အခတ် ရပ်စဲရေး လုပ်သင့်မလုပ်သင့် ဆွေးနွေးရန်နှင့် ကေအန်ယူ၏ အနာဂတ် နိုင်ငံရေး လုပ်ငန်းလမ်းစဉ်များကို ကရင်ပြည်သူထံမှ တောင်းဆိုနေခြင်းဖြစ်ပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်၊ (၁၉၉၀) ခုနှစ်မှ (၂၀၀၀) ခုနှစ်ကြား ၌ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး အတွက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။ သို့သော် ဤအထဲ၌ ကေအန်ယူသည်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး မလုပ်ခဲ့ ဘူးသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်ပါသည်။
ဤအကြိမ်၌မူ ကေအန်ယူသည်၊ မလွဲမရှောင်သာ အပစ်အခတ် ရပ်စဲရတော့မည်ဟု အတိုင်အခံနိုင်ငံရေး သမားများက သုံး သပ်နေသလို ကရင်နိုင်ငံရေး သမားတချို့ကလည်း လက်ခံခဲ့ပါသည်။ ကေအန်ယူ ဇန္နာဝါရီလ (၁၂)ရက်နေ့မှ နောက် (၄၅) ရက်အတွင်း (ဖေဖေါ်ဝါရိလကုန်)၌ အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် နောက်ထပ်ဆွေးနွေး ရမည်ဖြစ်ပါသည်။



